ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
နိုဝင်ဘာ 28, 2020 နေ့
ကျန်းမာရေးနှင့် စီးပွားရေး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

တစ်နေ့သ၌ ကျွနု်ပ်ထံသို့ ပြည်မြို့မှမခင်မြဆိုသူရောက်ရှိလာလေ၏။ ၄င်းမခင်မြသည် အရေးအကြောင်းရှိလျှင်ရှိသလို ကျွနု်ပ်ထံသို့ ဗေဒင်လာမေးမြဲဖြစ်လေ၏။ ကျွနု်ပ်က “ မခင်မြရယ် နီးနီးနားနား ဗေဒင်ဆရာတွေဆီမှာမေးပါလား” ဟုပြောလိုက် လျှင် မခင်မြက ” ကျွန်မတို့ကဗေဒင်လာမေးတာမဟုတ်ဘူးဆရာရဲ့ လူလာမေးတာ၊ ဆရာလည်းတစ်ခါတစ်လေ ဟိုးအဝေးကြီး က ထမင်းဆိုင်ကို သွားပြီးစားတတ်တယ်မဟုတ်လား။ ထမင်းကတော့ဆရာ့အနားလေးမှာလည်း ဆိုင်တွေရှိနေတာပဲ၊ အဲဒါကို ဟိုးအဝေးကြီးကဆိုင်ကိုသွားပြီးစားတယ်ဆိုကတည်းက ထမင်းကိုစားတာမဟုတ်ဘူး ဆိုင်ကိုစားတာဖြစ်သွားပြီလေ လောကကြီး မှာ အဲဒါမျိုးတွေအများကြီးပါဆရာရဲ့။ မော်လမြိုင်ကမိခင်က သူတို့ကလေးကို ပြင်ဦးလွင်မှာ ကျူရှင်သွားထားတာရှိသလို၊ မန္တ လေးကမိဘတွေကလည်း သူတို့ကလေးကို ပြည်မှာလာပြီးကျူရှင်ထားတာတွေလည်းရှိပါတယ်။ အဲဒါလည်းဘာလဲဆိုတော့ ပ ညာချင်းကတော့အတူတူပါပဲ။ ဘယ်ကျူရှင်၊ ဘယ်ကျောင်းဆိုတာ ရွေးချယ်တဲ့သဘောပေါ့ဆရာရယ်။ အခုလည်းကျွန်မတို့က ဗေဒင်ကိုမေးချင်တာမဟုတ်ဘူး။ ဆရာဇင်ယော်နီဆိုတာပြောပြတဲ့စကားကို ကြားချင်လို့လာခဲ့တာဆရာရဲ့” ဟုပြောပြလေတော့ ၏။


ထို့ကြောင့်ကျွနု်ပ်လည်း ” အင်း ကျုပ်ကလည်း မခင်မြပြောတဲ့စကားတွေကိုကြားချင်လို့ ပြည်ကိုလာရမယ့်ပုံပဲ။ ဒါနဲ့ လာ ရင်းကိစ္စကိုပြောစမ်းပါဦး” ဟုမေးလိုက်ရာ မခင်မြက ” ဒီလိုဆရာရယ်၊ ကျွန်မတို့မောင်နှမနှစ်ယောက် ၀ါကျွတ်မှာအိမ်ပြောင်းကြမ လို့ ကျွန်မကမောင်လေးရဲ့အိမ်ကိုပြောင်းမှာ၊ မောင်လေးက ကျွန်မတို့အိမ်ကိုပြောင်းမှာ၊ မောင်နှမနှစ်ယောက်အိမ်အလဲအထပ် လုပ်ပြီး ပြောင်းကြမှာလေဆရာရဲ့၊ အဲ့ဒါကြားဖူးနားတွေဝနဲ့တွက်ကြည့်တော့ နှစ်ယောက်လုံးအတွက်နဂါးလှည့်တွေကမကိုက်ဘူး ဖြစ်နေတယ်။ မပြောင်းလို့ကလည်းမရတော့ဘူးဆရာရဲ့၊ အဲဒါ နဂါးလှည့်အဆင်မပြေတဲ့ကိစ္စ ဒုက္ခမရောက်အောင် ဘာလုပ်ရမလဲ သိချင်လို့ လာခဲ့တာပါ” ဟုပြောပြလေ၏။ ကျွနု်ပ်က “ ဟုတ်တာပေါ့ဗျာ ဒါလည်းအရေးကြီးတာပေါ့ ကျုပ်တို့အဘဆရာကြီး မင်းသိ င်္ခပြောသွားတဲ့ နည်းလေးတစ်ခုရှိတယ်ဗျာ။ အဲဒီနည်းလေးကမခင်မြတို့အတွက် တည့်တည့်ကြီးအသုံးဝင်ပါလိမ့်မယ်” ဟုပြော လိုက်လျှင် မခင်မြက “ တစ်ခုတော့ရှိတယ်နော်ဆရာ၊ နတ်နဲ့နဂါးမလှည့်စားကောင်းဘူးလို့လဲ ကြားဖူးတယ်။ ကျွန်မတို့က ဘာမှ နားလည်တာမဟုတ်ဘူး။ အဲဒါတော့ကြောက်တယ်ဆရာ နဂါးကိုလှည့်စားတဲ့နည်းများဖြစ်နေမလား” ဟုမေးလေ၏။ ကျွနု်ပ်က စီး ကရက်တစ်လိပ်ကို မီးညှိ၍ရှိုက်ဖွာလိုက်ပြီးသည့်နောက်တွင်မှ

