The First Woman Architect of Myanmar

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မှ
March 9, 2018 နေ့
Uncategorized ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

63

ကျွန်မတို့ Myanmar Home & Decor  အဖွဲ့သားများအနေနဲမြန်မာ နိုင်ငံရဲ့ပထမဦးဆုံးအမျိုးသမီးဗိသုကာဖြစ်သူနဲ့တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဒီလိုတွေ့ဆုံမှုလေးမှာသူမရဲ့ ဘဝတစ်လျှောက် ဘယ်လိုကြိုးစားခဲ့တယ်၊ ဘယ်လိုအခက်အခဲတွေ ကြုံခဲ့ရတယ်ဆိုတာကိုသိရှိခဲ့ရပါတယ်။ အခုလက်ရှိဗိသုကာနယ်ပယ်ကို စိတ်ဝင်စားလေ့လာသင်ယူနေတဲ့ လူငယ်တွေနဲ့ စတင်ဝင်ရောက်နေပြီဖြစ်တဲ့ လူငယ်တွေအတွက် ဗဟုသုတယူဖွယ်၊ အားကျအတုယူဖွယ် အကြောင်းအရာလေး အဖြစ်ပြန်လည်တင်ပြပေးလိုက်ပါသည်။

မေး။    ။ အန်တီ မင်္ဂလာပါရှင့်။ အန်တီ့နာမည်လေးနဲ့အခုလက်ရှိဘယ်မှာ တာဝန်ထမ်းဆောင်နေလဲဆိုတာလေးကို မိတ်ဆက်ပေးပါရှင်။

ဖြေ။     ။ အန်တီနာမည်က ဒေါ်သင်းသင်းအေး ပါ။ အန်တီကတော့အခုလက်ရှိ ဣစိတံကုမ္ပဏီမှာ MD ပါ။ အန်တီတို့ အစကတည်းကို Invest လုပ်တယ်၊  Design Build and Operate ပေါ့။

မေး။    ။ ဟုတ်ကဲ့ပါအန်တီ။ အန်တီကမြန်မာနိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဗိသုကာလို့သိထားပါတယ်ရှင့်။ အန်တီတက္ကသိုလ်စတတ်တုန်းကဘယ်ချိန်လောက်များဖြစ်မလဲရှင်။ တက္ကသိုလ်တတ်စဉ်ကအခြေနေလေးတွေ လည်း သိပါရစေ။

ဖြေ။     ။ အန်တီတို့တုန်းက RIT ဆိုပြီးရှိတယ်။ ဒါပေမဲ့  RIT မတိုင်ခင်မှာအန်တီတို့ကဥပဇ္စာသိပ္ပံ (က)၊ ဥပဇ္စာသိပ္ပံ (ခ) ဆိုပြီး ၂ တန်းတတ်ရတယ်။ ပြီးတော့ မှ RIT ကိုတတ်ခွင့်ရတယ်။ စတတ်တုန်းကတော Burma Institute of Techanology  ပေါ့အဲကနေအန်တီတို့တက်ပြီး တစ်နှစ်နေတဲ့အခါ Rangoon Institute of Techanology(RIT) ဆိုပြီးးဖြစ်လာတယ်။  RIT ကို ၁၉၆၂ မှာတက်ခဲ့တယ်။ ၁၉၆၆ ခုနှစ်မှာဘွဲ့ရခဲ့ပါတယ်။ စတက်တုန်းက    First Year မှာမိန်းကလေး ၁၂ ယောက်ပဲရှိတယ်။ ယောကျာ်လေးလည်း နည်းပါတယ်။ အဲတုန်းကတစ်ကျောင်းလုံးမှာ ဘာသာရပ်ပေါင်းစုံကိုမှ အယောက် (၃၀၀) လောက်ပဲရှိတာ။ မိန်းကလေး ၁၂ ယောက်ထဲမှာမှ ဗိသုကာဘာသာရပ်ကိုယူတာ (၂) ယောက်ပေါ့။ အဲထဲမှာမှတစ်ယောက်က (၆)လ လောက်တက်ပြီး ဆက်မတတ်နိုင်တော့ဘူးဆိုပြီး Main ကိုပြန်သွားတယ်။ အဲတော့အန်တီတစ်ယောက်ပဲကျန်ခဲ့တယ်ပေါ့။ ဘွဲ့ရတာကတော့ (၄)ယောက်ပဲရှိတယ်။ အန်တီရယ်၊ Civil ကတစ်ယောက်၊Textile ကတစ်ယောက်၊  Chemical ကတစ်ယောက် (၄) ယောက်ပဲ    Gratuated ဖြစ်တယ်။

