စာေရးသူ - : အမရာ

ads

နေအိမ်ကိုပြုပြင်မွမ်းမံရာမှာ လှေကားထစ်တွေက အရေးကြီးတဲ့အပိုင်းကပါဝင်ပါတယ်။ အထူးသဖြင့်အထပ်များတဲ့အိမ်တွေမှာ လှေကားတွေက စဉ်းစားစရာတစ်ခုပါ။ လှေကားထစ်တွေကို ပြန်ဆောက်ဖို့ဒါမှမဟုတ် အချောကိုင်ဖို့ပိုက်ဆံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လှေကားတွေဆိုတာ လျစ်လျူရှုမထားသင့်တဲ့နေရာတွေပါ။ လှေကားတွေကိုအလှဆင်နိုင်မယ့်စိတ်ကူးလေးတွေကို ဖော်ပြပေး ချင်ပါတယ်။
၁။ အစားမထိုးပါနဲ့။ ပြန်အချောကိုင်ပါ။
လှေကားအဟောင်းကိုအလှဆင်ဖို့ ငွေကြေးအကုန်အကျအသက်သာဆုံးနည်းလမ်းက ပြန်အချောကိုင်ဖို့ပါ။ လှေကားထစ်တွေရဲ့ဒေါင်လိုက်အပိုင်းတွေကို အရောင်တစ်မျိုးတည်းလိုက်သုတ်ပြီး အလျားလိုက် အပိုင်းတွေကို ပြန်အချောကိုင်ခြင်းဖြင့်လှေကားကို အသွင်ပြောင်းလဲပစ်လို့ရပါတယ်။ လက်ရန်းတိုင်တွေကို ဆေးသုတ်ပြီး လက်ရန်းတွေကို ပြန်အချောကိုင်ဖို့မမေ့ပါနဲ့။ ပိုပြီးသမားရိုးကျ ပုံစံမျိုးဖြစ်နေပေမယ့် စတိုင်လ်ကျတဲ့ ကော်ဇောတစ်ခုခင်းပြီး ခေတ်မီတဲ့ အပြင်အဆင်ဖြစ်အောင် အလွယ်တူဖန်တီးလို့ရပါတယ်။


၂။ ချွေတာခြင်း
အသစ်ဖြစ်ဖြစ်၊ အဟောင်းဖြစ်ဖြစ် လှေကားကိုအလှဆင်ဖို့ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းက ဒေါင်လိုက်မျက်နှာပြင်၊ အလျားလိုက်မျက်နှာပြင်နဲ့ လက်ရန်းတွေအပါအဝင် မျက်နှာပြင်အားလုံးကို ဆေးသုတ် လိုက်ဖို့ပါပဲ။ ပုံမှာပြထားတဲ့အတိုင်း အဖြူနဲ့ အမည်းလိုဆန့်ကျင်ဘက်အရောင်တွေသုတ်ရင် တစ်မျိုး တစ်ဖုံ လှပစေပါတယ်။
၃။ အပေါ်တစ်ထပ်လိုက်ခြင်း
နောက်ထပ်ကုန်ကျစရိတ်သက်သာစေတဲ့နည်းလမ်းတစ်ခုက လှေကားထစ်ရဲ့ဒေါင်လိုက်နဲ့ အလျား လိုက်အပိုင်းတွေကို အပေါ်ယံ တစ်လွှာထပ်လိုက်ပေးဖို့ပါပဲ။ လှေကားကို ဖြိုချဖို့၊ပြန်ဆောက်ဖို့ အကုန်အကျ ခံစရာမလိုဘဲ ရှိနေတဲ့လှေကားထစ်တွေပေါ်မှာပဲ တစ်လွှာ ထပ်အုပ်လို့ရပါတယ်။ ဒါကလည်း ရိုးရှင်းတဲ့ပုံစံကနေ ခေတ်မီတဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မယ့်အခွင့်အရေးတစ်ခုပါ။


