သမိုင်းထဲက အတွင်းဝန်ရုံး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
July 19, 2020 နေ့
ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အာဇာနည်နေ့ဆိုတာ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ဘယ်တော့မှဖျောက်မရ၊ မေ့မရနိုင်တဲ့ နေ့ရက်တစ်ခုဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ အတိတ်ကိုပြန်ပြောင်းသတိရရင်း ရေးရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အစိုးရအဖွဲ့ဝင်ဝန်ကြီး ၆ဦး၊ အတွင်းဝန်တစ်ဦး၊ ကိုယ်ရံတော်တစ်ဦးတို့သည် ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးတွင် အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ နာမည်များဖြင့် ဖော်ပြရမယ်ဆိုရင်တော့ ထိုလုပ်ကြံခံခဲ့ရသူများမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအုန်းမောင်၊ မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်း၊ ဦးဘဝင်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇာတ်နှင့် ရဲဘော်ကိုထွေးတို့ဟာ တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအတွက် အသက်စွန့်လှူခဲ့ရတာဖြစ်ပါတယ်။ ထို့နည်းတူစွာပဲ ဝန်ကြီးများရုံးအဆောက်အဦသည်လည်း သမိုင်းဝင်နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။
ဝန်ကြီးများရုံးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များခေါင်းဆောင်များ အသက်ပေးလှူခဲ့သည့်နေရာအဖြစ်သာ လူအများသိရှိထားခဲ့ပြီး မြန်မာ့သမိုင်းတွင် အရေးပါသည့် အခြားသော အကြောင်းအရာများလည်းရှိနေတာသေးတာကို သိစေလိုသည့်အတွက် ယခုဆောင်းပါးကို တင်ဆက်လိုက်ခြင်းဖြစ်ပါတယ်။


ဝန်ကြီးများရုံးရဲ့ သမိုင်းကြောင်းကို စတင်လေ့လာကြရအောင် ….. ဝန်ကြီးများရုံးကို ၁၈၈၉ ခုနှစ်မှာ ကိုလိုနီအစိုးရရဲ့ ရုံးလုပ်ငန်းများ လုပ်ဆောင်နိုင်ဖို့အတွက် ဗစ်တိုးရီးယန်းစတိုင် အဆောက်အအုံကြီးအဖြစ် စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးများရုံးရဲ့ အဆောက်အအုံဒီဇိုင်းကို ရေးဆွဲခဲ့သူမှာ ဗိသုကာ အင်ဂျင်နီယာချုပ် Henry Hoyne-Fox ဖြစ်ပြီး တောင်ဘက်အဆောင် (ယခု မဟာဗန္ဓုလလမ်းနှင့် အပြိုင်) ကို ၁၈၉၃ မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ၁၉၀၃ခုနှစ်မှာ အရှေ့ဘက်နှင့် အနောက်ဘက်အဆောက်အအုံကို ဆက်လက်တည်ဆောက်ခဲ့ပြီး ၁၉၀၅ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး ငွေကျပ် ၂၅သိန်းကျော်ကုန်ကျခဲ့ပါတယ်။ ထိုအချိန်ကစပြီး အတွင်းဝန်ရုံးလို့သာအမည်တွင်စေခဲ့ပြီး ကြီးမားလှတဲ့ ပရဝဏ်ကြီးဖြစ်တာမို့ အစိုးရရုံးစိုက်ရာဖြစ်ခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ ရဲအရေး၊ အခွန်၊ သစ်တောရေး၊ ဘဏ္ဍာရေးနှင့် တရားစီရင်ရေး၊ စည်ပင်သာယာရေး အစရှိတဲ့ အစိုးရရုံးဌာနတွေစိုက်ရာ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်တစ်ခုလုံးကို စီမံအုပ်ချုပ်ခဲ့ပါတယ်။ ထိုစဉ်အချိန်ကာလမှာတော့ အများပြည်သူ အပန်းဖြေနိုင်အောင် ညနေပိုင်း များမှာ ခြံဝင်းကိုဖွင့်လှစ်ပေးလေ့ရှိခဲ့ပါတယ်။