မေး။    ။ အန်တီက အဲ့အချိန်က ပထမဆုံးအမျိုးသမီးဗိသုကာတစ်ယောက်ဖြစ်နေတဲ့အခါကျတော့ ပိုပြီးခက်ခဲတဲ့ အချိန်တွေရှိလိမ့်မယ်လို့လည်းထင်မြင်မိပါတယ်ရှင်။ အန်တီကြုံခဲ့ရတဲ့အခက်ခဲလေးတွေလည်း ပြောပြပေးပါဦးနော်။

ဖြေ။     ။ အန်တီတက်တော့ကျောင်းမှာမိန်းကလေးကလည်း နည်းတယ်။ Trainingဆင်းရင် အန်တီတစ်ယောက်တည်း မိန်းကလေးရှိတယ်ပေါ့။ အဲဒီလိုဆိုတော့ပုဂံမှာ Measure Drawing သွားတဲ့အခါကျတော့မိန်းကလေး တစ်ယောက်တည်းမို့ဆိုပြီး အန်တီကျန်ခဲ့တယ်။ နောက်တစ်ခုကတော့ အမျိုးသမီး ဖြစ်တဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကလွှတ်တဲ့ Scholorship ကိုရဖို့အတွက် ၁ရ နှစ်စောင့်ခဲ့ ရပါတယ်။ အမျိုးသားများကိုသာဦးစားပေးစေလွတ်ခဲ့ပါတယ်။ ၁ရနှစ်ကြာမှ ဟိုတယ်ကော်ပိုရေးရှင်းကလွှတ်တဲ့  Hotel architect & Interior design ( Washinton University USA) မှာ ၁နှစ် ပညာသင်ခွင့်ရခဲ့ပါတယ်။

မေး။    ။ အန်တီ့အနေနဲ့ ဒီလိုဗိသုကာပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ ဘယ်လိုစိတ်ကူးရခဲ့လဲဆိုတာ ကိုသိချင်ပါတယ်ရှင်။

ဖြေ။     ။ အန်တီကဗိသုကာလုပ်မယ်လို့ (၇)တန်းလောက်ကတည်းကရည်ရွယ်ခဲ့တာပါ။ အန်တီ့အဖိုးက အေဝမ်းဦးမောင်မောင်စိုး ပါ။ မောင်မောင်စိုးရုပ်ရှင်ကုမ္ပဏီအမည်နဲ့ရုပ်ရှင်တွေထုတ်လုပ်တယ်။ သူကိုယ်တိုင်လည်း မင်းသားလုပ်ခဲ့တယ်။ သူကသူ့အိမ်ကိုလည်း ပြင်တယ်၊ အရမ်းပြင်တယ်။ American’s Homes ဆိုတဲ့စာအုပ်တွေ၊ အဲလိုအဖိုးဖတ်တဲ့စာအုပ်တွေကိုခုနစ်နှစ်အရွယ်လောက်ကတည်းကကိုယ်ကအမြဲမြင်နေရတာ။အဖိုးကအဲလိုစာအုပ်တွေဖတ်တယ်၊ အဲစာအုပ်တွေထဲကအတိုင်း သူ့အိမ်ကိုပြင်တယ်၊ သူ့အိမ်လှလှလေးပြင်ပြီး ရုပ်ရှင်ရိုက်တယ်ပေါ့။ ကိုယ်ကအဲကတည်းကအိမ်တွေလှလှလေးပြင်ရတာကြည့်ပြီး အိမ်တွေပြင်ချင်တယ်ဆောက်ချင်တယ်ဆိုတဲ့ ဝါသနာက ရ တန်းလောက်ကတည်းကစခဲ့တာပေါ့။ စာမေးပွဲအောင်ပြီးရင် ဗိသုကာဘာသာရပ်ယူမယ်ပေါ့၊ အဲကတည်းကစိတ်ထဲမှာတောက်လျောက်ရှိခဲ့တာပါ။

