စာေရးသူ - : သက်ပိုင်သူ

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
ဇူလိုင် 19, 2020 နေ့
ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးဖြစ်တဲ့လမ်းတွေအများကြီးထဲမှာ လန်ဒန်မှာရှိတဲ့ ဒေါင်းနင်းလမ်းလည်း အပါအဝင်ဖြစ်ပါတယ်။ ထိုလမ်းလေးသည် နှစ်ပေါင်းသုံးရာကျော်ရှိပြီဖြစ်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေ၊ နာမည်ကြီး အနုပညာရှင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေ ခြေရာထပ်ခဲ့သောနေရာ ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းလည်း ဒီဒေါင်းနင်းလမ်းမှာလျှောက်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် ကြိုးပမ်းနေသောခေါင်းဆောင် လူထုခေါင်းဆောင်လည်း ဒေါ်အောင်ဆန်းစုကြည်လည်း ရောက်ခဲ့ဖူးပါသည်။ ထိုဒေါင်းနင်းလမ်းမှာ မည်သည့်အခါမှ ဆုံခွင့်မရနိုင်တော့သည့် သားအဖနှစ်ဦးရဲ့ခြေရာနှစ်ခုလည်း ထပ်တူကျခဲ့ဖူးပါသည်။


“ကျွန်မအခုပဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျွန်မအတွက် သူစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင်မကဘဲ ကျွန်မဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်မခံရခင် ဝန်ကြီးချုပ်အက်တလီနဲ့အတူ လွတ်လပ်ရေးကိစ္စဆွေးနွေးအပြီး ဒေါင်းနင်းလမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံးကုတ်အင်္ကျီရှည်ကို ဝတ်ထားပါတယ်။ သူမကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန်အလာလမ်းမှာ အိန္ဒိယခေါင်းဆောင် ဂျဝါဟလာနေရူးကပေးလိုက်တာပါ။ ကျွန်မလည်း အပူပိုင်းနိုင်ငံမှာ ၂၄ နှစ်လုံးလုံးနေခဲ့ပြီးတဲ့နောက် ဒီဘက်အလာမှာ အဲ့လိုကုတ်အင်္ကျီကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျွန်မအဖေ ဓာတ်ပုံရိုက်သွားတဲ့နေရာမှာပဲ အခုဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါဗြိတိန်ရာသီဥတုပါပဲ။”


ဗြိတိန်ပါလီမန်မှာ ဒေါ်စုပြောကြားခဲ့တဲ့ စကားလေးပါ။ ဒေါင်းနင်းလမ်းမှာ သံသယတွေ၊ ညှိနှိုင်းမှုတွေ၊ လွတ်လပ်ရေးတောင်းဆိုမှုတွေ စစ်ကိုမီးမွှေးခဲ့တာတွေရှိသလို စစ်ကိုအဆုံးသတ်တာတွေလည်း ရှိခဲ့ဖူးပါသည်။ ဒီလမ်းလေးက ဝန်ကြီးချုပ်ရဲ့ အိမ်လေးမှာလည်း သေသူသေ၊ နာမည်မသေသူတွေ အများကြီးရှိခဲ့ဘူးပါသည်။ ထိုအိမ်လေးက လူတွေအတွက် ဘာတွေ ခံစားမှုပေးနိုင်သလဲ။ မရောက်ဖူးပေမယ့် သမိုင်းထဲက အိမ်လေးအတွက် တခါတရံတော့ ထိုအိမ်လေးရဲ့ နံရံတွေကို တလွှာချင်းစီ ခွာကြည့်ဖူးခဲ့ချင်ပါသည်။
အဆောက်အဦဆိုတာ ဘာလဲလို့ စဉ်းစားမိတိုင်း ထိုအဆောက်အဦတွေရဲ့ အသက်ရှင်ရင်ခုန်သံတွေကို ကြားမိပါသည်။ လူသားတစ်ဦးမွေးဖွားသလို အဆောက်အဦတစ်ခုကလည်း သူ့အခြေအနေအချိန်အခါမှာ မွေးဖွားလာခဲ့ကြသည်။ သူ့အရိပ်မှာ ခိုလှုံပြီး သူ့အရိပ်ကနေ ဝေးကွာထွက်သွားတဲ့ လူတွေကိုလည်း ငေးကြည့်ချင်ငေးကြည့်နေမိမည်။ ဒါမှမဟုတ် ပြင်းထန်တဲ့ စစ်ရိပ်တွေ ပဋိပက္ခတွေကြားမှာ သူပြိုလဲမည့်အရေးကို စိုးရိမ်ချင်စိုးရိမ်မိပေလိမ့်မည်။ ထိုကဲ့သို့ ခေတ်တွေ၊ စနစ်တွေ၊ လူတွေအမျိုးမျိုးမှာ ဒေါင်းနင်းလမ်းရှိ အိမ်နံပါတ် ၁၀ က ကြံ့ကြံ့ခံရပ်တည်နေဆဲပင်။