၁၉၂၃ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေး၊ ၁၉၃၂ ခုနှစ် အိန္ဒိယမှ ခွဲထွက်ရေးအတွက် မြန်မာ့ဥပဒေပြုရေးကောင်စီရဲ့ရွေးကောက်ပွဲ၊ ၂၉၇၃ခုနှစ်မှာ အိန္ဒိယနိုင်ငံက ခွဲထွက်ပြီးနောက်ပိုင်း ၁၉၃၅ခုနှစ် မြန်မာနိုင်ငံအုပ်ချုပ်ရေးအက်ဥပဒေ အဖြစ် ပြောင်းလဲမှုများအားလုံးဟာ အတွင်းဝန်ရုံးကသာ စတင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများဟာ နိုင်ငံရေးမှာပါဝင်လာကြပြီး ကိုလိုနီအစိုးရကို မကြာခဏဆိုသလို ဆနပြကြပါတယ်။ အထင်ကရဖြစ်ခဲ့တာကတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများက အထက်မြန်မာပြည်မှ ချီတက်လာတဲ့ အလုပ်သမားများနဲ့ပူးပေါင်းပြီး ဆန္ဒပြခဲ့တဲ့အတွက် ကိုလိုနီအစိုးရက ဆန္ဒပြကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပါတယ်။ ထိုဖမ်းဆီးခံကျောင်းသားခေါင်းဆောင်များကို ပြန်လွှတ်ပေးဖို့ ဒီဇင်ဘာ ၂၀၊ ၁၉၃၈ မှာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဟာ အတွင်းဝန်ရုံးကို ချီတက် ဆန္ဒ ပြခဲ့ပါတယ်။ ဆန္ဒ ပြကျောင်းသားများကို စစ်ပုလိပ်များက ဖြိုခွင်းခဲ့ပြီး ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ဟာ အင်္ဂလိပ်ရဲတွေရဲ့ ရိုက်နှက်ခံရတဲ့ဒဏ်ကြောင့် ကျဆုံးခဲ့ရပါတယ်။ ထိုအကြောင်းအရာကို အစွဲပြုပြီး အတွင်းဝန်ရုံးရဲ့ အနောက်ဘက်မှာရှိတဲ့လမ်းကို ဗိုလ်အောင်ကျော်လမ်းလို့ ခေါ်တွင်ခဲ့ကြခြင်းဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်အဆောက်အအုံသည် အတွင်းဝန်ရုံးပရဝဏ်အတွင်းမှာတည်ရှိပြီး စနစ်တကျတည်ဆောက်ထားတာကို ယနေ့တိုင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ထိုအဆောက်အအုံငယ်အတွင်းမှာ ၁၉၄၇ခုနှစ် ၁၉၆၂ခုနှစ်အထိ လွှတ်တော်အစည်းအဝေးများကို ကျင်းပခဲ့တယ်လို့ သမိုင်းအထောက်အထားများအရ လေ့လာခွင့်ရရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးများကို ထိုအဆောက်အအုံမှာ ကျင်းပခဲ့တာဖြစ်ပြီး လွတ်လပ်ရေးအတွက်လည်း ဆွေးနွေးခဲ့တဲ့နေရာဖြစ်ပါတယ်။ ထိုအဆောက်အအုံမှာ ၁၉၄၇ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ တိုင်းပြုပြည်ပြုလွှတ်တော်အစည်းအဝေးကို ၁၅ကြိမ်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပြီးတဲ့အခါမှာတော့ အဆိုပါလွှတ်တော်ကို လွှတ်တော်နှစ်ရပ်ပါဝင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံလွှတ်တော်အနက် တစ်ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်အဖြစ်အသုံးပြုခဲ့ပါတယ်။
၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်နေ့ မနက်ပိုင်းမှာ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပနေချိန် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရမှုဖြစ်ပွားခဲ့ပြီး တိုင်းပြည်အတွက် အစားထိုးလို့မရတဲ့ သမိုင်းဝင်ဆုံးရှုံးမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်ဦးဆောင်တဲ့ အစိုးရအဖွဲ့အလုပ်အမှုဆောင်အစည်းအဝေးကို ဘုရင်ခံအိမ်တော်မှာ ကျင်းပလေ့ရှိပေမယ့် ၁၉၄၇ ခုနှစ်အစောပိုင်းလောက်မှစကာ လွတ်လပ်သော မြန်မာနိုင်ငံ၏ ခရီးစဉ်အတွက် ဘုရင်ခံက အစည်းအဝေးများမှာ မပါဝင်တော့ဘဲ ဒုဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ကာ အတွင်းဝန်ရုံးရှိ ကောင်စီရုံးခန်းမှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဗိုလ်ချုပ်အသက်ပေးကာ ကြိုးပမ်းခဲ့သည့် မြန်မာ့လွတ်လပ်ရေးကို ၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှာရရှိခဲ့ပြီး မနက် ၄နာရီ မိနစ်၂၀ အချိန်မှာ အတွင်းဝန်ရုံးရှိ လွှတ်တော်အဆောက်အအုံရှေ့တွင် ယူနီယံအလံကို ဖြုတ်ချပြီး မြန်မာနိုင်ငံတော်သီချင်းတီးမှုတ်ကာ မြန်မာနိုင်ငံတော်အလံကို လွှင့်တင်ခဲ့ကြတာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအစိုးရသစ်၏ ဝန်ကြီးဌာနများနဲ့ အစိုးရရုံးဌာနများကို အတွင်းဝန်ရုံးမှာပဲ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးများရုံးလို့ အမည်ပြောင်းလဲခေါ်ဆိုခဲ့ကြပါတယ်။


ဝန်ကြီးများရုံးကို ၂၀၁၄ခုနှစ်မှာ အများပြည်သူများအား ဝင်ရောက်လေ့လာခွင့်ရရှိခဲ့ပါတယ်။ ဝန်ကြီးများရုံးပရဝဏ်အတွင်းမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးလွှတ်တော်၊ လွှတ်လပ်ရေးနေ့အလံတင်အခမ်းအနား ကျင်းပရာနေရာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံခဲ့ရတဲ့ အစည်းအဝေခန်းမနှင့် ဝန်ကြီးများရဲ့ ရုံးခန်းများကို လေ့လာနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးလွှတ်တော်အဆောက်အဦနေရာအနီးနားတွင် အာဇာနည်ခေါင်းဆောင်များ၏ အထုပ္ပတ္တိကို ရေးသားထားသည့် ကဗ္ဗည်းကျောက်ပြားများလည်း တွေ့ရှိရမှာဖြစ်ပြီး အာဇာနည်များအသက်ဆုံးခဲ့ရသည့် အချိန်များကိုလည်း မှတ်တမ်းရေးသားထားတာကို လေ့လာနိုင်မှာဖြစ်ပါတယ်။
ယခုအခါမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့နှင့် အနော်မာ အနုပညာအဖွဲ့တို့ပူးပေါင်းကာ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရသည့် အစည်းအဝေးခန်းမကို အာဇာနည်ကြီးများရဲ့ မိသားစုဝင်များ၏ ဆန္ဒ အတိုင်း ၁၉၄၇ ခုနှစ်က အသုံးပြုခဲ့သည့် အနေအထားအတိုင်းပြန်လည်ပြင်ဆင်ထားရှိနိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျှက်ရှိ ကြပါတယ်။
ယခုအခါမှာ အနော်မာ အနုပညာအဖွဲ့နှင့်အတူ အမွေအနှစ်ထိန်းသိမ်းဆောက်ရှောက်ရေးအဖွဲ့ဖြစ်တဲ့ Yangon Heritage Trust (YHT) မှလည်း နိုင်ငံရေးအရ၊ သမိုင်းကြောင်းအရ၊ ဗိသုကာလက်ရာအရ ထူးခြားလှတဲ့ အတွင်းဝန်ရုံးကို စနစ်တကျထိမ်းသိမ်းစောင့်ရှောက်ထားပါတယ်။