 

မေး။    ။ အန်တီ့မိဘတွေအနေနဲ့ရောအန်တီလုပ်ချင်တာနဲ့ပက်သက်ပြီး ခွင့်မပြုခဲ့တာမျိုးရှိခဲ့သေးလား သိပါရစေ။

ဖြေ။     ။ မိဘတွေကသားသမီးတွေကိုကိုယ်ဘာလုပ်ချင်လဲ၊ ကိုယ်ဝါသနာပါတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါတယ်။ မေမေကတော့ ဆရာဝန်ဖြစ်စေချင်တယ်၊ ဒါပေမဲ့ဖေဖေကတော့ ဆရာဝန် မလုပ်ချင်လည်း နေပါစေ။ သူဝါသနာပါရာကို လုပ်ပါစေဆိုပြီး အန်တီ ဒီကျောင်းကိုတက်ခွင့်ရခဲ့တယ်။

မေး။    ။ ဟုတ်ကဲ့ပါအန်တီ။ အန်တီရဲ့ဗိသုကာဆွဲခဲ့ဆောက်ခဲ့တဲ့ Design တွေထဲကအန်တီသဘောအကျဆုံး Project ရှိရင်လည်းပြောပြပေးပါဦး။ ပြီးတော့တခြားအန်တီရဲ့   Design တွေနဲ့လည်းမိတ်ဆက်ပေးပါဦးနော်။

ဖြေ။     ။ အန်တီသဘောကျတဲ့အဆောက်အဦးတွေကတော့အများကြီးပါ။ ဘာလို့လဲဆိုတော့ကိုယ်က ဒီအလုပ်ကို ဝါသနာပါလို့လုပ်ခဲ့တဲ့အခါကျတော့ ဒီဇိုင်းလုပ်ရမယ်ဆို ဘာပဲလုပ်ရလုပ်ရအကောင်းဆုံးဖြစ်အောင်ပဲ ကိုယ်လုပ်ချင်တယ်။ လုပ်ခဲ့ရသမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တယ်။ စစချင်းကတော့ အစိုးရဆီမှာပဲလုပ်ရတာပေါ့။ ပထမဆုံးစတဲ့ Project က သီရိပစ္စယာဟိုတယ်မှာ Assistant Architect ပါ။ ဦးတင်ထွန်း Senior Architect အန်တီက   Junior Architect ပေါ့။ သီရိပစ္စယာဟိုတယ်ဆောက်ခဲ့တယ်။ နောက်ပိုင်းတော့အစိုးရရုံးတွေ၊ အစိုးရဟိုတယ်တွေပြည်သူ့လွှတ်တော်  Design Team  မှာလုပ်ခဲ့တယ်။ အန်တီ Privately ဆွဲခဲ့တာတွေကပထမပိုင်းတုန်းကတော့လုံးချင်းအိမ်တွေပဲလုပ်ရတာပေါ့။ နောက်ပိုင်းစီးပွားရေး အပြောင်းအလဲကျတော့ ယုဇနကုမ္ပဏီအတွက်လုပ်ပေးဖြစ်တာများပါတယ်။

