စာေရးသူ - : သံသာ

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
July 11, 2020 နေ့
Decorationဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

လူတိုင်းလူတိုင်းအတွက် ကျန်းမာလှပဖို့က အရေးကြီးဆုံးပါ။ တစ်နေ့တာလုံး အလုပ်တွေချည်းပဲ လုပ်ကိုင်ရင်း ကိုယ့်ရဲ့ကျန်းမာရေးနဲ့အလှအပအတွက် အချိန်မပေးဘဲနေတာမျိုးက ကိုယ့်ကိုယ်ကိုပဲ ထိခိုက်စေတာမဟုတ်ဘဲ ကိုယ်တိုင်အပါအဝင် မိသားစုတစ်ခုလုံးရဲ့ ပျော်ရွှင်မှုကိုပါ တစ်ချိန်မှာ အနှောက်အယှက်ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ်တိုင်လည်း ကျန်းမာရွှင်လန်းပြီး ကိုယ့်ရဲ့မိသားစုနဲ့အတူ အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်နေထိုင်သွားကြဖို့အတွက် ကျန်းမာရေးက အဓိက မခန်းကဏ္ဍမှာ ပါပါတယ်။ ကျန်းမာဖို့အတွက် ကိုယ်ပိုင် အားကစားခန်းမ ဖန်တီးဖို့ အိမ်ရဲ့ ဘယ်နေရာမှာ ဒီကိရိယာတွေနဲ့ ဘယ်လိုထိရောက်အောင် လေ့ကျင့်မလဲဆိုပြီး အခက်အခဲဖြစ်နေစရာမလိုအောင် ဒီကဏ္ဍလေးမှာ အားကစားခန်းမကို ကိုယ်ပိုင် ရည်ရွယ်ချက်အမျိုးမျိုးပေါ်မူတည်ပြီး အိမ်ထဲမှာ နေရာတကျ သပ်သပ်ရပ်ရပ်ထားရှိဖန်တီးနိုင်စေမယ့် အချက် ၁၀ ချက်ကို အကြံပြုဖော်ပြပေးလိုက်ပါတယ်။
၁။ တက်ကြွနိုးကြားစေရန် လှုံ့ဆော်ပေးရာ အားကစာခန်းမ
အားကစားခန်းမ ဖန်တီးတဲ့ခါ တက်ကြွနိုးကြားမှုကို အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့ ပုံစံမျိုးဖြစ်အောင် ဘယ်လိုဖန်တီးလဲဆိုတာ ဦးစာပေးစဉ်းစာရမယ့်ထိပ်ဆုံးက အချက်ပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကိုယ့်ကိုယ်အကောင်းဆုံး တက်ကြွနိုးကြားစေတာက ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ အချစ်ရဆုံး မိသားစုဝင်တွေ၊ အခင်မင်ရဆုံး မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ဖူးခဲ့ဖူးတဲ့ အတိတ်တွေပဲဖြစ်ပါတယ်။ ဒီလို အတိတ်အချိန်ကာလတစ်ခုက ပျှော်ရွှင်ဖွယ်အခိုက်အတန့်လေးတွေကို ဓာတ်ပုံနဲ့ မှတ်တမ်းတင်ထားတာမျိုးရှိရင် ဓာတ်ပုံတွေကို အကြီးချဲ့ကူးပြီး မှန်ဘောင်တွေနဲ့ အားကစားခန်းမရဲ့ နံရံမှာ ချိတ်ဆွဲပေးပါ။ ကိုယ်အနှစ်သက်ဆုံး စံပြအားကစား အကျော်အမော်တွေရဲ့ ပိုစတာဓာတ်ပုံတွေလည်း နံရံမှာ ကပ်ထားပြီး အားကစားလုပ်နေရင်း မြင်နေရတဲ့အခါ သင့်ကိုအကောင်းဆုံးနိုးကြား သွက်လက်မှုကို ဖြစ်ပေါ်စေပြီး လေ့ကျင့်ခန်းတွေကို ပိုပြီးထိရောက်သွားစေမှာ ဖြစ်ပါတယ်။