၄။ ပစ္စည်းပြဿနာ
ရိုးရိုးလှေကားဖြစ်ဖြစ်၊ ခေတ်မီလှေကားဖြစ်ဖြစ် အလှဆင်ဖို့နောက်ထပ်နည်းလမ်းတစ်ခုကတော့ လက်ရန်းတိုင်တွေ အတွက် အသုံးပြုထားတဲ့ပစ္စည်းတွေကို ပြောင်းလဲပစ်ခြင်းပါပဲ။ လက်ရန်းမှာ သံ သို့မဟုတ် သံမဏိ ပေါင်းထည့်ခြင်းက လှေကားပုံစံတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါတယ်။
၅။ မှန်ထည့်ခြင်း
မှန်လက်ရန်းတွေကို လူတိုင်းကြိုက်နှစ်သက်ကြပေမယ့် လှေကားက ဘယ်ကိုဦးတည်နေလဲဆိုတာ ထည့်စဉ်းစားရပါမယ်။ အရင်ဆုံးမှန်လက်ရန်းမှာ လက်ဗွေရာတွေထင်တော့မှာဖြစ်တဲ့အတွက် သန့်ရှင်း သပ်ရပ်မှု ကိုနှစ်သက်သူဆိုရင် မှန်ကိုပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့လိုလာပါပြီ။ နောက်ပြီး မှန်လက်ရန်းရှိရုံနဲ့တင် မလုံလောက်ပါဘူး။ မှန်လက်ရန်းအပေါ်မှာ လက်ရန်းတစ်ခုထပ်ဖို့လိုအပ်ပါသေးတယ်။ ဒါကြောင့် ဘယ်လိုပုံစံလိုချင်တယ် ဆိုတဲ့အချက်အလက်တွေကို သေချာစဉ်းစားပါ။


၆။ အလျားလိုက်လက်ရန်း
ခေတ်ပေါ်လှေကားတွေအတွက် လူကြိုက်များတဲ့ပုံစံပါ။ ဒါပေမယ့်တချို့ဒေသတွေမှာ ဒီလိုလက်ရန်းမျိုးက ဆောက်လုပ်ရေး စည်းမျဉ်းတွေကိုဖောက်ဖျက်ရာရောက်တယ်လို့ ယူဆကြပါတယ်။ ဒီလှေကားလက်ရန်းကို ရွေးချယ်လိုက်ပြီဆိုရင် ကလေးတွေ တွယ်တက်နိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။ ကလေး ငယ်ငယ်လေးတွေရှိရင် တခြားတစ်ခုကိုပဲရွေးချယ်ပါ။
၇။ ပိုမိုစိတ်ချရသောအလျားလိုက်လက်ရန်း
အလျားလိုက်လက်ရန်းက အန္တရာယ်ရှိတယ်ဆိုပေမယ့်ကြမ်းပြင်ကနေ မျက်နှာကြက်အထိ လက်ရန်း ဘေးမှာ သစ်သားချောင်း တွေနဲ့အပိတ်ကာရံလိုက်မယ်ဆိုရင် ဘယ်သူမှတွယ်တက်နိုင်တော့မှာမဟုတ်ပါဘူး။ ဘေးကပ်လျက်အခန်းအတွက်လည်း လှပတဲ့နောက် ခံတစ်ခုကို ဖန်တီးပေးနိုင်ပါလိမ့်မယ်။


၈။ ဒေါင်လိုက်အပိုင်းတွေကို အပွင့်ထားပါ
ဒီပုံစံက ငွေကြေးအကုန်အကျများပါတယ်။ အပွင့်ပုံစံလွင့်မျောနေတဲ့ဟန်နဲ့ လှေကားထစ်တွေမှာ ထောက်ပံ့ပေးဖို့သံမဏိကိုယ်ထည်ကောင်းကောင်းလိုအပ်ပါတယ်။ သံမဏိကဈေးကြီးပါတယ်။ လက်ဖက်ထောက် ကလေးငယ်လေးက ဧည့်ခန်းထဲမှာလျှောက်သွား နေတတ်တယ် ဆိုရင်အလျားလိုက် လှေကားနေရာ တစ်ခုချင်းစီကြားမှာ လေးလက်မထက်မကျော်ပါစေနဲ့။ ဒါဆို ကလေးကျွံမဝင်သွားနိုင် တော့ပါဘူး။

၉။ တီထွင်ဖန်တီးခြင်း
လှေကားလက်ရန်းတွေအတွက် စည်းမျဉ်းသတ်မှတ်ချက်တွေရှိတဲ့နေရာမှာနေထိုင်တယ်ဆိုရင် မူလလှေကားပုံစံရရှိဖို့ လိမ္မာပါးနပ်တဲ့နည်းတွေကို အသုံးပြုရပါမယ်။ ဒီနေရာမှာ ဒေါင်လိုက်လှေကားထစ်နေရာကို ကျဉ်းသွားစေဖို့ အလျားလိုက်လှေကားထစ်နေရာကို ထုထည်အရွယ်အစားကြီးမားအောင် လုပ်ဆောင် ထားပါတယ်။ ခပ်ကျဉ်းကျဉ်းနဲ့စိပ်တဲ့ပုံစံပေါက်အောင် လက်ရန်းတိုင်တွေကို သံမဏိအသုံးပြုထားပါတယ်။