ရာစုနှစ်နှစ်ခုကို ဖြတ်ကျော်လာပြီးတဲ့နောက်မှာတော့ အိမ်နံပါတ် ၁၀ က အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကို ပြသလာခဲ့သည်။ အခြေအနေ ယိမ်းယိုင်လာခဲ့တဲ့ ထိုအိမ်ကြီးကို ပြုပြင်ဖို့ ၁၉၅၈ ခုနှစ်မှာ ဗြိတိန်ဝန်ကြီးချုပ် Harold Macmilian က ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ ကြိုးစားခဲ့သည်။ တချို့ကတော့ စရိတ်စက ကြီးမားလွန်းတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ထက် အဲ့ဒီအိမ်ကိုဖြိုပြီး အသစ်ပြန်လည်တည်ဆောက်စေချင်ကြသည်။ ဒါပေမယ့် အင်္ဂလန်ရဲ့ သင်္ကေတဖြစ်လာတဲ့ ထိုအိမ်ကို မူရင်းလက်ရာ မပျက်ပြင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ အိမ်ရဲ့ အတွင်းပိုင်းတွေကို တိတိကျကျ မှတ်တမ်းတိုင်းတာ မှတ်တမ်းတင်ကြသည်။ ဓာတ်ပုံရိုက်ယူကြသည်။ အိမ်အတွင်းပိုင်း လက်ရာတွေကို ဖြိုသင့်တဲ့အရာဖြို၊ ဖြတ်သိမ်းသင့်တာသိမ်း။ နောက်တော့ မှတ်တမ်းယူထားတဲ့အတိုင်း မူလလက်ရာမပျက် ပြန်လည်တပ်ဆင်ခဲ့ကြသည်။ ဥယျာဉ်ကြမ်းခင်းတွေ၊ တံခါးတွေ၊ ပြတင်းပေါက်ဘောင်တွေ၊ ဧည့်ခန်းတွေ၊ ဝန်ကြီးဝန်ခန်းတွေ၊ ဧည့်ကြိုဆောင်တွေ စတာတွေကို မူလပုံရိပ်မပျက် ပြုပြင်ခဲ့ကြသည်။ အိမ်ရဲ့ ဖောင်ဒေးရှင်းကို စတီးနဲ့ ကွန်ကရစ်နဲ့ ကြံ့ကြံ့ခံအောင် အသစ်ထည့်သွင်းခဲ့သည်။ အဆောက်အဦတစ်ခုလုံးမှာ အိမ်ဆောက်ပစ္စည်းအသစ်တွေက အဆောက်အဦတစ်ခုလုံးရဲ့ ၆၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၄၀ ရာခိုင်နှုန်းက မူလလက်ရာတွေနဲ့ တူအောင် ဖန်တီးထားတဲ့ ပစ္စည်းသစ်တွေဖြစ်ခဲ့ကြသည်။


နှစ်ပေါင်းရာချီအောင် ခဏခဏသုတ်လိမ်းခဲ့တဲ့ဆေးတွေကို ပြန်ခွာရတာ ဆေးလွှာပေါင်း လေးဆယ်ကျော်လောက်ရှိခဲ့သည်။ ထိုဆေးတွေ ခွာလိုက်တိုင်းခွာလိုက်တိုင်း ဆေးအောက်မှာ နှစ်ပေါင်းနှစ်ရာကျော် ပုန်းအောင်းနေတဲ့ အဆောက်အဦအနုစိတ်လက်ရာတွေကို ပြန်လည်တွေ့ရှိခဲ့သည်။ နံရံတွေထဲမှာ သိုပိတ်ထားတဲ့ ထိုလက်ရာတွေ ဘာတွေပြောနေကြလဲဆိုတာ သမိုင်းပညာရှင်တို့ ဂရုတစိုက်နားထောင်ခဲ့ကြပါလိမ့်မည်။


နောက်တော့ ပညာရှင်တွေက အိမ်ရဲ့ အတွင်းပိုင်းကိုသာမက အပြင်ပိုင်းကိုလည်း ပြုပြင်ခဲ့ကြပြန်၏။ ထိုအခါ လုံးဝမမျှော်လင့်ထားသည့် ထိုအဆောက်အဦရဲ့အသားက ပေါ်ထွက်ခဲ့ပြန်၏။ ယခုခေတ်တွေ့မြင်နေရသော အိမ်နံပါတ် ၁၀ ရဲ့ အိမ်ရှေ့မျက်နှာစာမှာ အုတ်ရောင်သည် အနက်ရောင်မဟုတ်ခဲ့။ အဝါရောင်ဖြစ်ခဲ့၏။ ဒါပေမယ့် အင်္ဂလန်ရဲ့ စက်မှုမီးခိုးတွေ လေထုညစ်ညမ်းမှုတွေကြားမှာ သူ၏ အသားအရောင်သည် အဝါမှ အနက်သို့ ပြောင်းလဲခဲ့၏။ ယခုခေတ်မှာတော့ အနက်ရောင်ကသာ Icon ဖြစ်နေတဲ့အတွက် အနက်ရောင်ကိုသာ ထိန်းသိမ်းခဲ့သည်။ အိမ်နံပါတ် ၁၀ ကတော့ ငါက အဝါရောင်ဖြစ်တယ် ငါ့ကိုတော့ အဝါရောင်ပြောင်းပေးပါလို့ တောင်းဆိုချင်တောင်းဆိုပေလိမ့်မည်။ ဒါပေမယ့်လူသားတွေကတော့ လူသားဆန်ဆန် ငါသိတာ မင်းကအနက်ရောင်၊ အနက်ရောင်လိုပဲ နေစမ်းပါလို့ ဇွတ်ငြင်းချင်ငြင်းပါလိမ့်မည်။ ဒေါင်းနင်းလမ်းမှာ မိန့်မိန့်ကြီးရပ်တည်နေသည့် အိမ်နံပါတ် ၁၀ ကတော့ အဝါပဲဖြစ်ဖြစ်၊ အနက်ပဲဖြစ်ဖြစ် သူဖြတ်သန်းခဲ့တဲ့သမိုင်းကိုတော့ ဇွတ်အတင်းပြောင်းလဲလို့ မရခဲ့ပေ။