၂။ အားကစားခန်းမကို ဧည့်ခန်းထဲမှာ သက်သောင့်သက်သာထားရှိပါ။
သင့်အနေနဲ့ အားကစားခန်းမကို ဘယ်လိုပြင်ဆင်မလဲဆိုတာ မေးစရာဖြစ်နေရင် သက်သောင့် သက်သာရှိစေဖို့ ဦးစားပေးပါလို့ အကြံပြုပါရစေ။ ပင်ပန်းနွမ်းလျမှုတွေကို ပပျောက်သွားအောင် သင့်ကို ဖျော်ဖြေမှုပေးနေတဲ့နေရာက ဧည့်ခန်းပါဆိုရင် လေ့ကျင့်ခန်းလုပ်မယ့် အားကစားခန်းမနေရာမှာလည်း ပင်ပန်းမှုတွေကို အလျော့ပါးဆုံးဖြစ်အောင် ဧည့်ခန်းလိုမျိုးကျကျနန ဖန်တီးပေးပါ။ အခန်းသီးသန့်ဖန်တီးနေရမှာ မလိုချင်ဘူးဆိုရင်လည်း သင့်ရဲ့ မူလဧည့်ခန်းမှာပဲ ထောင့်တစ်နေရာမှာ အားကစားစက်ပစ္စည်းတွေနဲ့ အလေးတစ်ချို့ကို ချထားပြီး ဧည့်ခန်းလည်း ဖြစ်၊ အားကစားခန်းမလည်းဖြစ်အောင် ဖန်တီးနိုင်ပါသေးတယ်။ အနည်းဆုံးသင့်အိမ်ကို အလည်လာတဲ့ ဧည့်သသည်တွေကတော့ ဧည့်ခန်းထဲက အားကစားပစ္စည်းတွေကို မြင်ရုံနဲ့ သင်က ကျန်းမာရေးကို အချိန်ပေးလိုက်စားတတ်သူအဖြစ် တမင်ထုတ်ပြောစရာမလိုဘဲ သူတို့ဘာသာ သူတို့ အလိုလိုမြင်တွေ့ လေးစားသွားကြမှာဖြစ်ပါတယ်။


၃။ အမြင်လှည့်ဖျားမှုဖြင့် အားကစားခန်းမကို ပိုကျယ်ဝန်းပါစေ
သင့်အိမ်မှာ အားကစားခန်းမအတွက် နေရာအကျယ်ကြီး မပေးနိုင်ဘူးဆိုပေမယ့် အမြင်လှည့်ဖျားရုံနဲ့ပဲ အားကစားခန်းမကို နဂိုရှိရင်းစွဲထက် ပိုကျယ်သွားအောင် ပြုပြင်ဖန်တီးလိုက်လို့ ရပါတယ်။ မျက်နှာကြက်ကနေ ကြမ်းပြင်အထိ နံရံအပြည့် ကြေးမုံမှန်ချပ် တပ်ဆင်ဖို့ပဲ လိုအပ်တာပါ။ ကြေးမုံပြင်တွေက ကျဉ်းနေတဲ့ အိပ်ခန်းနေရာတွေကို အမြင်အာရုံလှည့်ဖျားပြီး နဂိုထက်ပိုကျယ်သွားစေတယ်လို့ ထင်ရအောင် ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ပိုကျယ်တဲ့အခန်းလို့ ထင်မြင်ရပြီး အားကစားလေ့ကျင့်ခန်းလုပ်သူကလည်း ကိုယ်ကိုယ်တိုင်ရဲ့လေ့ကျင့်စွမ်းဆောင်မှုတိုင်းကို ဒီကြေးမုံပြင်ကနေ ပြန်မြင်နေရမှာဖြစ်တဲ့အတွက် တက်ကြွမှုတွေ ဆထက်ထမ်းပိုးတိုးသွားစေပြီး လေ့ကျင့်မှုတွေကိုပါ ပိုပြီးထိထိရောက်ရောက်ဖြစ်သွားစေမှာပါ။


၄။ ယောဂစတူဒီယို
အကုန်အကျသက်သာဆုံးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားကတော့ ယောဂပါ။ စိတ်ရှည်ရှည်နဲ့ အချိန်အတိုင်းအတာတစ်ခုပေးပြီး ပြင်းထန်တဲ့ ခန္ဓာကိုယ်တွင်းတင်းအားတွေကို ဖြေလျှော့ပေးရတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းဖြစ်တာမို့ အကြောအခြင်တွေ၊ ကြွက်သားတင်းအားတွေကို ပျော့ပျောင်းသွားစေလောက်အောင် လေ့ကျင့်မှုအပါးမဝသေးခင်အထိ ယောဂက အမြင်အရ သက်သာလွယ်ကူပေမယ့် တကယ်တမ်းလုပ်ကြည့်တော့ ပြင်းထန်ခက်ခဲတဲ့ လေ့ကျင့်မှုမျိုးဖြစ်ပါတယ်။ တကယ်လည်း ကျန်းမာရေးအတွက် အကျိုးများစေတာမို့ အချိန်အတိုင်းအတာတစ်ခု ကျော်လွန်နိုင်တဲ့အထိ မပျက်မကွက် လေ့ကျင့်ပေးသွားရင် နောက်ပိုင်းအဆင်ပြေသွားမှာ ဖြစ်ပါတယ်။ ယောဂစတူဒီယို အတွက်ကိုတော့ ယောဂကျင့်တဲ့ ဖျာပိုင်းလေးရယ်၊ ကြေးမုံချပ်ရယ်၊ စိတ်ဖျော့မှုပေးမယ့် အလင်းအမှိန်အဖျော့ မီးလုံးပြင်ဆင်မှုတွေလောက်နဲ့ ပြည့်စုံလုံလောက်သွားပါပြီ။