၁၀။ စိတ်ကြိုက်ရွေးချယ်ပါ
သမားရိုးကျလက်ရန်းတစ်ခုကိုပဲ ဖက်တွယ်မထားရဘဲ ဆောက်လုပ်ရေးစည်းမျဉ်းတွေနဲ့လည်း ကိုက်ညီနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိပါတယ်။ စိတ်ကြိုက်ဒီဇိုင်းရွေးချယ်ထားတဲ့သံမဏိ သို့မဟုတ် သစ်သားလက်ရန်းတွေက ဘယ်လိုအိမ်မျိုးအတွက်မဆို စိတ်ဝင် စားဖွယ်ရာကောင်းအောင် ဖန်တီးပေးနိုင် ပါတယ်။
၁၁။ နံရံအပိတ်
လှေကားဘေးက ငြီးငွေ့စရာကောင်းတဲ့လက်ရန်းပုံစံနဲ့အဆောက်အအုံတွေအတွက် လက်ရန်းနံရံ အပိတ်ကိုအသုံးပြုခဲ့တဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင် တခြားပစ္စည်းတွေနဲ့ရောနှောလို့မရတဲ့ ကြောင်လိမ်လှေကားတွေမှာ ဖဲပြားပုံစံတောင် ဖန်တီးလို့ရပါတယ်။


၁၂။ သိုလှောင်သိမ်းဆည်းခြင်း
ပစ္စည်းထည့်တဲ့နေရာက လက်ရန်းတွေ၊ လှေကားထစ်အလျားနေရာ၊ ဒေါင်လိုက်နေရာတွေနဲ့ မဆိုင်ပေမယ့်လှေကားထစ်တွေ အကြောင်းပြောရင် ထည့်မပြောရမနေနိုင်ပါဘူး။ လွင့်မျောနေတဲ့ပုံစံနဲ့ လှေကားဆိုရင်တောင် လှေကားဒီဇိုင်းနဲ့ ပတ်သက်လို့ တီထွင်ဆန်း သစ်မှုရှိတယ်ဆိုရင် လှေကားအောက်က ပစ္စည်းထည့်ဖို့နေရာရှိတယ်ဆိုတာမမေ့သင့်ပါဘူး။
၁၃။ ပျော်ရွှင်စရာလေးတွေလုပ်ပါ
စိတ်ဝင်စားစရာအကောင်းဆုံးလှေကားတွေက အနုပညာလက်ရာတွေပေါင်းစပ်ပါဝင်ဖွဲ့စည်း ထားတဲ့ လှေကားတွေပါ။ အတွန့်အလိမ်လှေကားဖြစ်ဖြစ်၊ စိတ်ကူးဉာဏ်ကွန့်မြူးထားတဲ့လှေကား ဒါမှမဟုတ် သမားရိုးကျလှေကားပဲဖြစ်ဖြစ် လှေကားကိုထူးထူးခြားခြား အလှဆင်ဖို့ ကြောက်ရွံ့မနေပါနဲ့။

Photo Credit – Internet

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


ads

အိမ်ကို မွမ်းမံတဲ့အခါ အနက်ရောင်ဆိုတာ ဇဝေဇဝါဖြစ်နေစရာမလိုဘဲ ကြိုက်တယ်၊ မကြိုက်ဖူး တထစ်ချဆုံးဖြတ်လိုက်ရတဲ့အရောင်ပါ။ အနက်ရောင်ဟာ ပတ်ဝန်းကျင်ကို လွှမ်းခြုံနိုင်တဲ့အတွက်ကြောင့် ကျွန်မကတော့ နှစ်သက်ပါတယ်။ ဒါပေမယ့် သေချာမကိုင်တွယ်တတ်ရင်တော့ ဒုက္ခပေးတတ်ပါတယ်။ အနက်ရောင်ဆေးသား ဒါမှမဟုတ် အနက်ရောင် အတိပြီးတဲ့နံရံကို အရောင်တောက်တောက်တွေနဲ့ရောပြီး လှပသွားအောင် ဖန်တီးလိုက်တာလိုမျိုး အနက်ရောင်ကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်း ၁၀ ခု ကို ဖော်ပြလိုက်ပါတယ်။
၁။ စုံလင်တဲ့အရောင်တွေနဲ့ တောက်ပစေလိုက်ပါ။
နံရံတွေကအစ ဆေးသားအထိ မည်းနက်နေခဲ့မယ်ဆိုရင် စွဲမက်စရာနောက်ခံတစ်ခုကို ဖန်တီးလို့ရပါတယ်။ ပန်းရောင် စားပွဲတင်မီးအိမ်၊ အဝါရောင်တောက်တောက်ပန်းပုရုပ်၊ ခေတ်ပေါ်ပန်းချီကားတွေနဲ့ အခန်းကိုပေါ်လွင်စေမယ့် အဆင်တန်ဆာလေးတွေပေးထားခြင်းက အရောင်လှလှလေးတွေ များများစားစား မပါဝင်ပေမယ့် အနက်ရောင်ရဲ့ တင့်တယ်လှပမှုကို ပေါ်လွင်သွားစေပါတယ်။ အနက်ရောင်ရဲ့ အစွမ်းသတ္တိတွေ ပျောက်ပြယ်မသွားအောင် ပစ္စည်းလေး တစ်ခု၊ နှစ်ခုလောက် ထားပေးရင် လုံလောက်ပါပြီ။

