Home Office ဖန်တီးခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 14, 2020 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။


ကိုဗစ်နဲ့အတူ ယှဉ်တွဲကာနေထိုင်နေချိန်မှာတော့ အလုပ်ကို အိမ်မှာလုပ်ရတာလည်း ယဉ်ကျေးမှုတစ်ခုဖြစ်လာပါတယ်။ အလုပ်လုပ်တဲ့အခါမှာ လုပ်ဆောင်ရမယ့်အလုပ်တွေ ပြီးစီးအောင်လုပ်နိုင်ဖို့ လိုပါသေးတယ်။ Myanmar Home & Décor Magazine ရဲ့ ပရိတ်သတ်ကြီးမှာ အိမ်ကနေ အလုပ်လုပ်နေတဲ့သူတွေရှိမယ်ဆိုတာ သေချာတာမို့ ဖော်ပြပေးလိုက်ပါတယ်နော် …

တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ အမျိုးသားတွေရော အမျိုးသမီးတွေပါ လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်လာကြပါတယ်။ တချို့အိမ်မူကိစ္စတွေရော မိမိကိုယ်ပိုင်စီးပွားရေးရော တွဲဖက်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ မိမိအိမ်မှာပဲရုံးထိုင်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မူကို သက်သာစေနိုင်တဲ့အပြင် အချိန်မီရုံးသွားရဖို့ ပြင်ဆင်ရတဲ့ စိတ်ဖိစီးမူကနေ ကင်းဝေးစေနိုင်ပါတယ်။ လုပ်ငန်းကြီးလုပ်သူများအတွက်ကတော့ အလုပ်ကပြန်လာပေမယ့်လည်း အိမ်ရောက်သည့်တိုင် အလုပ်ကိစ္စများ ပါလာတက်တာမို့ အိမ်မှာအလုပ်စားပ ွဲ(သို့) စာကြည့်ခန်း အသွင်ဆောင်တဲ့ နေရာလေးမှာ အလုပ်လုပ်ကြရပြန်တယ်။
ဒါပေမယ့် မိမိအိမ်မှာပဲရုံးခန်းတစ်ခုဖွဲ့စည်းမယ်ဆိုရင် သင့်တင့်တဲ့နေရာတခုတော့လိုအပ်ပါတယ်။ အပြင်မှာ ရုံးထိုင်ရတဲ့ မိရိုးဖလာထုံးစံတစ်ခုကနေခွဲထွက်ပြီး အောက်ပါအချက်များနဲ့ မိမိအိမ်မှာ ဖန်တီးကြည့်ရအောင်။

မိမိရဲ့ ရုံးခန်းမှာမရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်များ ရွေးချယ်ထည့်ခြင်း
မိမိမှာ ရုံးခန်းလုပ်မတနေရာ ရပြီဆိုရင် ထိုနေရာမှာထားမဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတွေကို အရင်ဆုံး စာရင်းလုပ်ပါ။ မပါမဖြစ်တဲ့အသုံးအဆောင်များကတော့ ဥပမာအားဖြင့်ဆိုရရင် စားပွဲ၊ ထိုင်ခုံ၊ ကွန်ပျူတာ၊ ဖုန်းတွေပေါ့။ မိမိလုပ်ကိုင်တဲ့လုပ်ငန်းပေါ်မူတည်ပြီး ကွန်ပျူတာစားပွဲကို ရွေးချယ်နိုင်ပါတယ်။ ပြီးတော့လုပ်ငန်းသုံးပစ္စည်းတွေ ထားနိုင်မဲ့နေရာလေးတစ်ခုလည်း လိုအပ်ပါသေးတယ်။ ဥပမာ ဖိုင် တွဲတွေထားတဲ့ နေရာလေးပေါ့။ အကယ်၍ သင်ဟာ ၀န်ဆောင်မူဆိုင်ရာလုပ်ငန်းတစ်ခုလုပ်သူဆိုလျှင် ဧည့်သည်နဲ့လက်ခံစကားပြောဖို့ သပ်ရပ်တဲ့နေရာလေးတစ်ခုကိုတော့ ဖန်တီးပေးထားသင့်ပါတယ်။