အန်တီက၂၆နှစ်လောက်အစိုးရဆီမှာလုပ်ပြီးတဲ့အခါဆက်မလုပ်တော့ဘဲမောင်နှမတွေစုုပြီးကုမ္ပဏီထောင်လိုက်တယ်။ ပြီးတော့ ဝေဇယန္တာအိမ်ရာ စီမံကိန်း ဆိုပြီး ဝေဇယန္တာ လမ်းပေါ်က ဣစိတံအိမ်ရာကိုအန်တီတို့      Design, Build, Invest အကုန်လုံး လုပ်ခဲ့တယ်။ ဒီ Project ကမြန်မာပြည်မှာပထမဆုံးတဲပေါ်မှ တိုက်ပေါ်တင်ပေးခဲ့တာပါ။ ဝေဇယန္တာ ပြီးတော့ သစ္စာဥယျာဉ်စီမံကိန်းဆိုပြီး လုပ်ခဲ့တယ်။ သစ္စာဥယျာဉ်ပြီးတဲ့အခါမှာနောက်ပိုင်း ရွှေဘုံသာ၊ စိမ်းလဲ့ကန်သာစတဲ့အိမ်ယာအခန်းတွေလည်း ဆောင်ရွက်ခဲ့ ပါတယ်။ နေပြည်တော်စတည်တော့ ဝန်ထမ်းအိမ်ရာတွေအတွက်ဒီဇိုင်း အန်တီဆွဲခဲ့တယ်၊ ဆောက်ခဲ့တယ်။  ပြီးတဲ့အထိအပ်ခဲ့တယ်။  ဝန်ကြီးအိမ်ရာတွေလည်း ဆွဲပေးခဲ့တယ်။ အခုနောက်ပိုင်း ဆွဲလာတဲ့အခါကျတော့အန်တီ့သားကလည်း ဝိုင်းဆွဲပေးပါတယ်။ Kyaw Htun & Associate ဆိုပြီးသားကလည်း ဗိသုကာပါပဲ။ နောက်ပိုင်း နေပြည်တော်ဒီဇိုင်းတွေလုပ်ပြီးတဲ့နောက်မှာသားကလည်းကူဆွဲပေးတာတွေရှိပါတယ်။

အန်တီကစီမံအုပ်ချုပ်ရေးပိုင်းမှာအများကြီးလုံးပန်းနေတာတွေရှိတဲ့အတွက်ဒီဇိုင်းပိုင်းကိုသိပ်ပြီးမလှည့်နိုင်ခဲ့ဘူး။ အဲဒီ့နောက်ပိုင်းမှာဆောက်လုပ်ရေးနဲ့အိမ်ခြံမြေပိုင်းလုပ်ငန်းတွေမှာနည်းနည်း ကျသွားတယ်ပေါ့။ အဲဒီ့တော့အန်တီဘယ်မှာ မြှပ်နှံမှုပိုကောင်းမလဲစဉ်းစားတဲ့အခါကျတော့ခရီးသွားလုပ်ငန်းဘက်ကိုပြေးမြင်မိတယ်။ အဲဒီမှာ ဟိုတယ်တွေစဆောက်တယ်။ အစအဆုံး      Design, Build and Operate လုပ်တယ်။

အစိုးရဆီမှာကဆောက်လုပ်ရေးကော်ပိုရေးရှင်းမှာ (၁၈) နှစ်၊ ဟိုတယ်ကော်ပိုရေးရှင်းမှာ (၈) နှစ်ဆိုတော့ (၂၆) နှစ်ကြာခဲ့တယ်။ ကုမ္ပဏီအနေနဲ့က ၁၉၉ရ မှာစခဲ့တာပေါ့။ အခုတော့က္ကစိတံကုမ္ပဏီအနေနဲ့ဆိုအနှစ်(၂၀) ကျော်ပြီပေါ့။ အခုတော့ ဟိုတယ်ပိုင်းတွေအလေးထားလုပ်နေတယ်။ရာဇဂြိုဟ် ပုဂံဟိုတယ်ဒီဇိုင်းနဲ့ အန်တီနောက်ဆုံးဆောက်ခဲ့တဲ့သံလွင်လမ်း (Windermere Residence) Apartment ဒီဇိုင်းပိုုင်းလည်း အန်တီစိတ်တိုင်းကျလှပါတယ်။