၂။ လှပမှုကို အနက်ရောင်နဲ့ ပုံဖော်ကြည့်ပါ။
ထူးခြားကောင်းမွန်တဲ့ နေရာလေးတစ်ခုအတွက် အနက်ရောင်က နောက်ကွယ်က ကောင်းကောင်း ပံ့ပိုးပေးနိုင်ပါတယ်။ ပုံမှာပြထားတဲ့ အခန်းကိုကြည့်လိုက်ရင် အရမ်းတောက်ပလင်းထိန်နေမယ့် ဒီထဲမှာ အနက်ရောင်ရဲ့ ဇာတ်ပို့တာဝန်ကျေပွန်မှုကို မြင်နိုင်ပါတယ်။ တစ်ခန်းလုံးကို အလင်းရောင်ပေးနိုင်တဲ့ မှန်နံရံရှေ့မှာ သစ်သားထည်၊ ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို အနက်ရောင်ပဲ အသုံးပြုပေးပါ။ ဒါမှလည်း အခန်းက လေကောင်းလေသန့်ရပြီး ကျယ်ဝန်းသယောင်ထင်ရလို့ အနက်ရောင်ရဲ့ လှပမှုကို လက်တွေ့ခံစားနိုင်မှာပါ။

၃။ တောက်ပတဲ့ အရောင်တွေနဲ့ ခြယ်မှုန်းပါ။
အနက်ရောင်နောက်ခံနဲ့ နေရာတစ်ခုကို မြူးကြွတဲ့ အပြင်ဆင်မျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာကို ပုံပါအတိုင်း လက်ရာမြောက်အောင် ပြင်ဆင်ထားတဲ့ ဧည့်ခန်းလေးကို ကြည့်ရင်သိနိုင်ပါတယ်။ အစိမ်းရောင်၊ စိမ်းပြာရောင်နဲ့ စိမ်းဝါရောင် စသည်ဖြင့် အရောင်တောက်တောက်ပစ္စည်းလေးတွေ ထားပေးထားလိုက်မယ်ဆိုရင် အနက်ရောင်အခန်းကြီးကနေ ညို့ငင်စွမ်းရှိတဲ့ နတ်ဘုံနတ်နန်းလေးအဖြစ် ပြောင်းလဲသွားမှာ သေချာပါတယ်။

၄။ ပိုပြီးတောက်ပပါစေ။
ဆေးအနက်သုတ်ထားတဲ့ စင်္ကြံလမ်းမှာ မှန်တစ်ချပ်ချိတ်လိုက်ခြင်းက တောက်ပမှုကိုပေးစွမ်းနိုင်တဲ့အပြင် အနက်ရောင်ရဲ့ အနုသုခုမဟန်ကိုလည်း ပျောက်ပျက်သွားစေခြင်း မရှိပါဘူး။ အခုလိုမှန်အခုံးချိတ်လိုက်ခြင်းက အနက်ရောင်ကို ပိုမိုတောက်ပစေတဲ့အပြင် စင်္ကြံလမ်းတစ်ခုလုံးကိုလည်း အလင်းပြန်စေနိုင်ပါတယ်။