နေရာရွေးချယ်ခြင်း
ဒုတိယအဆင့်အနေနဲ့ကတော့ နေရာရွေးချယ်ဖို့ပါပဲ။ အကယ်၍ နေရာကကျဉ်းမြောင်းပြီး ထောင့်ချိုး(သို့) လှေကားချောင်လိုနေရာမျိုးရှိတယ်ဆိုရင်တော့ အဲဒီနေရာလေးတွေကိုအမှီပြုပြီး ဖိုင်တွဲများနဲ့ အခြားသောစာရွက်စာတမ်းများကိုသိုမှီဖို့ ဗီဒိုငယ်လေးများ(သို့) စင်လေးတွေဖန်တီးထားသင့်ပါတယ်။ သင့်အိမ်မှာ ရုံးခန်းတစ်ခုလုပ်မယ်ဆိုရင် အကောင်းဆုံးနေရာကတော့ သီးသန့်စာကြည့်ခန်းလိုနေရာက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရုံးခန်းတစ်ခုဆိုတာ တိတ်ဆိတ်ငြိမ်သက်ပြီး အပြင်ကဆူညံသံတွေ ၀င်မလာနိုင်တဲ့အခန်းမျိုး၊ သပ်ရပ်သန့်ရှင်းပြီး လုံခြုံမှုရှိတဲ့ အခန်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုအခန်းမျိုးမရနိုင်ဘူးဆိုရင်တော့ မိမိအိမ်ရဲ့ဝင်ပေါက်နဲ့ နီးတဲ့နေရာမှာ အလုပ်ခန်းလေးကို ထားရှိသင့်ပါတယ်။

ဖွဲ့စည်းတည်ဆောက်ပုံ
မိမိအိမ်မှာ ရုံးခန်းတစ်ခုလုပ်တော့မယ်ဆိုရင် အိမ်မှာ မိသားစုဝင်တွေလည်းရှိနေတဲ့အတွက် သီးသန့်ဧရိယာတစ်ခုအနေနဲ့ သတ်မှတ်ထားဖို့လိုပါလိမ့်မယ်။ မိမိရဲ့အသုံးအဆောင်ပစ္စည်းတွေကလည်း မိမိလုပ်ကိုင်မယ့်အလုပ်အတွက် လိုက်လျောညီထွေရှိပြီး မိမိအလုပ်လုပ်ကိုင်ရာမှာ လွယ်ကူချောမွေ့ဖို့အတွက် အထောက်အကူ ဖြစ်နေဖို့လိုပါတယ်။ ဖိုင်၊ စာရွက်စာတမ်း၊ မှတ်စုတွေထားဖို့အတွက် စာအုပ်စင်ငယ် (သို့) ဗီရိုငယ်လေးတွေ သုံးသင့်ပါတယ်။ မိမိအတွက်အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ ပုံမှန်အသုံးပြုနေတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုတော့ ကိုယ့်ရဲ့ အနီးအနား ဒါမှမဟုတ် အလုပ်စားပွဲမှာထားသင့်ပါတယ်။

ထားရှိသင့်တဲ့ မီးအလင်းရောင်
ဖြစ်နိုင်ရင်တော့ သဘာဝအလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ရုံးခန်းကိုဖွဲ့စည်းသင့်ပါတယ်။ မဖြစ်နိုင်ရင်တော့ သင့်တော်တဲ့လျှပ်စစ်မီးရောင်ရဖို့ လုပ်ဆောင်သင့်ပါတယ်။ မျက်နှာကျက်မှ မီးချောင်းများ တပ်ဆင်ထားမှုက ရုံးခန်းဧရိယာတစ်ခုလုံးကို လွှမ်းခြုံပြီး အလင်းရောင်ပေးနိုင်မယ် ့အနေအထားမှာ ရှိရပါမယ်။ ဒါပေမယ့် သင်ဟာ မျက်စေ့အားနည်းသူတစ်ယောက် ဆိုရင်တော့ သင့်ရဲ့အလုပ်စားပွဲမှာ စာကြည့်မီးအိမ်ကလေးတစ်ခုကိုပါ ထည့်သွင်းစီစဉ်ပါ။