၅။ လှေကားခွင် အောက်က အားကစားခန်းမ
သင့်အိမ်မှာ အပေါ်အောက် အတက်အဆင်းလုပ်တဲ့ လှေကားမှာ လှေကားခွင်လို နေရာမျိုးပါရှိတယ်ဆိုရင် အားကစားခန်းမ ဖန်တီးဖို့အတွက် အရွေးချယ် သင့်ဆုံးနေရာလေးပဲ ဖြစ်ပါတယ်။ သင်အကြိုက်ဆုံး အတက်ကြွဆုံးနဲ့ အလုပ်ချင်ဆုံးစက်ကိရိယာကို လှေကားခွင်ခန်းရဲ့ အတွင်းဆုံးနေရာမှာသာ ထားလိုက်ပါ။ ဒီလိုထားခြင်းဖြင့် လှေကားခွင်မှာ ခပ်ကျဉ်းကျဉ်းလေးဖြစ်နေပေမယ့် အားကစားလုပ်ချင်စိတ် မရှိတော့မှာကို စိုးရိမ်နေစရာ လုံးဝမရှိတော့ပါ။


၆။ အကြောဖြေလျှော့ဖို့အတွက် နေရာဖန်တီးပေးပါ။
အားကစား လုပ်တဲ့နေရာမှာ လေ့ကျင့်ခန်းတွေကို ချွေးတင်မက အသက်ပင် ထွက်လုနီးပါး လုပ်နေရုံနဲ့ မလုံလောက်ဖူးဆိုတာ အားကစားလုပ်တဲ့လူတိုင်း သိထားပြီးသားဖြစ်မှာပါ။ အားကစားလေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်သလို လေ့ကျင့်ခန်းတွေ ပြီးသွားရင်လည်း အကြောဖြေလျှော့တာတွေနဲ့ အနားယူဖို့နေရာကို အလေးပေးလုပ်ဆောင်ကြရပါတယ်။ အားကစားခန်းမမှာပဲ သေတ္တာရှည်ပေါ်ဆိုဖာနဲ့ အံဖုံးအုပ်ထားတဲ့ ပုံစံမျိုး ခုံတန်းရှည်တွေက ဒီနေရာမှာ အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းတွေ ပြီးသွားတဲ့အခါ အလေးတုံးတွေနဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်း အတိုအထွာတွေကို သေတ္တာပုံးထဲမှာ ထည့်သိမ်းပြီး အခန်းကို တစ်ခါတည်း အလွယ်တကူ ရှင်းလင်းလိုက်လို့ ရပါတယ်။ အကြောလျှော့ လေ့ကျင့်ခန်းပြီးတာနဲ့ ခြေဆန့်လက်ဆန့် သက်သောင့်သက်သာ ခုံပေါ်မှာ ထိုင်ပြီး အနားယူလို့ရပါတယ်။


၇။ မိသားစုလေ့ကျင့်ခန်း အားကစားခန်းမ
ကလေးတွေရှိတဲ့ မိသားစုတွေမှာဆိုရင် ပိုသိသာပါတယ်။ မြင်မြင်သမျှ၊ တွေ့တွေ့သမျှကို မကြောက်၊ မရွှံ့ ကိုင်တွယ်ဆော့ကစားကြတဲ့ ကလေးတွေအတွက် မိဘတွေက အရိပ်တကြည့်ကြည့် ကာကွယ်ပေးနေရပါတယ်။ ကလေးတွေကို မျက်စိအောက်မှာ ထားမှအဆင်ပြေတဲ့အတွက် လူကြီးတွေက အိမ်အလုပ်လည်း လုပ်ရ၊ အပြင်စီးပွားရေးအတွက်လည်း အချိန်ပေးရနဲ့ ကျန်းမာရေးအတွက် အားကစားလေ့ကျင့်ခန်း ဆိုတာ ဘယ်နားနေလို့ နေရမှန်းတောင် မသိရတော့တဲ့အထိ ဖြစ်နေသူတွေအတွက် ဒီမိသားစုအားကစားခန်းမလေးက အခြေအနေတွေ အားလုံးကို ပြေလည်သွားစေမှာဖြစ်ပါတယ်။ အားကစားခန်းမမှာပဲ ကလေးတွေ အတွက် ပန်းချီခန်းနဲ့ ပုံပြရုပ်စုံခန်းငယ်လေးမျိုးကို ဖန်တီးကြည့်လိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း ကလေးတွေ ဆော့ကစားတာကို ကြည့်နေရုံနဲ့ပဲ အားကစားလေ့ကျင့်တာပါ တခါတည်း တွဲပြီးလုပ်ဆောင်နေလို့ ရပါတယ်။ မျက်နှာသုတ်ပုဝါတွေ အားကစားပစ္စည်းတွေ ထည့်သိမ်းတဲ့ သော့ပါတဲ့ locker ဗီရိုတွေရဲ့ မျက်နှာပြင်မှာလည်း ကျောက်သင်ပုန်းချပ်တွေနဲ့ ကလေးတွေ စိတ်ကြိုက် ရေးခြစ်၊ ရေးဆွဲလို့ရအောင် ဖန်တီးပေးထားလိုက်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း၊ ကလေးတွေရဲ့ လက်စွမ်းပြ ပုံဆွဲရေးခြစ်မှုတွေကို ချီမွမ်းပြောဆိုပေးရင်း ကလေးတွေနဲ့ မိဘတွေကြား အချစ်တွေ တိုးပွားလာစေမှာဖြစ်ပါတယ်။