မေး။    ။ အန်တီကျောင်းတက်တုန်းကသင်ခဲ့တဲ့ဆရာတွေနဲ့လည်း မိတ်ဆက်ပေးပါဦး။

ဖြေ။     ။ အန်တီတို့တက်တုန်းကကျောင်းမှာရုရှားဆရာတွေလည်းသင်တယ်။ နိုင်ငံခြားကနေပြန်လာတဲ့ဆရာတွေ လည်းရှိတယ်။ ဦးသာထွန်း (Head of Department) , Mr.Bela Rashid (British Trained), Mr. S.Ojegov (Russia), ဆရာဦးမျိုးမြင့်စိန်နှင့် ဆရာဦးဝင်းထိန် American Trained ဆရာတွေပါတယ်။ နောက် Archi ဆိုတာက artနဲ့အမြဲတွဲနေတာဖြစ်တဲ့အတွက်ပန်းချီဆရာကြီး ဦးဘကြည်၊ ပန်းချီဆရာကြီး ဦးခင်မောင်၊ M.Tin Aye အစသဖြင့်ပုံဆွဲတာတွေ၊ ပန်းချီတွေ၊ Color တွေသင်ရတယ်။ ဒါကအနုပညာပိုင်းပေါ့။ နည်းပညာပိုင်းကတော Civil Engineer တွေနဲ့အတူတူပဲသင်ရတယ်။

မေး။  ။အန်တီတို့တုန်းကအခုလိုကွန်ပျူတာတွေအင်တာနက်မရှိသေးတဲ့ အခါကျတော့ ကိုယ်သိချင်တာတွေကို ဘယ်လိုရှာဖွေလေ့လာခဲ့ရပါသလဲရှင့်။

ဖြေ။     ။ ကျောင်းမှာစာကြည့်တိုက်မှာကအမြဲမပြည့်စုံနိုင်ပါဘူး။ Architecture ကနေ့စဉ်နဲ့အမျှပြောင်းလဲနေတာ တွေရှိတယ်။ ကမ္ဘာမှာဘာတွေပြောင်းလဲနေတယ်ဆိုတာအမှီလိုက်နိုင်ဖို့လိုတယ်။ အန်တီတုန်းက စာအုပ်တွေ ဝယ်ခဲ့တယ်။ ဆရာတွေနဲ့တိုင်ပင်ပြီး စာကြည့်တိုက်ထူထောင်ခဲ့ကြတယ်။ အကူညီတောင်းပြီးစာအုပ်တွေ အလှုခံခဲ့တာတွေလည်းရှိတယ်။ အဲတော့ Architecture နဲ့ပက်သက်တဲ့စာအုပ်တွေ၊ မဂ္ဂဇင်းတွေ အမြဲရနေနိုင်မယ်ဆိုရင်ပိုကောင်းပါတယ်။ အဲလိုစာအုပ်တွေဖတ်စေချင်တယ်။ အခုဆို Internet ပေါ်ကနေရှာဖတ်လို့ရတယ်။ အခွင့်ရေးတွေအများကြီးရှိပါတယ်။ နိုင်ငံခြားသွားသင်ဖို့ကလည်း ခုဆိုရင်မခက်ခဲတော့ဘူးပေါ့နော်။ အန်တီတို့ခေတ်တုန်းကတော့နိုင်ငံခြားမှာသွားသင်ဖို့အစိုးရက လွှတ်မှသွားရတယ်။

မေး။    ။ ဟုတ်ကဲပါ အန်တီ ။ အခု နိဂုံးချုပ်ပေါ့နော်။ အန်တီ့အနေနဲ့ဗိသုကာကို စိတ်ဝင်စားတဲ့လူငယ်တွေနဲ့ ဗိသုကာနယ်ပယ်ကိုစတင်ဝင်ရောက်လာတဲ့ လူငယ်တွေအတွက်အမှာစကားလေးပြောပေးပါဦးရှင့်။