နဂိုမူရင်းက ဒေါင်းနင်းလမ်းမှာ အိမ်သုံးလုံးရှိခဲ့သည်။ အိမ်နံပါတ် ၁၀ ကို ၁၆၈၂-၁၆၈၄ ကြားမှ ဆာဂျော့ဒေါင်းနင်း Sir George Downing ဆိုသူက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ ဂျော့ဘုရင် ၂ က ၁၇၃၂ မှာ ဆာရောဘတ်ဝယ်လ်ပိုး Sir Robert Walpole ကိ အိမ်နံပါတ် ၁၀ ကို အပိုင်စားပေးခဲ့ခြင်းဖြစ်ပြီး၊ ဝယ်လ်ပိုးက သူ၏ ပုဂ္ဂလိကပိုင်ဆိုင်မှုထက် ဘဏ္ဍာရေးဝန်ကြီးလက်အောက်မှာ ထားပြီး အသုံးပြုဖို့ စီစဉ်ထားခဲ့ပါသည်။ ဒါပေမယ့် ပါလီမန်နဲ့နီးပေမယ့် အစပိုင်းမှာတော့ ဝန်ကြီးချုပ်အနည်းငယ်သာ နေထိုင်ခဲ့ကြ၏။ အိမ်နံပါတ် ၁၀ က ဝန်ကြီးချုပ်အဆင့်အတန်းနှင့် ညီမျှသည့် ခမ်းနားမှု မရှိသည်ဟုထင်၍ဖြစ်စေ၊ သူတို့ဆီမှာ သည့်ထက်ပိုကောင်းသည့် အိမ်ရှိသည်ဖြစ်စေ နေထိုင်ကြခြင်းမရှိဘဲ ရုံးအဖြစ်သာ သုံးခဲ့ကြသည်။ ဝန်ကြီးချုပ်တွေ နေလိုက်မနေလိုက် စွန့်ခွါလိုက်ပြန်သုံးလိုက်လုပ်နေသော ထို နံပါတ် ၁၀ အိမ်ကိုတော့ ၂၀ ရာစုကစပြီး ဝန်ကြီးချုပ်အဆက်ဆက် အသုံးပြုခဲ့ကြတော့သည်။
ဝန်ကြီးချုပ်ဝန်စတန်ချာချေး Winston Churchill ကတော့ ဒီအိမ်နံပါတ် ၁၀ ကို အတော်လေး သံယောဇဉ်တွယ်သူတစ်ဦးဖြစ်၏။ ဒုတိယကမ္ဘာစစ်ဖြစ်နေသည့်အချိန်တွင် သူ့အတွက်စီစဉ်ထားသော ဗုံးခိုကျင်းထဲက အိပ်ခန်းတွင် သိပ်ပြီးနေထိုင်ခြင်းမပြုဘဲ ဒီနံပါတ် ၁၀ အိမ်မှာပင် ဝင်လိုက်ထွက်လိုက်ဖြင့် နိုင်ငံကို အုပ်ချုပ်ခဲ့သည်။


၂၀ ရာစုမှာတော့ ဝန်ကြီးချုပ်နေအိမ်အဖြစ် တရားဝင်လူသိလက်ခံနေပြီဖြစ်သော အိမ်နံပါတ် ၁၀ မှာ ဓာတ်ပုံများ၊ သတင်းစာများ၊ တီဗွီဖန်သားပြင်များပါ ခဏခဏနေရာယူလာခဲ့သည်။ ဝန်ကြီးချုပ်က အရေးတကြီးဧည့်သည်များကို အိမ်နံပါတ် ၁၀ တံခါးမကြီးမှ ထွက်ကြိုသည့် ပုံရိပ်တွေက အဓိကကျသည့် ခန်းမမှ ပါဝင်လာခဲ့သည်။ နောက်ပြီး တံခါးမကြီးရှေ့မှာရပ်ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ ဓာတ်ပုံရိုက်ယူခြင်းက အစဉ်အလာတစ်ရပ်လို ဖြစ်လာသည်။ အိန္ဒိယနိုင်ငံလွပ်လပ်ရေးအတွက် လာရောက်ဆွေးနွေးသည့်အချိန်မှာ ထိုအိမ်ရှေ့ရပ်ပြီး ရိုက်ထားသည့် မဟဒ္ဒမဂန္ဒီ၏ ဓာတ်ပုံကလည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေးပြယုဂ်အတွက် ထင်ရှားလှသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုဖို့ရောက်လာသည့် ဗိုလ်ချုပ်အောင်ဆန်းလည်း ထိုဒေါင်းနင်းလမ်းမှာ ရိုက်ထားသည့် ဓာတ်ပုံကလည်း မြန်မာ့သမိုင်းမှာ အရေးပါခဲ့သည်။


