ထူးခြားကောင်းမွန်တဲ့ အနက်ရောင်ကို အိမ်ထဲမှာ ဘယ်လိုချိန်ဆမလဲ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
June 27, 2020 နေ့
ဆောင်းပါးများအိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အိမ်ကို မွမ်းမံတဲ့အခါ အနက်ရောင်ဆိုတာ ဇဝေဇဝါဖြစ်နေစရာမလိုဘဲ ကြိုက်တယ်၊ မကြိုက်ဖူး တထစ်ချဆုံးဖြတ်လိုက်ရတဲ့အရောင်ပါ။ အမဲရောင်ဟာ ပတ်ဝန်းကျင်ကို လွှမ်းခြုံနိုင်တဲ့အတွက်ကြောင့် ကျွန်မကတော့ နှစ်သက်ပါတယ်။ ဒါပေမယ့် သေချာမကိုင်တွယ်တတ်ရင်တော့ ဒုက္ခပေးတတ်ပါတယ်။ အနက်ရောင်ဆေးသား ဒါမှမဟုတ် အနက်ရောင် အတိပြီးတဲ့နံရံကို အရောင်တောက်တောက်တွေနဲ့ရောပြီး လှပသွားအောင် ဖန်တီးလိုက်တာလိုမျိုး အနက်ရောင်ကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်း ၁၀ ခု ကို ဖော်ပြလိုက်ပါတယ်။
၁။ စုံလင်တဲ့အရောင်တွေနဲ့ တောက်ပစေလိုက်ပါ။
နံရံတွေကအစ ဆေးသားအထိ မည်းနက်နေခဲ့မယ်ဆိုရင် စွဲမက်စရာနောက်ခံတစ်ခုကို ဖန်တီးလို့ရပါတယ်။ ပန်းရောင် စားပွဲတင်မီးအိမ်၊ အဝါရောင်တောက်တောက်ပန်းပုရုပ်၊ ခေတ်ပေါ်ပန်းချီကားတွေနဲ့ အခန်းကိုပေါ်လွင်စေမယ့် အဆင်တန်ဆာလေးတွေပေးထားခြင်းက အရောင်လှလှလေးတွေ များများစားစား မပါဝင်ပေမယ့် အနက်ရောင်ရဲ့ တင့်တယ်လှပမှုကို ပေါ်လွင်သွားစေပါတယ်။ အနက်ရောင်ရဲ့ အစွမ်းသတ္တိတွေ ပျောက်ပြယ်မသွားအောင် ပစ္စည်းလေး တစ်ခု၊ နှစ်ခုလောက် ထားပေးရင် လုံလောက်ပါပြီ။

၂။ လှပမှုကို အနက်ရောင်နဲ့ ပုံဖော်ကြည့်ပါ။
ထူးခြားကောင်းမွန်တဲ့ နေရာလေးတစ်ခုအတွက် အနက်ရောင်က နောက်ကွယ်က ကောင်းကောင်း ပံ့ပိုးပေးနိုင်ပါတယ်။ ပုံမှာပြထားတဲ့ အခန်းကိုကြည့်လိုက်ရင် အရမ်းတောက်ပလင်းထိန်နေမယ့် ဒီထဲမှာ အနက်ရောင်ရဲ့ ဇာတ်ပို့တာဝန်ကျေပွန်မှုကို မြင်နိုင်ပါတယ်။ တစ်ခန်းလုံးကို အလင်းရောင်ပေးနိုင်တဲ့ မှန်နံရံရှေ့မှာ သစ်သားထည်၊ ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို အနက်ရောင်ပဲ အသုံးပြုပေးပါ။ ဒါမှလည်း အခန်းက လေကောင်းလေသန့်ရပြီး ကျယ်ဝန်းသယောင်ထင်ရလို့ အနက်ရောင်ရဲ့ လှပမှုကို လက်တွေ့ခံစားနိုင်မှာပါ။