၅။ အမြင်အာရုံကို လှည့်စားပါ။
ဘယ်နေရာမှာ တောက်ပတဲ့အရောင်သုံးပြီး ဘယ်နေရာမှာ နက်မှောင်တဲ့အရောင်သုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နေရာတစ်နေရာအတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ အခုလို ဟိတ်ဟန်ရှိတဲ့အဖြူရောင်အခန်းကြီးထဲမှာ မျက်နှာကြက်ကို ရှိရင်းစွဲထက် ပိုနိမ့်သွားသယောင် ခံစားစေရပြီးတော့ နေထိုင်ရသက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါမှမဟုတ် ရှည်မျောမျောနဲ့ အခန်းကျဉ်းလေး ဖြစ်နေတယ်ဆိုရင် နံရံရဲ့ အဆုံးမှာအနက်ရောင်သုတ်လိုက်ခြင်းက အခန်းကို ရှေ့နည်းနည်းရောက်သွားသလို ခံစားစေရမှာပါ။

၆။ မြေဖြူရောင် သုတ်ဆေးနဲ့ အရောင်လျှော့ပါ။
အခန်းတစ်ခန်းကို လွမ်းမောဖွယ် အငွေ့အသက်လေးတွေနဲ့ ဖုံးလွှမ်းစေချင်တယ်ဆိုရင် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ မြေဖြူရောင်ဆေးကို သုတ်ပါ။ မြေဖြူရောင်က တကယ့်ကို ထိုင်းမှိုင်းတဲ့အရာင်ဖြစ်လို့ နူးညံ့ပျော့ပျောင်းမှုရသကို အပြည့်အ၀ ပေးစွမ်းနိုင်မှာပါ။ လက်တွေ့စမ်းသပ်ကြည့်ပါ။ လက်လွန်ပြီး သိပ်များသွားတဲ့အခါကျရင်လည်း အဲ့ဒီပေါ်မှာ အမြဲတမ်းအဖြူရောင်ပုံလေးတွေလည်း ဆွဲလို့ရပါသေးတယ်။

၇။ ခြေတစ်လှန်းနဲ့ စတင်လိုက်ပါ။
အနက်ရောင်ကို အသုံးပြုချင်ပေမယ့် စိုးရွံ့နေမိတယ်ဆိုရင် ပုံထဲက စတိုင်လ်ကျတဲ့ အခန်းအပြင်အဆင်လေးကို ကြည့်ပြီးတော့ သေးငယ်ပြီးအတွင်းလည်းကျတဲ့ လှေကားတက်လိုနေရာမျိုးမှာ အနက်ရောင်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ကြည့်လိုက်ပါ။ ဆန့်ကျင်ဘက်အရောင်နှစ်ရောင်ရဲ့ တွဲဖက်မှုက အသက်ရှုမှားလောက်အောင် လှပနေမှာပါ။ နှစ်ဖက်လုံးမှာလည်း အလင်းရောင်ရတဲ့ အခန်းတွေရှိနေတာကြောင့် အနက်ရောင်က လွှမ်းခြုံနေတော့မှာ မဟုတ်ပါဘူး။

၈။ သီးသန့် အနက်ရောင်နံရံကို ဖန်တီးပါ။
နံရံတစ်ချပ်တည်းကို သီးသန့် အနက်ရောင်သုတ်ပါ။ ဒီအခန်းထဲမှာ ရှိနေတဲ့အနက်ရောင်နံရံက အိပ်ယာကို ပေါ်လွင်စေတဲ့အပြင် မီးရောင်ကိုလည်း တောက်ပစေပါတယ်။ ကျန်တဲ့အဖြူရောင် နံရံနဲ့ လိုက်ဖက်အောင် အိပ်ယာခင်းအဖြူခင်းလိုက်မယ်ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ အခန်းငယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

၉။ အသုံးအဆောင် ပစ္စည်းလေးတွေကို အသုံးချပါ။
အနက်ရောင်နံရံအထိ လုပ်ဖို့စိတ်မရဲဘူးဆိုရင် အနက်ရောင်အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ကွဲပြားခြားနားတဲ့အလှကို ဖန်တီးကြည့်ပါ။ ပုံမှာပြထားတဲ့ အမျိုးသမီးအိပ်ခန်းမှာ အနက်ရောင်လိုက်ကာ၊ အနက်ရောင်ဓာတ်ပုံမှန်ဘောင်နဲ့ အသားမည်းနက်မာကျောတဲ့ ရင်းတိုက်သားနဲ့ထုထားတဲ့စားပွဲကို နေရာချထားတဲ့ ဒီဇိုင်းဟာ တန်ဘိုးကြီး အိပ်ခန်းတစ်ခုအသွင် ဖြစ်ပေါ်စေပါတယ်။ ဒီနေရာမှာ အဓိကကျတာကတော့ မီးရောင်ကို စုပ်ယူသွားမယ့်အစား ပိုပြီးမီးစားအောင်ပြုလုပ်ပေးမယ့် ချောမွတ်ပြောင်လက်နေတဲ့ နံရံတွေပါပဲ။