The Secretariat လို့လည်းခေါ်တွင်တဲ့ အတွင်းဝန်ရုံးကို ပြန်လည်မွမ်းမံမှုများကို လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရုံးအဖွဲ့ဟာ ရှေးဟောင်းအမွေအနှစ်အဆောက်အဦများကို စိတ်ဝင်စားသူများဖြစ်သည့်အားလျော်စွာ ပြည်သူများကို စတင်ဝင်ရောက်လေ့လာခွင့်ပြုတာကို သိတာနဲ့ ကျွန်တော်တို့ Myanmar Home & Décor မှ သွားရောက်လေ့လာခဲ့ပါတယ်။ ဝန်ကြီးများရုံးအတွင်း လေ့လာရေးခရီးစဉ်ကို လူဦးရေကန့်သတ်ချက်များနဲ့သာ ပေးဝင်ခဲ့ချိန်ဖြစ်လို့ ကျွန်တော်တို့တော်တော်လေး ရင်ခုန်ခဲ့ပါတယ်။ ထိုအချိန်များမှာ လေ့လာရေးခရီးစဉ်ပြုလုပ်ပေးပြီး ဧည့်လမ်းညွှန်တစ်ဦးမှ အသေးစိတ်လိုက်လံရှင်းပြခဲ့တဲ့အတွက် တော်တော်လေး တိတိကျကျသိခဲ့ရပါတယ်။ အတွင်းဝန်ရုံးတစ်ခုလုံးကို ပြန်လည်မွမ်းမံပြင်ဆင်နေချိန်ဖြစ်လို့ ပြင်ဆင်ပြီးတဲ့နေရာများကိုသာ လိုက်လံရှင်းပြပေးခဲ့တာဖြစ်ပြီး တချို့နေရာများဆိုရင် သစ်သားလှေကားကျဉ်းကျဉ်းလေးကနေ တက်သွားရတာမျိုးလည်း ရှိပါတယ်။ လွှတ်တော်ခန်းမထဲမှာဆိုရင် မီဒီယာများသတင်းရယူနိုင်တဲ့နေရာက အစ သေသေချာချာစီစဉ်ထားတာကို သတိထားမိခဲ့ပါတယ်။ အဲဒီအပြင် လေ့လာရေးခရီးစဉ်မှာ ကျွန်တော်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာကတော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံသူဟာ အတွင်းဝန်ရုံးကို ဘယ်လမ်းကြောင်းမှ ဝင်ရောက်လာပြီး ဘယ်လမ်းကြောင်းမှ ပြန်ထွက်သွားတယ်ဆိုတာကို ဧည့်လမ်းညွှန်မှ သေသေချာချာပြောပြတာပဲ ဖြစ်ပါတယ်။ ရဲဘော်ကိုထွေး သေနတ်ဒဏ်ရာမှန်ပြီး လဲကျခဲ့တဲ့နေရာကိုလည်း သိခွင့်ရခဲ့ပါတယ်၊ ဧည့်လမ်းညွှန်ပြောပြတဲ့အချိန်မှာတော့ နားထောင်နေရင်း စိတ်လှုတ်ရှားခဲ့ရပြီး ရင်ထဲဆို့နစ်ကာ မျက်ရည်ဝဲမိခဲ့ပါတယ်။ တော်တော်ကို စနစ်တကျစီစဉ်ပြီး လုပ်ကြံသွားတာဆိုတာကိုလည်း သိနားလည်ခဲ့ရပါတယ်။

နောက်တခုကတော့ အာဇာနည်ခေါင်းဆောင်များကို ဇူလိုင် ၁၉ မှာလုပ်ကြံခဲ့တယ်ဆိုတာကို ငယ်ငယ်တည်းက ကျွန်တော်တို့သိခဲ့တယ်။ အသက်ဆုံးပါးချိန်တွေမတူတာကို ဝန်ကြီးများရုံးကို သွားရောက်လေ့လာချိန်မှပဲ ကျွန်တော်သိခဲ့ရပါတယ်။ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် အဆောက်အအုံဖြစ်သည့်အားလျော်စွာ ဗိသုကာလက်ရာများဟာ စနစ်ကျလှတယ်လို့ ဆိုနိုင်ပါတယ်။ အချိုးကွေ့များ၊ လှေကားများရဲ့ ဒီဇိုင်းများဟာ လက်ရာမြောက်လှပါတယ်။ ရုံးခန်းများမှာ သဘာဝအလင်းရောင်ရရှိနိုင်စေဖို့နဲ့ လေဝင်လေထွက်ကောင်းစေဖို့ ပြတင်းပေါက်ကြီးများပါရှိပါတယ်။ မြန်မာ့လွတ်လပ်ရေးဗိသုကာဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံခဲ့ရတဲ့ နေရာတစ်ခုဖြစ်သလို မြို့ပြအမွေအနှစ်တစ်ခုလည်း ဖြစ်တဲ့အတွက် နောင်လာနောက်သားတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ အများပြည်သူများဝင်ရောက်လေ့လာနိုင်တဲ့ နေရာတစ်ခုအဖြစ်ရှိနေပြီး အချိန်ပေးပြီး သွားရောက်လေ့လာသင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

ယခုဆောင်းပါးကို YHT Page မှ ကိုးကားဖော်ပြပါသည်၊
Photo credit – The Secretariat, Internet, Pinterest


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်