၈။ အခန်းကျဉ်း အားကစားခန်းမ
အားကစားခန်းမ ဖန်တီးဖို့အတွက် နေရာကျယ်ကျယ်ဝန်းဝန်း မပေးနိုင်လည်း စိတ်ပူနေစရာ မလိုပါဘူး။ လမ်းလျှောက်စက် တစ်လုံးသာသာပဲ ဝင်ဆံ့တဲ့ အခန်းလေးဆိုရင်တောင် ဒါက အားကစားခန်းမလို့ ဆိုနိုင်ပါပြီ။ ကိုယ်လက်လှုပ်ရှားမှုတိုင်းက အားကစားလေ့ကျင့်မှုတွေပဲ ဖြစ်တာမို့ အရမ်းကျဉ်းနေတဲ့အခန်းမှာဆိုရင် လမ်းလျှော်စက်ကိုထားပြီး အခန်းနံရံမှာ တီဗီနဲ့ ကြေးမုံချပ်တွေ ချိတ်ဆွဲလိုက်ရင် ရပါပြီ။ တီဗီဆင် ရတဲ့ အကြောင်းကတော့ တီဗီကြည့်ရင်း လမ်းလျှောက်စက်ပေါ်ပြေးတာမျိုးက အခန်းအကျဉ်းအကျယ်ကို အာရုံမရောက်စေဘဲ လမ်းလျှောက်လေ့ကျင့်ခန်းကို ပြီးမြောက်အောင်မြင်စေတာမို့ပါ။


၉။ ထပ်ခိုးပေါ်က အားကစားခန်းမ
အားကစားလေ့ကျင့်ဖို့အတွက် ခန်းမဖန်တီးဖို့ နေရာကြပ်တည်းနေသူများအတွက် နောက်ထပ်အကောင်းဆုံး ထပ်ခိုးပေါ်မှာ အားကစားခန်းမ ဖန်တီးထည့်သွင်းတာမျိုးပါ။ ထပ်ခိုးပေါ် ထားရှိမှာဖြစ်တဲ့ အရမ်းလေးလံတဲ့ လေ့ကျင့်ခန်း စက်ကိရိယာမျိုးတွေ များများစားစား မထားရှိဘဲ အလေးတုံးတွေနဲ့ စက်ကိရိယာလွတ် လေ့ကျင့်တာမျိုးတွေနဲ့၊ ယောဂလေ့ကျင့်တာမျိုးတွေပဲ လုပ်တဲ့ အားကစားခန်းမအဖြစ် အသုံးပြုတာက ပိုအဆင်ပြေပါတယ်။


၁၀။ ကိုယ်ပိုင် ရုံးခန်းထဲက အားကစားခန်းမ
အားကစားခန်းမ ဖန်တီးဖို့အတွက် လုံးဝနေရာမပေးနိုင်ဘူး ဆိုသူတွေအတွက်လည်း နောက်ဆုံးနည်းလမ်း တစ်ခုရှိပါသေးတယ်။ အိမ်မှာထားရှိတဲ့ စာကြည့်ခန်းပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ရုံးခန်းထဲမှာပဲဖြစ်ဖြစ် ကိုယ်အကြိုက်နှစ်သက်ဆုံး အားကစားစက်ကိရိယာတစ်ခုကို ထည့်ထားပြီး အားတဲ့အချိန်တိုင်း လေ့ကျင့်ခန်း အလွယ်လေး သွားပြီး လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်း၊ စာဖတ်ရင်း ညောင်းချိလာတဲ့အချိန်မျိုးမှာ အနီးနား ထားထားတဲ့ လေ့ကျင့်ခန်း စက်ကိရိယာကို မြင်တွေ့ပြီး ကိုယ့်ကိုယ့်ကို ကျန်းမာရေး ဂရုစိုက်ဖြစ်စေဖို့ သတိဝင်လာစေမှာဖြစ်ပါတယ်။ အလုပ်တွေ ဖိစီးပြီး အာရုံနောက်ကျိလာတဲ့ အခါမျိုးမှာ လေ့ကျင့်ခန်းလေး အချိန်ခဏပေးထားလုပ်လိုက်တာမျိုးကြောင့် စိတ်ဓာတ်ကျမယ့်အချိန် လုံးဝမရှိတော့ပဲ လန်းဆန်းတက်ကြွမှုကို ပြန်လည်ရယူနိုင်ပြီး ဒီလိုလုပ်ဆောင်ခြင်းက စိတ်ကျဝေဒနာမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးတဲ့ အမူအကျင့်ကောင်း တစ်ရပ်လည်း ဖြစ်ပါတယ်။