ထိုမျှသာမက ဗြိတိန်အစိုးရကို ဆန္ဒပြသည့် နေရာသည်လည်း ထိုဒေါင်းနင်းလည်း ဖြစ်ခဲ့သည်။ ဗီယက်နမ်စစ်ပွဲကို ရပ်ဖို့ ၁၉၆၀ ကျော်မှာ ဆန္ဒပြသည့်နေရာသည်လည်း ထိုဒေါင်းနင်းလမ်းဖြစ်ခဲ့သည်။ ပါကစ္စတန်စစ်ပွဲကိုရပ်ဖို့ ဆန္ဒပြသူတွေ စုဝေးသည့် နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ ဗြိတိန်လူမျိုးတွေသာမက ကမ္ဘာလှည့်ခရီးသည်တွေပါမကျန် ဒေါင်းနင်းလမ်းပေါ်မှ အိမ်နံပါတ် ၁၀ တံခါးရှေ့ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ယူခဲ့ကြသည်။
ဒေါင်းနင်းလမ်းမှ အိမ်နံပါတ် ၁၀ သည် ဗြိတိန်သမိုင်းသာမက ကမ္ဘာ့နိုင်ငံများ၏သမိုင်းမှာ ထည်ထည်ဝါဝါရပ်တည်နိုင်ခဲ့သည်မှာ ဗြိတိန်အစိုးရကြောင့်လား ခဏခဏစဉ်းစားမိခဲ့၏။ မြန်မာနိုင်ငံရော ထိုလိုအိမ်မျိုးတွေရှိနိုင်သလားလို့ စဉ်းစားမိပြန်၏။ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့သည့် ခမ်းနားလှပသည့် နိုင်ငံတော်သမ္မတအိမ်တော်သာ ဖြိုဖျက်ခြင်းမခံခဲ့ရလျှင် အိမ်နံပါတ် ၁၀ လို နံရံဆေးရေးတွေပြန်ခွာလျှင် ကိုလိုနီခေတ်က အငွေ့အသက်တွေ ပြန်ထွက်လာနိုင်မလား။ ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် ဦးနု၏အိမ်၊ ယခုလက်ရှိဒေါ်အောင်ဆန်းစုကြည်နေထိုင်နေသည့်အိမ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာဖြစ်သည့် ဦးသန့်အိမ်၊ ထိုအိမ်တွေကရော သမိုင်းရဲ့ အလှည့်အပြောင်းမှာ အကွက်အပြောက်အဖြစ် ပျောက်ဆုံးနေပြီလား၊ ရှိသေးရဲ့လား၊ ကျန်နိုင်ခဲ့ပါ့မလား။ နံရံကဆေးတွေ ခွာတာနဲ့ ဆက်စပ်တွေးမိရင်း ရာစုနှစ်ပေါင်းများစွာ ထုံးဖြူဖွေးဖွေးဖြင့် လှပစွာ ရပ်တည်ခဲ့သော စစ်ကိုင်းကကောင်းမှုတော် ဘုရားကြီးရော ခေတ်ကိုပြောပြနေသည့် ထုံးအလွှာတွေ တလွှာပြီးတလွှာခွာချခံနေရချိန်မှာ နာကျင်မိသေးလား အမျိုးမျိုးဆက်စပ်ပြီး လွှင့်တွေးမိ၏။


ဗြိတိန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် မာဂရပ်သက်ချာကတော့ ဒေါင်းနင်းလမ်းက အိမ်နံပါတ် ၁၀ အိမ်ကတော့ “ ဗြိတိန်နိုင်ငံရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းလက်ရာရတနာတစ်ပါး ဖြစ်လာတော့တယ်” ဟု ပြောခဲ့သည်။ ဗြိတိန်သမိုင်းရှိနေသရွေ့ ဒေါင်းနင်းလမ်းက အိမ်နံပါတ် ၁၀ အိမ်လေး ရှိနေဦးမည်ဟု ယုံကြည်မိပါတော့သည်။

Photo Credit – Internet

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


Babara Barry

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
ဖေ‌ဖော်ဝါရီ 29, 2020 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

စိမ်းနုနုအသွေး၊ ဝါညိုရောင်နုနု၊ သနပ်ခါးရောင်ဖျော့ဖျော့၊ ပင်လယ်မှာပျော်ဝင်သွားတဲ့ စိမ်းပြာရည်လဲ့လဲ့၊ အဖြူပေါ်မှာ ဆင်စွယ်ရောင်လို ခပ်ဖျော့ဖျော့လေးပဲနေတတ်တဲ့ အဖြူရောင်မပြယ့်တပြယ်၊ မှောင်ရီကာမှိုင်းနေတတ်တဲ့ သစ်ကြောအကွက်ကလေးတွေက သူမရဲ့ ဂီတတစ်ခုလို့ ပြောလို့ရပါတယ်။ ထူးခြားသေသပ်လှပတဲ့ချုပ်ရိုးများနဲ့ အံ့မခန်းရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့ ထိုင်ခုံဆိုဖာတွေကလည်း သူမရဲ့ ဂီတသံကို အားဖြည့်ပေးတဲ့ သံစုံဂီတတူရိယာလို့လည်း ပြောလိုပါတယ်။ သူမကတော့ Babara Barry ပဲ ဖြစ်ပါတယ်။
Babara Barry ရဲ့ Furnishing Design တွေက လှပရုံတင်မကပါဘူး။ သူမရဲ့ လှပချော့မွေ့ပြီး ဖျတ်လတ်တတ်ကြွမှု မိမိကိုယ်ကို ယုံကြည်မှုရှိနေပုံက သူမကို မြင်တွေ့လိုက်ရတဲ့သူတိုင်းရဲ့ နှလုံးသားကို အထင်ကြီးလေးစား နှစ်လိုပျော်ရွှင်စေမိပါတယ်။
Babara Barry က သူ့ရဲ့ ကုမ္ပဏီကို ၁၈၈၅ ခုနှစ် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ Interior Decoration Company အဖြစ်တည်ထောင်ခဲ့ပါတယ်။ Babara Barry ရဲ့ ထူးခြားချက်ကတော့ ထူးခြားလှပသေသပ်လွန်းပြီး အရောင်ငြိမ်ငြိမ်နဲ့ မြင်ရသူကိုအေးချမ်းစေတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။ အိမ်တွင်းလှပမှုကို ဦးစားပေးတဲ့အတွက် အိမ်အတွက်လိုအပ်တဲ့ ပရိဘောဂတွေသာမဘဲ ပန်းကန်ခွက်ယောက်နဲ့ စားပွဲတင်မျက်နှာကျက်မီးအလှများကိုပါ ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။ သူမဖန်တီးထားတဲ့ ဒီဇိုင်းကိုကြည့်လျှင် ရှေးဆန်တဲ့ အလှမျိုးပါ။ ဒါပေမယ့် ဒီဇိုင်းဖွဲ့စည်းမှုက ရိုးရှင်းပြီးလန်းဆန်းတတ်ကြွတဲ့ ဟန်အပြည့်ရှိလို့ စွဲမက်ဖွယ်ကောင်းလှပါတယ်။ နောက်ထပ်သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တစ်ခုကတော့ ရေဆေး water color ကို ပိုင်ပိုင်နိုင်နိုင်ရေးဆွဲတတ်ခြင်းဖြစ်ပါတယ်။ ရေးဆေးနဲ့ ဆွဲထားတဲ့ ပန်းချီတွေမှာ အရောင်ပြေပြေနဲ့ နုနုနယ်နယ်လေးရှိတတ်ပါတယ်။ ထိုပြေပြစ်နုနယ်မှုတွေက သူမရဲ့ Color Palrtte တွေ ဖြစ်လာပြီး မြင်ရသူစိတ်ကို ဘဝင်အေးစေပါတယ်။