ရုံးခန်းရဲ့ သင့်တော်မယ့် ရုံးအသုံးအဆောင်များပစ္စည်းများကို ရွေးချယ်ရန်
လိုအပ်တဲ့ပစ္စည်းမျိုးဖြစ်မယ်ဆိုရင် အလုပ်အတွက်ရင်းနှီးမြုပ်နှံဖို့အတွက် နှမြောနေဖို့ မသင့်တော်ပါဘူး။ ဥပမာ- မိမိလုပ်ငန်းအတွက် လိုက်လျောညီထွေရှိတဲ့ စားပွဲ၊ အရေးကြီးစာရွက်စာတမ်း တွေဖို့ ဗီဒိုငယ်များ၊ သက်တောင့်သက်သာရှိမယ့် နောက်မှီပါသော ထိုင်ခုံ၊ မိမိအလုပ်အတွက် အကောင်းဆုံး လုပ်ဆောင်မှုများကို ပေးစွမ်းနိုင်မယ့် ကွန်ပျူတာ၊ ယင်းကွန်ပျူတာနဲ့ တွဲဖက်အသုံးပြုမယ့် Printer ၊ မြန်နှုန်းမြင့် အင်တာနက်လိုင်း၊ မိမိအလုပ်မှာ အသုံးပြုမယ့် software တွေကို ၀ယ်ယူဖို့မနှမြောပါနဲ့။ လုပ်ငန်းကို တွင်ကျယ်စွာလုပ်နိုင်ဖို့က အရေးကြီးတဲ့အပြင် မိမိရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်ဖို့ သတိပြုရမှာဖြစ်ပါတယ်။

ပြက္ခဒိန် နှင့် မှတ်စုစာအုပ်ထားရှိပါ။
သင့်ရုံးခန်းရဲ့ မြင်သာတဲ့နေရာမှာ ပြက္ခဒိန်တစ်ခုထားရှိပါ။ အလုပ်အတွက် ချိန်းဆိုမှုတွေရှိလာတဲ့ အခါမျိုးမှာမှတ်ဖို့အတွက် နေ့စဉ်ဒိုင်ယာရီမှတ်စုစာအုပ်လေးတစ်ခုလည်းလိုအပ်ပါတယ်။ ပြီးတော့ တစ်နေ့တာ နေ့စဉ်ပြုလုပ်ရမယ့်အချိန်ဇယားကိုလဲ သေချာစွာမှတ်သားထားဖို့လိုပါတယ်။ အလုပ်စားပွဲပေးမှာ အစိမ်းရောင်သစ်ပင်ငယ်လေးတစ်ခု (သို့) ပန်းအိုးငယ်လေးတစ်ခုကို ထားရှိပါတယ်။ အနီးအနားမှာ အမွှေးနံ့သာခဲလေးတစ်ခုကိုထားရှိပါ။ အလုပ်လုပ်ရာမှာ စိတ်ကြည်လင်ဆန်းနေမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ သင့်ရဲ့ Home Office လေးအတွက် ပြည့်စုံလုံလောက်နေပါပြီ။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ပရိဘောဂများကို ကိုယ်ပိုင်စက်ရုံဖြင့် သင့်စိတ်တိုင်းကျထုတ်လုပ်ပေးနိုင်တဲ့ Fortune Era Design & Furniture Co., Ltd မှ ပံ့ပိုးပေးထားတာဖြစ်ပါတယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

လက်ရန်းနှင့်လှေကားထစ်များကိုအလှဆင်ရန်နည်းလမ်းကောင်းများ

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “သင့်အခန်းနံရံမှာ ဘာပန်းချီကားချိတ်မလဲ”