Photo Credit – Internet

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ရေစိမ့်နံရံများကို ကိုင်တွယ်ခြင်း(၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
June 23, 2020 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိုးရာသီသည် ပတ်ဝန်းကျင်တစ်ခုလုံး အေးမြနေပြီး အလွန်နေထိုင်လို့ကောင်းသော ရာသီဥတုဖြစ်သည်ဆိုသော်လည်း မိုးနှင့်အတူ ကျွန်တော်တို့မည်သို့မျှငြင်းဆန်၍မရနိုင်သော ပြဿနာများသည်လည်း တန်းစီပြီးဝင်ရောက်လာစေနိုင်ပါသည်။ အခု ဖော်ပြမယ့် အချက်ဆယ်ခုကတော့ အိမ်တွေမှာ မိုးတွင်းဘက်ကြုံရတတ်ဆုံးသော ပြဿနာတွေကို စစ်ဆေးကိုင်တွယ်ပုံကိုင်တွယ်နည်းတွေပါပဲ။
၁။ နံရံများအမိုးများကိုစစ်ဆေးပါ
အိမ်အမိုးများသည်တပ်ဆင်ရာတွင် သေချာမှုမရှိခဲ့သော်လည်းကောင်း၊ အရည်အသွေး မပြည့်ဝသောပစ္စည်းများနှင့် စနစ်တကျစီမံခဲ့ခြင်း မရှိ၍သော်လည်းကောင်း သေးငယ်သော အမိုးပေါက်များမှတဆင့် အဆောက်အအုံတစ်ခုလုံးသို့ ရေများစိမ့်ဝင်ပျံနှံသွားနိုင်ပေသည်။ ထို့ကြောင့် အိမ်အမိုးအောက်ဘက်မှ မှိုကွက်များ၊ မျက်နှာကြက်ပေါ်သို့ ကျရောက်လာသော ရေကွက်များကို ကြည့်၍ ကျွမ်းကျင်သူများနှင့်ဆွေးနွေးပြင်ဆင်သင့်သည်။
အကယ်၍ တိုက်ခန်းများ၌ ကွန်ကရစ်အမိုး Slab သားများ အသုံးပြုထားပါက မိုးရေ စိမ့်ဝင်နိုင်သော နေရာများကို မိုးမရွာမီအချိန်ကိုက်ပြုပြင်ဖာထေးသင့်သည်။ သီးခြားပြင်ဆင်မှုမပြုမီ ရေလုံဆေး (Water Proof) များကို အက်ကြောင်းများ၊ အဆက်များအလေးထားကာ လို့အပ်သည့်ဧရိယာကို ပိုင်းဖြတ်လုပ်ကိုင်ခြင်း မပြုဘဲ၊ တစ်ခွင်တစ်ပြင်လုံး အကြားအလပ်မရှိ သုတ်လိမ်းထားခြင်းကသာ၍ စိတ်ချရသည်ဟု ဆိုချင်သည်။
အကယ်၍ ကြွေပြားများကပ်ထားသည့် ဧရိယာဆိုလျှင်လည်း လေခိုကြွေပြားများ၊ ၎င်းတို့အောက်ရှိအက်ကွဲကြောင်း ကွန်ကရစ်ချောသားများ အပေါက်အပြဲများစသည်တို့ကို အမြန်ဆုံးပြုပြင်အစားထိုးမှုပြုလုပ်ရပါမည်။ မိုးရွာသည့်အခါ ရေများ အလွယ်တကူနှင့် လုံလောက်စွာဆင်းနိုင်စေရန် ရေဆင်းပိုက်များအတွင်းရှိ ပိတ်ဆို့မှုအနည်အနှစ်များ အဆက်နေရာများကို လမ်းကြောင်းတစ်လျောက် ကောင်းစွာသန့်ရှင်းမှုရရှိနေစေရပါမည်။


၂။ ရေတံလျောက်များကို သန့်ရှင်းပါ
ညစ်ပေနေသော ရေတံလျောက်များ ကျိုးပဲ့နေသော ရေတလျောက်များမှတဆင့် နံရံများပေါ်ရေဆင်းကာ စိုထိုင်းမှုဖြစ်ပေါ်စေတတ်သကဲ့သို့ ရေတံလျောက်များအတွင်း ရေများအကုန်အစင်ဆင်းမသွားပဲ ပိတ်ဆို့ကျန်ရှိနေပါက လက်ကျန်မိုးရေများကြောင့် အိမ်အမိုးများကိုပျက်စီးစေနိုင်ပါသည်။ ရေတံလျောက်များသည် ခေါင်မိုးပေါ်မှရေများကို အဆောက်အအုံ၏အောက်ခြေသို့တိုင် သယ်ဆောင်ပေးကြလေသည်ဖြစ်ရာ ရေတံလျောက်များအတွင်းမှ သစ်ရွက်အမှိုက်ဖတ်များ ပိတ်ဆို့မနေအောင် ဂရုစိုက်ကြရပါမည်။ အိမ်၏ အောက်ခြေအတွင်းအပြင်တွင် ရေစိမ့်ဝင်နိုင်သည့်ကွန်ကရိသားအက်ကြောင်း များထပ်မံတွေ့ရှိလာပါကလည်း ချက်ချင်းပြင်ဆင်သင့်ပါသည်။