သူမရဲ့ ဒီဇိုင်းတွေမှာ အရောင်တွေများများတော့ မရှိပါဘူး။ သဘောအကျဆုံးကတော့ သူမပြောလေ့ရှိတဲ့ အရောင်တစ်ခုကို ရွေးပါ။ ဒါပေမယ့် အဲဒီအရောင်ကိုပဲ အနုအရင့်မတူညီတဲ့ အရောင်တုန်းတွေနဲ့ ကစားပါတဲ့။ သောင်ပြင်ပေါ်မှာ အပြန့်လိုက်ဖြစ်နေတဲ့ သဲပြင်တွေလိုပါပဲ။ Horizontal ပြင်ညီမှာပင်လယ်ရေလှိုင်းလို တလိမ့်လိမ့်ဖြစ်နေတဲ့ သဲပြင်ကျယ်က နေထိနတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ လင်းရာကမှောင်၊ မှောင်ရာကလင်း gradation ဖြစ်နေတဲ့ အရောင်တွေက စိတ်ကို ကြည်နူးစေပါတယ်။


သူမရဲ့ အရောင်တွေက စိတ်ကိုကြည်နူးစေတယ်ဆိုတာကလည်း သူမအတွက် အလှတရားက အမြဲအရေးပါနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ သူမရေးသားတဲ့ Around Beauty ဆိုတဲ့ စာအုပ်ထဲမှာ မြင်မြင်သမျှ အလှတရားတွေက သူမအတွက် Inspiration ယူစရာတွေ ဖြစ်နေတတ်ပါတယ်။ သူမအတွက် အလှတရားဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ သစ်ရွက်ကလေးတွေ၊ ခရုလေးတွေ၊ နောက်ဆုံးသူမသောက်ဖို့ ငှဲ့ထားတဲ့ လက်ဖက်ရည်ခွက်ကလေးတွေ၊ ထိုအရာလေးပေါ်မှာ စိတ်ကူးယဉ်ကောင်းလောက်အောက် အလင်းရောင်လာရိုက်နေပုံလေးတွေကိုက သူမရဲ့ ဒီဇိုင်းတွေထဲမှာထည့်ပြီး အသုံးချစရာကောင်းနေပြန်ပါတယ်။ သူမအနေနဲ့ကတော့ အပြင်ကသဘာဝတရားနဲ့ သူမရဲ့အလုပ်ခန်းစတူဒီယိုထဲက ဒီဇိုင်းတွေနဲ့ အမြဲဆက်စပ်ဖို့ ကြိုးစားနေတတ်ပါတယ်။ သူမဒီဇိုင်းအနေနဲ့ ဖန်တီးတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ ပန်းခြံထဲမှ လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားတဲ့ ပန်းလေးတစ်ပွင့်တောင် သူမအတွက် မသံးချစရာ အိုင်ဒီရာ အသစ်အဆန်းလေးတွေ ဖြစ်နေတတ်ပါတယ်။


Babara Barry အမြဲတမ်းပြောနေတတ်တဲ့ စကားတစ်ခွန်းကတော့ Simplicity ပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ Timeless ဖြစ်နေတဲ့ အလှတရားပါပဲ။ ဒါကြောင့်လည်း သူမဖန်တီးလိုက်တဲ့ စားပွဲခုံ၊ ကုလားထိုင် တစ်ခုကအစ ဂန္ဓဝင်အလှရှိနေပေမယ့် ခေတ်မီတဲ့ အသွင်အပြင်လို ရိုးရှင်းမှုဂုဏ်ကို ဆောင်နေတတ်ပါတယ်။
သူမအတွက် Material ဆိုတာ အမြဲအသစ်အဆန်းတွေဖြစ်နေအောင် ဖန်တီးတတ်သလို၊ ထို Material ရဲ့ လှပတဲ့ သဘာဝတရားကိုလည်း သိသာအောင်ဖန်တီးတတ်ပါတယ်။ သူမအများဆုံး အသုံးပြုတတ်တာ သစ်သားဖြစ်ပြီး ထိုသစ်သားရဲ့ အကြောအရောင်တွေပေါ်လွင်အောင် အရောင်နုနုများကို နောက်ခံထားပြီး Setting ချတတ်တာ သူမရဲ့ အားသာချက်တစ်ခုလည်း ဖြစ်ပါတယ်။