ဖြေ။     ။ အန်တီပြောချင်တာကအနုပညာမပါဘဲ Architect အလုပ်လို့မရဘူး။ ဝါသနာ ဗီဇလည်းပါမယ်အနုအညာအမြင်လည်း ရှိရမယ်၊ ပါရမီလည်းပါရမယ်ပေါ့။ ဒါကတော့ဘယ်နယ်ပယ်မှာမဆိုပေါ့နော်။ ဖက်ရှင်ဒီဇိုင်းဆိုလည်း ဒီဇိုင်နာအလျောက် သူရဲ့ကိုယ်ပိုင်ဖန်တီးမှုပါရမီ၊ ဝါသနာလည်းလိုုအပ်တယ်။ ဒီဇိုင်းကောင်းကောင်းထုတ်နိုင်ရမယ်ပေါ့။ ဒီလိုဆိုရင်အရမ်းပျော်စရာကောင်းပါတယ်။ အန်တီလည်းဝါသနာပါတဲ့ အတွက် ခုချိန်ထိကိုဗိသုကာအလုပ်ကိုမငြီးငြူသေးဘူး။ ဒီဇိုင်းတစ်ခုမြင်နေရင်လုပ်ကို လုပ်ချင်နေတာ။ အန်တီအကြံပေးချင်တာကတော့အခက်အခဲတွေကြုံလာရင်လည်း ကိုယ့်ဝါသနာကို အရင်းခံပြီး မဆုတ်မနစ်ကြိုးစားကြပါ။ ပြီးတော့ကလေးတွေအနုပညာစိတ်ရှိအောင်မွေးပါ။ ကိုယ့်ယဉ်ကျေးမှုကို မေ့မထားကြပါနဲ့။ အရင်ကလိုပြသာဒ်တွေဆောက်မှမြန်မာမှု မဟုတ်ပါဘူးလို့။ Modernize လုပ်လို့ရပါတယ်။ ကိုယ့်ယဉ်ကျေးမှုမပျောက်စေဘဲ  Modern Design လေးတွေလုပ်လို့ရပါတယ်။ ဖန်တီးကြပါလို့ပြောချင်ပါတယ်။ အရင်နဲ့အခုကအများကြီးပြောင်းလဲလာတာလေ။ အခြားနိုင်ငံတွေမှာဆိုလည်း သူတို့ယဉ်ကျေးမှုတွေအခြေခံပြီး Modernize လုပ်လာကြတယ်။ ဘယ်နိုင်ငံက Architect က ဘယ်လိုတွေလုပ်တယ်ဆိုတာလည်း internet ပေါ်ကနေအကုန်သိနေရပြီ။ အဲတော့လူငယ်တွေကိုမိမိတို့သည်လည်း ကိုယ့်ယဉ်ကျေးမှုကိုအခြေခံပြီး သူတို့လိုခေတ်နဲ့အညီဘယ်လို   Design ထုတ်မလည်းစဉ်းစားကြပါလို့ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ။ အခုလိုပြည့်ပြည့်စုံစုံလေး အချိန်ပေးဖြေပေးကြားပေးတဲ့ အန်တီ ဒေါ်သင်းသင်းအေး (မြန်မာ့ပထမဦးဆုံးအမျိုးသမီး ဗိသုကာ) ကိုအထူး ကျေးဇူးတင်ပါတယ်။

Myanmar Home & Decor Magazine (Vol-6,issue -5)

 


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဗိသုကာပညာရှင်တစ်ဦး၏အရောင်နှင့်တီထွင်ဖန်တီးဆန်းသစ်မှုများ

ဗိသုကာပညာရှင်တစ်ဦး၏အရောင်နှင့်တီထွင်ဖန်တီးဆန်းသစ်မှုများ

လှေကားအချိုးအကွေ့နေရာကိုအကျိုးရှိရှိအသုံးပြုခြင်း

လှေကားအချိုးအကွေ့နေရာကိုအကျိုးရှိရှိအသုံးပြုခြင်း

မိုးရာသီမှာ အိမ်အတွင်းပိုင်း ထိန်းသိမ်းစောင့်ရှောက်နည်းများ

မိုးရာသီမှာ အိမ်အတွင်းပိုင်း ထိန်းသိမ်းစောင့်ရှောက်နည်းများ

နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ 

နံရံသုတ်ဆေးအရောင် ဘယ်လိုရွေးချယ်မလဲ