၃။ လေဝင်လေထွက် (Ventilator) ပန်ကာငယ်များတပ်ဆင်ခြင်း
လေဝင်လေထွက်အတွက် ပန်ကာများသည်လည်း စိုထိုင်းမှုပမာဏကို လျော့ချနိုင်မှုအတွက် အကောင်းဆုံးတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ပြင်ပလေဝင်ရောက်မှုနှင့် အိမ်တွင်းလေသန့်စင်နိုင်မှုအတွက် လေဝင်လေထွက်ပန်ကာငယ်များကို လုံလောက်စွာ စနစ်တကျ တပ်ဆင်အသုံးပြုသင့်ပါသည်။


၄။ မီးပလပ်ပေါက်များ၊ ခုတ်များကိုစစ်ဆေးခြင်း
တချို့နေရာများတွင် လျှပ်စစ်ပလပ်ပေါက်များ၊ မီးခလုတ်များကို အိမ်ပြင်ဘက်နံရံများ၊ တိုင်များစသည်တို့တွင်ထားရှိမိပါက မိုးရေစိမ့်ဝင်နိုင်ခြင်း ရှိမရှိ၊ အဖုံးအကာများထားရှိလျှင်လည်း အမှန်တကယ် လုံခြုံမှုရှိမရှိကို စစ်ဆေးရပါမည်။ တစ်ခါတစ်ရံ အိမ်အတွင်းမှ လျှပ်စစ်မီးကြိုးကို အိမ်ပြင်နံရံမှ အဲကွန်းများ၊ မီးပလပ်များဆီသို့အရောက် နံရံထိုးဖောက်သွယ်တန်းထားမိတတ်ရာ ၎င်းအပေါက်မှတဆင့် မိုးရေများ စိမ့်ဝင်လာတတ်ပါသည်။


၅။ စိုထိုင်းမှုကြောင့် ခြများဝင်ရောက်ခြင်း
ခြများသည် ရေယိုရေစိမ့်ပြီး စိုထိုင်းထိုင်းရှိနေသောနေရာများကို ပစ်မှတ်တစ်ခုသဖွယ် အများဆုံးဝင်ရောက်ဖျက်ဆီးတတ်ကြပါသည်။


၆။ ကော်ဇော်နှင့် ကြမ်းခင်းများကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
ကော်ဇောများသည် ရေငွေ့အနည်းငယ်ရိုက်ရုံနှင့် အနံ့ဆိုးများထွက်ပြီး မှိုများ ပေါက်ပွားရာအကောင်းဆုံး နေရာတစ်ခုဖြစ်ပါသည်။ ဖုန်စုပ်စက်သည်လည်း ကော်ဇောပေါ်မှ ဖုန်းများအမှုန့်များကို စုပ်ယူနိုင်မည်ဖြစ်သော်လည်း ရေငွေ့နှင့် အညစ်အကြေးများကိုတော့ အကောင်းပကတိ စုပ်ယူရှင်းလင်းပေးနိုင်မည်မဟုတ်ပါ။


၇။ သစ်သားလျှာထိုးများ ပါကေးများနှင့် ရေငွေ့
မိုးရေသာမက မည်သည့် အရည်ပဲဖြစ်ဖြစ် ပါကေးများ၊ လျှာထိုးများစသည့် သစ်အချောထည် ကြမ်းခင်းပြားများကို ထိတွေ့ဖြစ်လျှင်တော့ သစ်သားထုမှာ အကျုံ့အကြွဖြစ်ပေါ်စေတတ်လေသည်။


၈။ သစ်ထည်ဘီရို အံဆွဲများကိုစစ်ဆေးပါ
မိုးရေနှင့်အတူ ပတ်ဝန်းကျင်ရေငွေ့များကြောင့် ဘီရိုအံဆွဲများတွင် ပျက်ဆီးမှုများဖြစ်ပေါ်တတ်ပါသည်။ အဝတ်အစားများနှင့် အခြားတန်ဖိုးကြီးများအတွက် ပရုတ်လုံးများ စသည့်ထည့်ထားပေးသင့်သည်။ ထို့ပြင် တမာရွက်သည် အင်းဆက်များကို နိုင်စေတတ်သောအစွမ်းရှိပါတယ်။ အဝတ်ဘီရိုများတွင် တမာရွက်များခင်းထားခြင်းဖြင့် အဝတ်အစားများ၊ ပရိဘောဂများကို တော်ရုံအင်းဆက်ပိုးမွှားများဖျက်ဆီးမှုမှ ကာကွယ်နိုင်ပါသည်။