Babara Barry ရဲ့ ဒီဇိုင်းတွေမှာဆိုရင် ထိုင်ခုံစားပွဲတစ်ခုတည်းမဟုတ်ပါဘူး။ စားပွဲခင်း၊ အိပ်ယာခင်း၊ လက်သုတ်ပုဝါကအစ ခန်းဆီးကန့်လန့်ကာအဆုံး ကိုယ်တိုင်ဖန်တီးထုတ်လုပ်ပါတယ်။ Artificial Lighting နဲ့ ပတ်သက်လို့ရှိရင်တော့ စားပွဲတင်မီး၊ မီးပန်းဆိုင်းလည်း ပါသလို အိမ်သာရေးချိုးခန်းသုံးပစ္စည်းတွေကအစ ပါဝင်ပါတယ်။ ကြွေပြားသစ်သားကအစ ကိုယ်ပိုင်ထုတ်လုပ်ထားတာကြောင့် အိမ်တစ်အိမ်စာအတွက် လိုအပ်သောပစ္စည်းမှန်သမျှ သူမကိုယ်တိုင် ဒီဇိုင်းဖန်တီးထားတယ်ဆိုရင် မမှားပါဘူး။ Babara Barry ရဲ့ ဒီဇိုင်းတွေက အမေရိကန်နိုင်ငံရဲ့ထင်ရှားတဲ့ ပြယုဂ်တစ်ခုဖြစ်လာသလို Residential Interior Design အတွက် ထူးခြားတဲ့ အလှတရားတစ်ခုဖြစ်လာပါတယ်။
သူမရဲ့ တချို့ပရိဘောဂတွေက သိန်းရာချီတန်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ထင်ရှားတဲ့ Furniture အရောင်းပြခန်းတွေမှာ Babara Barry ရဲ့ ကုန်ပစ္စည်းများက နေရာယူလာသလို၊ ခေတ်မီချမ်းသာတဲ့လူတွေအတွက် အင်မတန်လက်ရာသေသပ်လွန်းတဲ့ ဇိမ်ခံပစ္စည်းတစ်ခုဖြစ်လာပါတယ်။


Babara Barry ရဲ့ ဒီဇိုင်းကို ဘာကြောင့် နှစ်သက်သလဲလို့ မေးလျှင်တော့ သူမအသုံးပြုတဲ့ကာလာအရောင်၊ နောက်ပြီး လက်ရာသေသပ်မှု၊ Fashion Design တစ်ခုလို Head to Toe ဖြစ်အောင် သူမဒီဇိုင်းနဲ့ ပတ်သက်တဲ့ Accessories တွေကအစ ကိုယ်ပိုင်ဖန်တီးနိုင်မှုပဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်


ပွန်ပေမြို့ရဲ့ အပိုင်းအစများ- ပွန်ပေရဲ့နောက်ဆုံးရုပ်ကြွင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
ဖေ‌ဖော်ဝါရီ 1, 2020 နေ့
Promotion ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ပွန်ပေဆိုရင် ပန်းချီဆရာတွေကတော့ အနီရောင်နဲ့ တွဲပြီး မှတ်မိမလားပဲ.. ခပ်ရဲရဲနဲ့လှတဲ့ အနီရောင်ကိုး။ Pompeiiမြို့အကြောင်းကို ရင်းရင်းနှီးနှီး ပိုပြီးသိခွင့်ရခဲ့တဲ့အကြောင်းကတော့ စင်ကာပူမှာနေတုန်းက စင်ကာပူအမျိုးသားပြတိုက်မှာ ၁၆ရက် အောက်တိုဘာ ၂၀၁၀ကနေ ၂၃ ဇန်နဝါရီ၂၀၁၁အထိ ပြသခဲ့တဲ့ပြခန်းလေးကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီပြခန်းလေးကြောင့် နာမည်ကျော်ကြားလှတဲ့ ပွန်ပေမြို့ဟောင်းကိုသွားလည်ချင်စိတ်လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။ပြခန်းထဲ ဝင်လိုက်တာနဲ့ ပြခန်းအဝင်တည့်တည့်မှာ ခွေးလေးတစ်ကောင်ရဲ့ ရုပ်ကြွင်းတစ်ခုကို တွေ့ရတယ်။ အဲဒီရုပ်ကြွင်းက လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်နီးပါးကပါ။ ရုပ်ကြွင်းဆိုပြီး အရိုးစုတွေလို့ မထင်ပါနဲ့။ တကယ့်ကို ခွေးတစ်ကောင်နဲ့ တူတဲ့ ရုပ်ကြွင်းပါ။ လည်ပင်းမှာ သားရေလည်ပတ်လေးတောင် ပါသေးတယ်။ ဘေးနားမှာတော့ လင်မယားလို့ထင်ရတဲ့ အတွဲတတွဲ။ ယောကျ်ားလုပ်သူက မိန်းမလုပ်သူကိုလှမ်းပြီး ထိဖို့ကြိုးစားနေတဲ့ ပုံစံနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းပါ။ အဲဒါတွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်နီးပါးက ပွန်ပေမြို့ကို မီးတောင်ချော်ရည်တွေလွှမ်းပြီး သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေပေါ့လေ။