၁၀။ အဖြူအမည်း ဒီဇိုင်းကို အသုံးပြုပေးပါ။
ဒီစင်္ကြံလမ်းမှာ အနက်ရောင်တွေ လွန်ကဲနေတယ်လို့ ထင်ရပေမယ့် အဖြူအမည်း ဂျီသြမေတြီဒီဇိုင်းပုံစံ၊ အဖြူအစင်းကြားတွေနဲ့ တလက်လက်တောက်ပနေတဲ့ ဗီရိုတံခါးလက်ကိုင်တွေကြောင့် အနက်ရောင် စင်္ကြံလမ်းကို နှစ်သက်ကြည်နူးစရာကောင်းပြီး ညို့ယူနိုင်တဲ့ စင်္ကြံလမ်းလေးအဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။

Photo Credit – Internet

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


တိုက်ခန်းတွင် နေထိုင်သူများအတွက် ကြိုတင်သတိထားကာကွယ်သင့်သည့်အချက်များ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
မေ 9, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

လူအများစုက တိုက်ခန်းမှာ နေရတာကို နှစ်သက်ကြပါတယ်။ ခရီးခဏခဏထွက်တတ်တဲ့ တစ်ကိုယ်တည်းသမား သို့မဟုတ် ခြံဝန်းနဲ့နေရတာကို မနှစ်သက်တဲ့မိသားစု သို့မဟုတ် သက်ကြီးရွယ်အိုတွေကို ထားခဲ့ရတာ စိတ်မချတဲ့ လူတွေအတွက် တိုက်ခန်းရွေးချယ်မှုမှန်ကန်မှသာ ထိန်းသိမ်းပြုပြင်စရိတ်နည်းပါးပြီး သက်သောင့်သက်သာရှိတဲ့ လူနေမှုဘဝစတိုင်လ်ကို ပိုင်ဆိုင်နိုင်မှာပါ။
ဒါပေမယ့် ငှားတာပဲဖြစ်ဖြစ်၊ အပိုင်ပဲဖြစ်ဖြစ် တိုက်ခန်းမှာနေတဲ့လူတွေဟာ လုံခြုံရေးပြသနာတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုပြသနာတွေကို ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတာနဲ့ ပတ်သက်ပြီး အဓိက အရေးကြီးတဲ့ အချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ လူအဝင်အထွက်စစ်ဆေးမှုရှိတဲ့ တိုက်ခန်းကို ရွေးချယ်ပါ။
တိုက်ခန်းဝယ်တဲ့အခါ ကျယ်ဝန်းတဲ့ ကြမ်းခင်းပုံစံ၊ ခေတ်မီမီးဖိုချောင်အပြင်အဆင်တွေကို ကြည့်ရမယ့်အပြင် လုံခြုံရေးအပြင်အဆင်ကိုပါ ထည့်စဉ်းစားသင့်ပါတယ်။ ကိုယ်ဝယ်မယ့် တိုက်ခန်းမှာ အကာအရံနဲ့ စစ်ဆေးရေးဂိတ်ရှိရဲ့လား။ ဝင်ပေါက်တွေကို သော့သေချာပိတ်ရဲ့လား။ လူအဝင်အထွက်စောင့်ကြည့်တဲ့ အင်တာကွန်းစနစ်တွေကောင်းရဲ့လား။
ကိုယ်ရွေးချယ်လိုက်တဲ့ တိုက်ခန်းမှာ လူအဝင်အထွက်သေချာစစ်ဆေးတဲ့ ပစ္စည်းကိရိယာတွေ ရှိနေဖို့ လိုပါတယ်။ ဧည့်ကြိုကနေ ဧည့်သည်အဝင်အထွက် စာရင်းအထိ စစ်ဆေးပုံအလွှာအဆင့်ဆင့် ရှိသင့်ပါတယ်။ ဒီလိုလုံခြုံရေးစနစ်ရှိတဲ့နေရာက အိမ်ငှားခဈေးကြီးတတ်တာကြောင့် ကိုယ်တတ်နိုင်တဲ့ လုံလောက်မယ့် ပမာဏကိုသာ ရွေးချယ်သင့်ပါတယ်။