၉။ ပုံမှန်အိမ်သန့်ရှင်းရေးလုပ်ပါ
ပုံမှန်အိမ်သန့်ရှင်းရေးပြုလုပ်ခြင်းသည် အကောင်းဆုံး ကာကွယ်မှုတစ်ခုဖြစ်ပါသည်။ စိုထိုင်းထိုင်း အရာဝတ္ထုများကို နေရောင်မှာထုတ်လှန်းပါ။ ကြမ်းခင်းများကိုလည်း မှိုပြန့်ပွားမှုမရှိအောင် ဂရုစိုက်ပါ။


၁၀။ အိမ်ပြင်ရန်မသင့်သော ရာသီ
မိုးတွင်းကာလသည် အိမ်မပြင်ဆင်သင့်သော ကာလဖြစ်ပါသည်။ အထူးသဖြင့် ဆေးသုတ်ခြင်း၊ ရေလုံဆေးတာခြင်းလုပ်ငန်းများကို မိုးရာသီမကျမီ သိုမဟုတ် မိုးကုန်မှ ပြုလုပ်ဆောင်ရွက်သင့်သည်။ အကယ်၍ မိုးတွင်းဘက်မှာပဲ အိမ်ပြင်၊ နံရံဆေးသုတ်လုပ်ငန်းများလုပ်ကိုင်ရန် အကြောင်းရှိလာပါက စိုစွတ်သော ရာသီနှင့် အထူးကိုက်ညီသော ရေစိုခံ သုတ်ဆေးများကို ရွေးချယ်အသုံးပြုခြင်၊ ကျွမ်းကျင်သူအဖွဲ့အစည်းများထံ ရွေးချယ်အပ်နှံခြင်းများပြုလုပ်သင့်ပါသည်။


ထို့ကြောင့် နောက်တစ်ကြိမ် အိမ်နံရံများကို ဆေးသုတ်မည်ဆိုပါက မိုးရာသီမရောက်မီလုပ်ကိုင်ရန် လိုအပ်ပါသည်။ ဆေးသား အသုံးပြုရာတွင်လည်း ဆီလီကွန်အခြေခံထုတ်လုပ်ထားသောဆေးများက အခြားအိမ်သုတ်ဆေးများထက် ရေစိုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိကြပါသည်။ ဤ နည်းအားဖြင့် ရေများ၊ နံရံကို လာရောက်ထိခိုက်ပါသော်လည်း စိုးရိမ်ဖွယ်ရာမရှိနိုင်တော့ပေ။

Photo Credit – Internet

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
May 16, 2020 နေ့
Bed Room ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

၁။ ဆေးသုတ်ခြင်း
သင့်အနေနဲ့ သင့်ရဲ့ အိမ်ခန်းလေးကို ဘယ်လိုပဲတစ်နှစ်တစ်ခါ ဆေးမှန်မှန်သုတ်ပြီး ပင်ဆင်မွမ်းမံနေတယ်ဆိုပါစေ ဆေးသားတွေ ဟိုနားဒီနားက အကွက်ကွက်လေးတွေထပြီး ပယ်နေတာကို တွေ့ရဦးမှာပါ။ ဒီတော့ ဆေးသုတ်ပြီး ပိုလို့်သိမ်းထားတဲ့သုတ်ဆေးလေးတွေနဲ့ အပြောက်အကွက် လေးတွေကိုဖြည့်ပြီး ကြည့်ကောင်းအောင်သုတ်ပေးနိုင်ပါတယ်။ ဆေးသုတ်ထားတာအချိန်အတော်လေးကြာပြီမို့ ဆေးပြယ်တာတွေကလည်း နေရာတော်တော်များများ ဖြစ်နေပြီဆိုပါစို့။ သင့်အနေနဲ့ အခန်းနံရံတွေကို ဆေးရောင်အသစ် ပြောင်းလဲသုတ်ပစ်နိုင်တဲ့ မဟာအခွင့်အရေးကြီးပါပဲ။ အခန်းအတွက် လတ်တလော ခေတ်စားနေတဲ့ အရောင်တွေကတော့ ပြစ်ပြစ်နှစ်နှစ် အရောင်ရင့်ရင့်လေးတွေပါပဲ။


နံရံအနားသတ်တွေ၊ မျက်နှာကျက်တွေမှာ အခန်းနံရံ အရောင်နဲ့ လိုက်ဖက်မယ့် အရောင်အနုအဖျော့လေးတွေက မျက်စိပသာဒ ဖြစ်စေမှာပါ။ အခန်းနံရံတွေတိုင်းကို တူညီတဲ့ အရောင်တွေ သုတ်ထားတာမျိုးက တည်ငြိမ်မှုကို ပေးစွမ်းတယ်ဆိုပေမယ့် ရိုးရှင်းလွန်းတဲ့အတွက် ပျင်းရိငြီးငွေ့ဖွယ်ကြီးပါ။ ဒီတော့ တည်ငြိမ်မှုလည်းမပျက်၊ ပျင်းရိဖို့ကောင်းတဲ့ ရိုးရှင်းတဲ့တစ်ရောင်တည်းစတိုင်လ်က ခွဲထုတ်ဖို့ အသင့်လျော်ဆုံး အရောင်ကွဲကတော့မီးခိုးရောင်ပါပဲ။ မီးခိုးရောင်ကဆိုရင် အရောင်တိုင်းနဲ့ ပနံသင့်တဲ့အပြင် တည်ငြိမ်မှုကို ပေးစွမ်းတာမို့ အချို့နံရံချပ်တွေမှာ မီးခိုးရောင်လေးကို ကြားရောင်အနေနဲ့ အလှည့်ပြောင်းပြီး သုတ်ပေးလိုက်ရင် သစ်လွင်ဆန်းသစ်မှု၊ လှိုက်လှဲနွေးထွေးမှု၊ တည်ငြိမ်အေးချမ်းမှု စတဲ့ အရာအားလုံးကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။