ပွန်ပေမြို့ဆိုတာ အလွန် စည်ကားခဲ့တဲ့ မြို့ကြီးတစ်မြို့ပါတဲ့။ အေဒီ၇၆မှာ အနီးအနားက Vesuvius ဗွီဆူဗွီးရပ်မီးတောင်ပေါက်ကွဲပြီး ပျက်ဆီးခဲ့ပါတယ်။ ပွန်ပေမြို့နဲ့အတူ အနီးအနားက ဟာကျူလမ်းနီးယမ်းမြို့တွေပါ ပျက်ဆီးသွားတယ်။ မီးတောင်ကနေ ချော်ရည်ပူတွေ၊ ဂတ်စ်တွေ၊ ပြာပူတွေ၊ ကျောက်ခဲ အပိုင်းအစတွေက မိုးတွေရွာသလိုပဲ ကျလာတယ်လို့ဆိုပါတယ်။ ပွန်ပေမှာတော့ လူပေါင်း တစ်ထောင့်ငါးရာလောက်သေဆုံးပြီး၊ ဟာကျူလမ်းနီးယမ်းမှာတော့ လူသုံးရာလောက်သေတယ်လို့ ယူဆကြပါတယ်။
မီးတောင်ကမနက် ၁၁နာရီကနေ နေ့လည် ၁၂အတွင်း (တစ်နာရီအတွင်း)မှာ ပြင်းပြင်းထန်ထန်ပေါက်ကွဲတော့ မြို့ထဲမှာ ကျန်ခဲ့တဲ့ ကျန်ခဲ့တဲ့ ခွေးရောလူရောမကျန်သေကုန်ပါတယ်။ ပထမဆုံး မီးတောင်ပေါက်ကွဲရာကနေ လွင့်စင်လာတဲ့ ကျောက်တုံးအပိုင်းအစတွေ၊ အကြိမ်ကြိမ်လှုပ်ခတ်နေတဲ့ ငလျင်တွေက မြို့ထဲမှာ ရှိတဲ့ အမိုးတွေကို အရင်ဆုံး ဖျက်ဆီးလိုက်ပါတယ်။ အမိုးတွေပျက်ဆီးသွားတာနဲ့ ပြာပူတွေ ရွှံရည်တွေက အဆောက်အဦးတွေထဲကို နေရာလပ်တွေ၊ အရာဝတ္ထုတွေပေါ်ဝင်ပြီး ဖုံးလိုက်ပါတယ်။ ချော်ရည်တွေ အရှိန်နဲ့ ပြေးဆင်းလာချိန်မှာ အဆောက်အဦးထဲမှာ ရှိနေပြီဖြစ်တဲ့ ပြာတွေက နံရံပန်းချီတွေ၊ အိမ်သုံးပစ္စည်းတွေကို အုပ်ပြီးကာကွယ်ထားလိုက်သလိုဖြစ်သွားတယ်။ အဲဒါကြောင့် အခုပွန်ပေမြို့ရဲ့ ရှေးဟောင်းလက်ရာတွေကို မပျက်မဆီးဘဲ ရာစုနှစ်ပေါင်းများစွာ ကာကွယ်လိုက်သလို ဖြစ်သွားပါတယ်။ နောက်တော့ပြာတွေ ချော်ရည်ပူတွေအောက်ကို ပွန်ပေမြို့တစ်ခုလုံးရောက်သွားပြီး နှောင်းလူတွေက ဘယ်မှာမြို့ရှိခဲ့မှန်းမသိအောင်ကို ပျောက်သွားပါတော့တယ်။

၁၇၄၈မှာ နေပယ်လ်ဘုရင်ကြီးအတွက် နွေရာသီ နန်းတော်ဖောင်ဒေးရှင်းတူးရင်း ဟာကျူးလမ်းနီးယမ်းမြို့ဟောင်းကို ပြန်လည် တွေ့ရှိခဲ့ပါတယ်။၁၈၆၀ကျတော့မှ မြို့နှစ်မြို့လုံးကို စနစ်တကျပြန်လည်တူးဖော်ရင်းနဲ့ မီးတောင်ပြာတွေအလွှာမှာ လေဟာနယ်လေးတွေတချို့ကို တွေ့ရတယ်။ အဲဒီလေဟာနယ်ထဲမှာ လူ့အရိုးစုတွေတွေ့တာနဲ့ အဲဒီလေဟာနယ်က ဘာတွေဖြစ်နိုင်မလဲဆိုပြီး ပလာစတာအရည်တွေ လောင်းထည့်ပြီး အအေးခံကြည့်လိုက်တော့မှ ပွန်ပေမြို့သားတွေရဲ့ နောက်ဆုံးအချိန်မှာကျန်ခဲ့တဲ့ ရုပ်ကြွင်းတွေမှန်းတွေ့ရတယ်။
သမိုင်းပညာရှင်တွေက ပလာစတာရုပ်ကြွင်းတွေကို ကြည့်ပြီး သူတို့ရဲ့နောက်ဆုံးချိန်မှာ ဘယ်လိုခံစားခဲ့ရသလဲ ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို လေ့လာကြပါတယ်။ မီးတောင်ပေါက်ကွဲရာကနေ ၁၀ကီလိုမီတာပဲဝေးတဲ့ ပွန်ပေမြို့မှာ မီးတောင်ကနေစီးလာတဲ့ အရမ်းပူတဲ့ ပြာပူတွေနဲ့ အဆိပ်ဓါတ်ငွေ့တွေ့ကြောင့် သေဆုံးခဲ့ရတယ်။ အဆောက်အဦးတွင်းမှာ ရှိနေတဲ့ လူတွေခမျာလည်း အပူရှိန်ကြောင့် မီးဖိုထဲ ထည့်ဖုတ်လိုက်သလို အရှင်လတ်လတ်သေကုန်ပါတယ်။ အရမ်းပူပြင်းတဲ့ ပြာပူတွေက သေဆုံးသူတွေရဲ့လောင်ကျွမ်းနေတဲ့အသားရည်ပေါ် ချက်ချင်းဖုံးသွားပြီး အသားစတွေထဲကို တိုးဝင်သွားပါတယ်။ အဲဒီတော့ သေဆုံးတဲ့ လူတွေကို ပလာစတာကိုင်လိုက်သလိုပါပဲ။ နှစ်ပေါင်းများစွာကြာတော့ လူ့ခန္စာအစိတ်အပိုင်းတွေက ပျက်စီးသွားပြီးအသားစတွေဝင်နေတဲ့ ပြာတွေကတော့ သေဆုံးသူတွေရဲ့ ပုံစံအတိုင်းမပျက်မစီးပဲ ကျန်ခဲ့တယ်။ ဒီလိုနဲ့ပဲ အခုပြတိုက်မှာ ပြသထားတဲ့ လူတွေရဲ့ရုပ်ကြွင်းဆိုတာ အဲဒီပလာစတာအရုပ်တွေပါပဲ။
လူရုပ်ကြွင်းတွေသာမကဘဲ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ ရုပ်ကြွင်းကိုလည်းလည်း တွေ့ရပါတယ်။ အိမ်သားတွေက ဘေးလွတ်ရာပြေးချိန်မှာ အိမ်ကိုစောင့်ပေးဖို့ ဒီခွေးလေးကို ချိန်းကြိုးနဲ့ တိုင်မှာ ချည်ခဲ့ပါတယ်။ အိမ်ရဲ့ ခန်းမထဲကို မီးတောင်ချော်ကျောက်တွေကျလာပြီး တဖြည်းဖြည်းပြည့်သွားချိန်မှာ ဒီခွေးလေးက အဲဒီကျောက်တုံးပုံတွေပေါ် ပြေးတက်ပြီး အန္တရာယ်က လွတ်အောင် ပြေးပေမယ့်နောက်ဆုံး မီးခိုးတွေ ပြာတွေကြောင့် အသက်ရှူကျပ်ပြီး သေပါတယ်။