“ အဲဒီနဂါးကလည်းဗျာ လူကိုကျတော့ လူကိုဖမ်းစားမယ် ဒုက္ခပေးမယ်၊လူကလှည့်စားတာလေးကျတော့ မခံနိုင်ဘူးဆို တော့ တော်တော်နဂါးပါးဝတာပဲ။ ပြီးတော့ နဂါးပြည်ရောက်သွားတဲ့သူကို သူလုပ်ချင်တာလုပ်မယ်ဆိုတာကတော်ပါသေးတယ်။ လူတွေနေတဲ့နေရာကို နဂါးကအနိုင်ကျင့်တဲ့သဘောဆိုရင်တော့မခံချင်စရာပေပဲဗျ။ ပြီးတော့ နတ်နဲ့နဂါးမလှည့်စားကောင်းဘူးဆို တော့ လူအချင်းချင်းကြတော့ လှည့်စားချင်လှည့်စားခွင့်ရှိတယ်ဆိုတဲ့သဘောပေါ့လေ။” ဟုပြောလိုက်ရာ မခင်မြလည်း မဲ့သလို ပြုံးသလိုဖြစ်လျက် “ ပြောပါဆရာရယ် ဘယ်တွေရောက်ကုန်မှန်းလည်းမသိတော့ပါဘူး။ ဆရာတို့ဆရာကြီးသင်ပေးသွားတယ်ဆို တဲ့နည်းကိုသာ ပြောပြလိုက်ပါတော့” ဟု တိုက်တွန်းလေတော့၏။

ထို့ကြောင့် ကျွနု်ပ်က “ ဒီလိုပါဗျာ အိမ်ပြောင်းတာတို့၊ ဆိုင် ပြောင်းတာတို့၊ နေရာပြောင်းတာတွေလုပ်တဲ့အခါမှာ ကြာသပတေးသားသမီးတစ်ယောက်ယောက်ကို ပါအောင်ခေါ်သွားရတယ် ဗျ။ ကြာသပတေးဆိုတာကကြွက်လေဗျာ။ ရှေးလူကြီးတွေက ” နဂါးကြီးဗိုက် ကြွက်ကြီးဖောက်” ဆိုပြီး လမ်းညွှန်သွားခဲ့ကြတယ် ဗျ။ နဂါးကဘယ်ဘက်ကိုပဲလှည့်လှည့် ကြွက်ကဖောက်သွားနိုင်တယ်ဆိုတဲ့အယူအဆပေါ့ဗျာ။ အဲဒီတော့ မခင်မြတို့မောင်နှမ လည်း အိမ်ပြောင်းကြတဲ့နေ့ ကြာသပတေးသမီးကိုအပါခေါ်ပြီး နဂါးကြီးဗိုက်ကြွက်ကြီးဖောက်ဆိုတဲ့ထုံးကို အသုံးချကြပေတော့ ဗျို့” ဟုပြောပြလိုက်ရပါလေတော့သတည်း။



ဆက်စပ်ဆောင်းပါးများ

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