၂။ ပြောင်းရွေ့နေရာချခြင်း
ဆေးသုတ်ဆေးခြယ်ပြီးရင်တော့ ပရိဘောဂတွေနဲ့ အခန်းအပြင်အဆင်ပရိဘောဂတွေကို နေရာချတော့မှာပါ။ အသွင်သစ်အမြင်သစ် ဖြစ်ဖို့အတွက် ပရိဘောဂတွေကို နေရာမှာ မထားတော့ဘဲ နေရာနည်းနည်းလေး ပြောင်းပေးရမှာပဲဖြစ်ပါတယ်။ TV စင်ကနေ မီးလင်းဖို့နေရာနဲ့ ပြတင်းပေါက်နေရာတွေနဲ့ ချိန်ပြီး အခန်းထဲက ပရိဘောဂတွေကို အလိုက်သင့် နေရာပြောင်းရွှေ့ပေးမယ်ဆိုရင် ခံစားမှုအသစ်တွေကို ဖြစ်ပေါ်စေမှာအသေအချာပါပဲ။
အခန်းနံရံဘက်မှာ ခါတိုင်းချောင်းထိုးတဲ့ သလွန်စောင်းခုံလေးကို အခန်းအလယ်နားထိအောင် ထုတ်လိုက်ပါ။ သူ့နောက်မှာ ဆိုဖာစားပွဲလေးနဲ့ မီးအိမ်လေးကို တင်ထားလိုက်ပါ။ ပြီးရင်တော့ အိပ်ရာဘေးနေရာလွတ်မှာ စားပွဲခုံအသေးနဲ့ ထိုင်ခုံတွေ၊ အိမ်တွင်းအလှဆင် ပန်းအိုးလေးတွေကို စိတ်ကြိုက်ပုံစံနဲ့ ထားလိုက်မယ်ဆိုရင် အသစ်သစ်တွေနဲ့ အရာအားလုံးလတ်ဆတ်သွားဦးမှာပါ။ ပြီးရင်ဆေးသုတ်ထားတဲ့ နံရံပေါ်မှာ မိသားစုအမှတ်တရ ဓာတ်ပုံကြီးတွေပဲဖြစ်ဖြစ် အနုပညာလက်ရာမြောက်ပန်းချီကားတွေပဲဖြစ်ဖြစ် ပုံစံအသစ်အဆန်းနဲ့ ချိန်ထားလိုက်ရင်တော့ အားလုံးပြည့်စုံသလောက် နီးပါးဖြစ်သွားပါပြီ။


၃။ ဝယ်ယူခြင်း
အပေါ်မှာပြသွားခဲ့တဲ့ အချက်တွေလုပ်ဆောင်ပြီး သင့်စိတ်ထဲမှာ တစ်ခုခုလိုအပ်သလို ခံစားနေနိုင်ပါသေးတယ်။
အခန်းအလှဆင်တယ်ဆိုတာ စိတ်ကျေနပ်လေ့မရှိတာမျိုးဖြစ်တာမို့ သင့်အနေနဲ့ ကောင်းမွန်သွားတယ်လို့ ခံစားမိဦးမှာတော့ မဟုတ်ပါဘူး။ လိုအပ်တယ်လို့ ထင်သေးရင် ဈေးဝယ်ထွက်ရတော့မှာပါ။ အသစ်လည်းဖြစ်ရမယ်။ ခေတ်လည်းမီရမယ်၊ ဈေးနှုန်းလည်း အသင့်အတင့် ဖြစ်တဲ့ မီးဆိုင်းတွေ၊ ပန်းပုရုပ်လေးတွေ၊ ကောဇော၊ အခန်းအလှဆင်ပရိဘောဂများကို ဝယ်ယူပြီး အခန်းထဲ ထည့်သွင်းပြင်ဆင်လိုက်မယ်ဆိုရင် ပြည့်စုံတဲ့ အခန်းသစ်လေးအဖြစ် ပြောင်းလဲသွားတာကိုသင့်အနေနဲ့ လက်မခံနိုင်စရာမရှိတော့ပါဘူး။ စာဖတ်ပရိသတ်ကြီး နဲ့ မိသားစုပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Modern living room with great art and Dining table

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း