အိမ်တစ်အိမ်မှာတွေ့ရတဲ့ ယောကျာ်းနဲ့ အမျိုးသမီးနှစ်ယောက်ပါ။ ယောက်ျားက အမျိုးသမီးဆီလှမ်းနေဆဲမှာ အသက်ရှူကျပ်ပြီး သေပါတယ်
အမျိုးသမီးငယ်တစ်ယောက်ပါ။ ဘေးလွတ်ရာကိုပြေးရင်း သူမရဲ့ အကျီၤလက်စနဲ့ မျက်နှာကို အုပ်ထားပါတယ်။ အကျီ ၤရှည်တစ်ခုကိုလည်း ခါးချည်တစ်ခုနဲ့ ဝတ်ထားပြန်ပါသေးတယ်။ ပလာစတာမှာ အကျီ ၤကောက်ကြောင်းလေးကအစ မြင်ရပါတယ်။
အကျဉ်းသားလို့ ထင်ရပါတယ်။ ခြေထောက်မှာ သံခြေကျင်း ရှိနေပါတယ်။ ဒီလူက မြို့ဂိတ်ကိုရောက်ဖို့ ကြိုးစားနေချိန်မှာ သေဆုံးတယ်လို့ ထင်ပါတယ်။


ဒီရုပ်ကြွင်းကတော့ ထင်ရှားတဲ့ ရုပ်ကြွင်းပါ။ ဒီလူက ဘွတ်ဖိနပ်နဲ့ ကုတ်အကျီၤကို ဝတ်ထားပါတယ်။ ဆောင့်ကြောင့်ထိုင်ရင်း ကုတ်အကျီၤအနားစနဲ့ ပါးစပ်ကိုပိတ်ထားရင်းသေရှာပါတယ်။


ပွန်ပေမြို့ပြခန်းလေးမှာ လေ့လာရင်း သူတို့ရဲ့ နေထိုင်မှု ပုံစံကိုပါတွေ့ခဲ့ရပါတယ်။ ပြာရည်ပူတွေကြောင့် အတောင့်လိုက်မာကြောနေတဲ့ ပေါင်မုန့်တွေ အသီးတွေ စားစရာတချို့တွေက အချိန်တစ်ခုရပ်တန့်မှုမှာ အေးခဲသွားကြပါတယ်။ ပွန်ပေမြို့သားတွေရဲ့ အိမ်တွေမှာ မီးဖိုချောင်ဆိုတာ ထင်သလောက်ကြီးကျယ်ခမ်းနားမှုကို မတွေ့ရပါဘူး။ သူတို့ဆီမှာ အခုခေတ်လိုပဲ အိမ်နဲ့တွဲပြီး Shophouse လို ဈေးဆိုင်ခန်းလေးတွေ ဘားတွေ ရှိကြပါတယ်။ ရန်ကုန်မှာခေတ်စားနေတဲ့ Food court လို ပုံစံမျိုးတွေတောင် နှစ်ပေါင်းနှစ်ထောင်ကျော်ကတည်းက ပွန်ပေမှာ တွေ့နေရပါပြီ။ တချို့တွေက အိမ်မှာ ဘာမှမချက်တော့ဘဲ ချိုင့်ဆွဲစားတယ်ဆိုတာ ပွန်ပေမြို့သားတွေအတွက် မထူးဆန်းတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။
ပွန်ပေမြို့ဟောင်းမှာ ရောမခေတ်အတွက် နံရံပန်းချီတွေ Mosaic လက်ရာတွေက အချိန်တစ်ခုရပ်တန့်မှုအောက်မှာ အေးခဲသွားတဲ့ လူ့သမိုင်းတချို့ဖြစ်နေဆဲပါပဲ။ ပြခန်းကနေထွက်လာတဲ့အခိုက်မှာ အဲဒီမြို့ဟောင်းကို သွားပြီးကြည့်ချင်မိခဲ့တယ်။ ဒီလိုနဲ့ပဲပြီးခဲ့တဲ့နှစ် ၂၀၁၇ သင်္ကြန်ပိတ်ရက်အတွင်းမှာ သွားလည်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပွန်ပေနဲ့ ကျွန်တော့်နှလုံးသား တိုက်ရိုက်ထိတွေ့ခဲ့တဲ့ အချိန်ကလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

လအလိုက်ကြည့်ရှုရန်