၃။ တောက်ပတဲ့ အရောင်တွေနဲ့ ခြယ်မှုန်းပါ။
အနက်ရောင်နောက်ခံနဲ့ နေရာတစ်ခုကို မြူးကြွတဲ့ အပြင်ဆင်မျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာကို ပုံပါအတိုင်း လက်ရာမြောက်အောင် ပြင်ဆင်ထားတဲ့ ဧည့်ခန်းလေးကို ကြည့်ရင်သိနိုင်ပါတယ်။ အစိမ်းရောင်၊ စိမ်းပြာရောင်နဲ့ စိမ်းဝါရောင် စသည်ဖြင့် အရောင်တောက်တောက်ပစ္စည်းလေးတွေ ထားပေးထားလိုက်မယ်ဆိုရင် အနက်ရောင်အခန်းကြီးကနေ ညို့ငင်စွမ်းရှိတဲ့ နတ်ဘုံနတ်နန်းလေးအဖြစ် ပြောင်းလဲသွားမှာ သေချာပါတယ်။

၄။ ပိုပြီးတောက်ပပါစေ။
ဆေးအနက်သုတ်ထားတဲ့ စင်္ကြံလမ်းမှာ မှန်တစ်ချပ်ချိတ်လိုက်ခြင်းက တောက်ပမှုကိုပေးစွမ်းနိုင်တဲ့အပြင် အနက်ရောင်ရဲ့ အနုသုခုမဟန်ကိုလည်း ပျောက်ပျက်သွားစေခြင်း မရှိပါဘူး။ အခုလိုမှန်အခုံးချိတ်လိုက်ခြင်းက အနက်ရောင်ကို ပိုမိုတောက်ပစေတဲ့အပြင် စင်္ကြံလမ်းတစ်ခုလုံးကိုလည်း အလင်းပြန်စေနိုင်ပါတယ်။

၅။ အမြင်အာရုံကို လှည့်စားပါ။
ဘယ်နေရာမှာ တောက်ပတဲ့အရောင်သုံးပြီး ဘယ်နေရာမှာ နက်မှောင်တဲ့အရောင်သုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နေရာတစ်နေရာအတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ အခုလို ဟိတ်ဟန်ရှိတဲ့အဖြူရောင်အခန်းကြီးထဲမှာ မျက်နှာကြက်ကို ရှိရင်းစွဲထက် ပိုနိမ့်သွားသယောင် ခံစားစေရပြီးတော့ နေထိုင်ရသက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါမှမဟုတ် ရှည်မျောမျောနဲ့ အခန်းကျဉ်းလေး ဖြစ်နေတယ်ဆိုရင် နံရံရဲ့ အဆုံးမှာအနက်ရောင်သုတ်လိုက်ခြင်းက အခန်းကို ရှေ့နည်းနည်းရောက်သွားသလို ခံစားစေရမှာပါ။

၆။ မြေဖြူရောင် သုတ်ဆေးနဲ့ အရောင်လျှော့ပါ။
အခန်းတစ်ခန်းကို လွမ်းမောဖွယ် အငွေ့အသက်လေးတွေနဲ့ ဖုံးလွှမ်းစေချင်တယ်ဆိုရင် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ မြေဖြူရောင်ဆေးကို သုတ်ပါ။ မြေဖြူရောင်က တကယ့်ကို ထိုင်းမှိုင်းတဲ့အရာင်ဖြစ်လို့ နူးညံ့ပျော့ပျောင်းမှုရသကို အပြည့်အ၀ ပေးစွမ်းနိုင်မှာပါ။ လက်တွေ့စမ်းသပ်ကြည့်ပါ။ လက်လွန်ပြီး သိပ်များသွားတဲ့အခါကျရင်လည်း အဲ့ဒီပေါ်မှာ အမြဲတမ်းအဖြူရောင်ပုံလေးတွေလည်း ဆွဲလို့ရပါသေးတယ်။

၇။ ခြေတစ်လှန်းနဲ့ စတင်လိုက်ပါ။
အနက်ရောင်ကို အသုံးပြုချင်ပေမယ့် စိုးရွံ့နေမိတယ်ဆိုရင် ပုံထဲက စတိုင်လ်ကျတဲ့ အခန်းအပြင်အဆင်လေးကို ကြည့်ပြီးတော့ သေးငယ်ပြီးအတွင်းလည်းကျတဲ့ လှေကားတက်လိုနေရာမျိုးမှာ အနက်ရောင်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ကြည့်လိုက်ပါ။ ဆန့်ကျင်ဘက်အရောင်နှစ်ရောင်ရဲ့ တွဲဖက်မှုက အသက်ရှုမှားလောက်အောင် လှပနေမှာပါ။ နှစ်ဖက်လုံးမှာလည်း အလင်းရောင်ရတဲ့ အခန်းတွေရှိနေတာကြောင့် အနက်ရောင်က လွှမ်းခြုံနေတော့မှာ မဟုတ်ပါဘူး။