၂။ ညီတူညီမျှအားထုတ်ကြိုးပမ်းမှုနဲ့ ဆက်သွယ်မှုလိုအပ်ပါတယ်။
ကိုယ်နေတဲ့တိုက်ခန်းမှာ အင်တာကွန်းစနစ်ရှိတယ်ဆိုရင် တိုက်ခန်းအတွင်းကနေ အရှေ့တံခါးကို လှမ်းဖွင့်လိုရပါတယ်။ ဒီလိုစနစ်ရှိတယ်ဆိုရင် အသုံးပြုတဲ့သူတွေကလည်း ကောင်းဖို့လိုအပ်ပါတယ်။ အမည်မဖော်နိုင်တဲ့သူစိမ်းတွေက တိုက်ခန်းကို ပုံမှန်ဝင်ထွက်နေတယ်ဆိုရင် အင်တာကွန်းစနစ်ရှိနေလည်း ဘာမှအသုံးမဝင်ပါဘူး။ တိုက်ခန်းလုံခြုံရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ တိုက်ခန်းမှာနေတဲ့လူတွေအားလုံးကို နားလည်အောင်ရှင်းပြထားဖို့လိုအပ်ပါတယ်။


၃။ တိုက်ခန်းတံခါးသော့တွေကို ပြောင်းပစ်ပါ။
တိုက်ခန်းအသစ်ဝယ်လိုက်ပြီဆိုတာနဲ့ အိမ်ပြင်ဘက်သော့တွေအားလုံးကို လဲပစ်လိုက်တာ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါပဲ။ ဒါပေမယ့်တိုက်ခန်းသစ်ဝယ်လိုက်တာမဟုတ်ဘဲ တိုက်ခန်းငှားတဲ့အခါ လူအများစုကသော့တွေကို လဲပစ်ဖို့ ဝန်လေးနေတတ်ကြပါတယ်။ ပိုင်ရှင်က သော့တွေကို လဲထားပြီးပြီလို့ပြောရင်တောင် သော့တွေကို လဲပစ်ဖို့လိုအပ်ပါတယ်။ ပိုင်ရှင်အများစုက အိမ်ငှားပြောင်းသွားတဲ့အခါ အိမ်ရာတစ်ခုတည်းက အခန်းသော့တွေကိုပဲ အလဲအလှယ်လုပ်ပစ်တတ်ကြပါတယ်။ ဒါကြောင့် အဲ့ဒီအိမ်ရာမှာ မကြာသေးခင်ကမှ နေသွားတဲ့ လူတစ်ယောက်ယောက်က ကိုယ့်အခန်းသော့ကိုဖွင့်ဖို့ အလွယ်တကူနည်းလမ်းရှာနိုင်နေပါလိမ့်မယ်။ ပိုင်ရှင်က ရှိပြီးသားသော့တွေကို လဲခွင့်မပြုဘူးဆိုရင် အိမ်ဝင်ပေါက်တံခါးအတွက် သော့တစ်ချောင်းထပ်ထားဖို့ ခွင့်တောင်းလိုက်ပါ။ အိမ်ပိုင်ရှင်အများစုကတော့ သူတို့ကို သော့တစ်ချောင်းအပိုပေးထားမယ်ဆိုရင် ခွင့်ပြုပေးတတ်ကြပါတယ်။ ဒါဆိုရင် ပိုပြီးလုံခြုံစိတ်ချရတဲ့ အကောင်းစားသော့ကို ရွေးချယ်လိုက်ပါ။ ဖောက်ထွင်းချင်တဲ့လူတွေလည်း ဝေးဝေးက ရှောင်သွားကြပါလိမ့်မယ်။


၄။ ကားပါကင်နှင့် ဂိုထောင်လုံခြုံရေး
အပြင်ဘက်မှာပဲဖြစ်ဖြစ်၊ ဂိုထောင်ထဲမှာပဲဖြစ်ဖြစ် ကားပါကင်နေရာတွေက အလင်းရောင်မှိန်ပြီး သီးခြားစီဖြစ်နေမယ်ဆိုရင် အန္တရာယ်ရှိစေနိုင်ပါတယ်။ ပစ္စည်းခိုးမှုတွေရဲ့ ၁၀ ရာခိုင်နှုန်းကျော်လောက်က ကားပါကင်မှာဖြစ်လေ့ရှိတာလို့ လေ့လာဆန်းစစ်မှုတွေမှာ ဖော်ပြထားပါတယ်။
ကိုယ်နေတဲ့ တိုက်ခန်းမှာ ကားပါကင် သို့မဟုတ် ဂိုထောင်ရှိတယ်ဆိုရင် ၂၄ နာရီအချိန်ပြည့် မီးလင်းနေဖို့ လိုအပ်ပါတယ်။ နောက်ပြီးကားပါကင်ရဲ့ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်မှတ်တမ်းတင်နေမယ့် စီစီတီဗီကင်မရာလည်း ရှိနေသင့်ပါတယ်။ ဂိုထောင်ထဲမှာ လမ်းလျှောက်ရတဲ့အချိန်နဲ့ အကာအဝေးကို လျှော့ချဖို့ ဖြစ်နိုင်ရင် ဝင်ပေါက်နားမှာပဲ ကားရပ်ထားပါ။ တိုက်ခန်းမှာ ကိုယ့်အတွက် ကားဖို့ သီးသန့်နေရာလုပ်ပေးထားပြီးသားဆိုရင် ဝင်ပေါက်နားမှာ နေရာတစ်ခုထပ်တောင်းဖို့ ဝန်လေးမနေပါနဲ့။