၈။ သီးသန့် အနက်ရောင်နံရံကို ဖန်တီးပါ။
နံရံတစ်ချပ်တည်းကို သီးသန့် အနက်ရောင်သုတ်ပါ။ ဒီအခန်းထဲမှာ ရှိနေတဲ့အနက်ရောင်နံရံက အိပ်ယာကို ပေါ်လွင်စေတဲ့အပြင် မီးရောင်ကိုလည်း တောက်ပစေပါတယ်။ ကျန်တဲ့အဖြူရောင် နံရံနဲ့ လိုက်ဖက်အောင် အိပ်ယာခင်းအဖြူခင်းလိုက်မယ်ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ အခန်းငယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

၉။ အသုံးအဆောင် ပစ္စည်းလေးတွေကို အသုံးချပါ။
အနက်ရောင်နံရံအထိ လုပ်ဖို့စိတ်မရဲဘူးဆိုရင် အနက်ရောင်အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ကွဲပြားခြားနားတဲ့အလှကို ဖန်တီးကြည့်ပါ။ ပုံမှာပြထားတဲ့ အမျိုးသမီးအိပ်ခန်းမှာ အနက်ရောင်လိုက်ကာ၊ အနက်ရောင်ဓာတ်ပုံမှန်ဘောင်နဲ့ အသားမည်းနက်မာကျောတဲ့ ရင်းတိုက်သားနဲ့ထုထားတဲ့စားပွဲကို နေရာချထားတဲ့ ဒီဇိုင်းဟာ တန်ဘိုးကြီး အိပ်ခန်းတစ်ခုအသွင် ဖြစ်ပေါ်စေပါတယ်။ ဒီနေရာမှာ အဓိကကျတာကတော့ မီးရောင်ကို စုပ်ယူသွားမယ့်အစား ပိုပြီးမီးစားအောင်ပြုလုပ်ပေးမယ့် ချောမွတ်ပြောင်လက်နေတဲ့ နံရံတွေပါပဲ။


၁၀။ အဖြူအမည်း ဒီဇိုင်းကို အသုံးပြုပေးပါ။
ဒီစင်္ကြံလမ်းမှာ အနက်ရောင်တွေ လွန်ကဲနေတယ်လို့ ထင်ရပေမယ့် အဖြူအမည်း ဂျီသြမေတြီဒီဇိုင်းပုံစံ၊ အဖြူအစင်းကြားတွေနဲ့ တလက်လက်တောက်ပနေတဲ့ ဗီရိုတံခါးလက်ကိုင်တွေကြောင့် အနက်ရောင် စင်္ကြံလမ်းကို နှစ်သက်ကြည်နူးစရာကောင်းပြီး ညို့ယူနိုင်တဲ့ စင်္ကြံလမ်းလေးအဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ရေစိမ့်နံရံများကို ကိုင်တွယ်ခြင်း(၂)

ရေစိမ့်နံရံများကို ကိုင်တွယ်ခြင်း(၂)

မိုးရာသီ အိမ်တွင်း ထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ (၁၁) ချက်

မိုးရာသီ အိမ်တွင်း ထိန်းသိမ်းဖို့ နည်းလမ်းကောင်းများ (၁၁) ချက်

မြန်မာနိုင်ငံ၏ အခမ်းနားဆုံး အိမ်ခြံမြေဆုချီးမြှင့်ပွဲကြီး

မြန်မာနိုင်ငံ၏ အခမ်းနားဆုံး အိမ်ခြံမြေဆုချီးမြှင့်ပွဲကြီး

မွန်ပြည်နယ်အစိုးရ၏လမ်းညွှန်ချက်ဖြင့် MCL သည် မွန်ပြည်နယ်အတွင်းရှိဒေသများအတွက် လူထုအကျိုးပြုလှုပ်ရှားမှုများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

မွန်ပြည်နယ်အစိုးရ၏လမ်းညွှန်ချက်ဖြင့် MCL သည် မွန်ပြည်နယ်အတွင်းရှိဒေသများအတွက် လူထုအကျိုးပြုလှုပ်ရှားမှုများကိုစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