၅။ မီးလောင်ရင် ကြုံရမယ့်အခြေအနေအတွက် ပြင်ဆင်ထားပါ။
ဘယ်မှာပဲနေနေ အကယ်၍ မီးလောင်ခဲ့မယ်ဆိုရင် အရေးပေါ်ထွက်နိုင်ဖို့ ကြိုတင်စီစဉ်ထားသင့်ပါတယ်။ အဆောက်အဦကြီးကြီး သို့မဟုတ် မြင့်မြင့်မှာနေတယ်ဆိုရင် အပြင်ကို မြန်မြန်ထွက်နိုင်ဖို့ဆိုတာ ထင်တာထက်တောင်ပိုခက်နေပါဦးမယ်။ မီးလောင်ရင်ထွက်မယ့်လမ်းကို ကြိုမပြင်ထားရင် အရေးကြုံတဲ့အခါ အသက်ပေးလိုက်ရနိုင်ပါတယ်။ အိမ်ရာအသစ်ကိုပြောင်းလာပြီဆိုရင် အရေးပေါ်ထွက်လမ်းကို ပိုင်ရှင်က နံရံမှာကပ်ထားတာပဲဖြစ်ဖြစ်၊ မြေပုံနဲ့ပြထားတာပဲဖြစ်ဖြစ် လုပ်ပေးထားတတ်ပါတယ်။ ဒါပေမယ့်ကိုယ်နေတဲ့တိုက်ခန်းမှာမရှိဘူးဆိုရင် အရေးပေါ်ထွက်မယ့်လမ်းကို ကိုယ်တိုင်ဆွဲထားဖို့လိုပါတယ်။
မီးလောင်တဲ့အချိန်မှာ ဓာတ်လှေကားသုံးမရတဲ့အတွက် ကိုယ့်အခန်းနဲ့ အနီးဆုံးလှေကားကို သိထားဖို့လိုအပ်ပါတယ်။ အပြင်မှာ အရေးပေါ်လှေကားရှိတဲ့ တိုက်ခန်းတစ်ခုမှာနေတယ်ဆိုရင် လှေကားကမြေကြီးပေါ်ရောက်တဲ့အထိ အန္တရာယ်ကင်းကင်းဆင်းလို့ရရဲ့လားဆိုတာ သေချာအောင် စစ်ဆေးထားပါ။ ကိုယ့်အခန်းမှာ မီးသတ်ဆေးဘူးလည်းထားဖြစ်အောင်ထားပါ။ အိမ်ရာမှာဆိုရင်လည်း မီးသတ်ဆေးဘူးနဲ့ မီးသတိပေးဘဲလ်ထားတဲ့နေရာကို သိအောင်လုပ်ထားပါ။


၆။ မီးခိုးနဲ့ ကာဗွန်မိုနောက်ဆိုဒ် ကိရိယာတွေထားပါ။
တိုက်ခန်းမှာ မီးခိုးအာရုံခံကိရိယာရှိတယ်ဆိုရင်တောင် တိုက်ခန်းမှာရှိတဲ့လူက ဘက်ထရီလဲပေးတာ၊ ပုံမှန်စစ်ဆေးပေးတာမျိုးတွေလုပ်ဆောင်သင့်ပါတယ်။ ကိုယ်နေတဲ့အခန်းမှာ ကာဗွန်မိုနောက်ဆိုဒ် အာရုံခံကိရိယာမရှိဘူးဆိုရင် ထပ်တပ်ဆင်လိုက်ပါ။ အထူးသဖြင့် ကိုယ်နေတဲ့အခန်းမှာ မီးဖို သို့မဟုတ် သဘာဝဓာတ်ငွေ့ ပုံမှန်အသုံးပြုတယ်ဆိုရင် ပိုတပ်သင့်ပါတယ်။ ဒီလိုအာရုံခံကိရိယာတွေကို နေ့စဉ်ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်