Green Architecture အကြောင်း တစေ့တစောင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဝင်နီ မှ
ဖေ‌ဖော်ဝါရီ 15, 2019 နေ့
ဆောင်းပါးများအင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ Green Architecture လို့ပြောလိုက်ရင် အိမ်ဆောက်တဲ့အခါမှာ သစ်ပင်ထည့်စိုက်ဖို့ပဲ တွေးကြပါတယ်။ တကယ်တော့ Green Architecture ဆိုတာဟာ စိတ်ဝင်စားစရာကောင်းပြီး နောင်ဆယ်စုနှစ် အတွင်းမှာ ကျွန်တော်တို့ရဲ့ လူနေမှုအဆင့်အတန်းကိုပြောင်းလဲပေးမယ့် အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စာဖတ်ပရိတ်သတ်အတွက် အသိပညာဗဟုသုတရစေဖို့နဲ့ မိမိရဲ့ပတ်ဝန်းကျင်သာယာလှပဖို့အတွက်ကို မြန်မာနိုင်ငံ ဗိသုကာအသင်းရဲ့Grenn Architecture Committee ကို ဦးဆောင်ပေးနေတဲ့ ဗိသုကာဦးမျိုးထွဋ်မြိုင်ကို သွား ရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။

Green Architecture နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို ဗဟုသုတဖြန့်ဝေပေးချင်ပါတယ်။ အများအားဖြင့် သာမာန်ကတော့ Green Architecture ကို နားမလည်တဲ့သူတွေ များကြပါတယ်။ ဒါ့ကြောင့် ဆရာ ဦးမျိုးထွဋ်မြိုင်နဲ့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါတယ်ရှင့်။
ပထမဆုံး အနေနဲ့ မြန်မာနိုင်ငံ ဗိသုကာအသင်းမှာ ဆရာတာဝန်ယူဆောင်ရွက်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါရှင့်။ Green Architecture ကော်မတီ အကြောင်းလေးလည်း မိတ်ဆက်ပေးပါရှင့်။
ကျွန်တော်ကတော့ မြန်မာနိုင်ငံဗိသုကာအသင်းမှာ ၂၀၁၉ နဲ့ ၂၀၂၀ အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီးတော့ ဒီနှစ်တွေအတွက် ပြန်လုပ်ပါတယ်။ ၂၀၁၇ မှာ Green Architecture ကော်မတီ ဆိုပြီးစ ဖွဲ့စည်းထားပါတယ်။ ဖွဲ့စည်းတုန်းက Green Architecture အကြောင်းက သူတို့ စပြီးတော့ ဆွေးနွေးနေကြပြီ။ ဒါပေမယ့် ကော်မတီ အနေနဲ့ သပ်သပ် မရှိသေးတော့ ကျွန်တော်က ရှိသင့်တယ်ထင်တယ် ဆိုပြီး ကျွန်တော်နဲ့အတူ Green Architecture ကို စိတ်ဝင်စားတဲ့ အခြား အာခီတက်တွေ ပေါင်း ပြီးတော့ Green Architecture ကော်မတီကို ဖွဲ့ထားတာပါ။ ဒီ ကော်မတီရဲ့ တာဝန်တွေကတော့ ပထမဆုံးက အသိပေးမယ် နှိုးဆော်မယ်၊ ပြည်သူတွေနဲ့ အခြားဗိသုကာတွေကို အသိပေးနှိုးဆော်တယ်၊ ပြီးတော့ တာဝန်ရှိသူတွေလည်း သိအောင် ကျွန်တော်တို့ ပြောပြပေးဖို့ပေါ့။ ကျွန်တော်တို့အနေနဲ့ တခြား Green နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း ပေါင်းပြီးတော့ လုပ်နိုင်တာတွေ လုပ်ဖို့်ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံ မှာဆိုရင် Substainable Development Program ဆိုတာလည်း ရှိလာပြီဆိုတော့ ကျွန်တော်တို့ ဘက်ကနေ ဗိသုကာပိုင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခု အနေနဲ့ အဲ့ဒီမှာလည်းပါပြီးတော့ တစ်တပ်တစ်အား ကူညီပေးချင်ပါတယ်။ အဲ့ အတွက် ကျွန်တော်တို့ ဒီ Green Architecture ကော်မတီ ဆိုတဲ့ အဖွဲ့အစည်းကို ဖွဲ့ထားတာပါ။


မြန်မာနိုင်ငံမှာ Green Architecutre နဲ့ ပတ်သက်ပြီး မသိသေးတာတွေ၊ နားလည်မှုလွဲနေတာလေးတွေ ရှိပါတယ်။ အဲ့ဒါကြောင့် Green Architecture ကို အဓိပါယ် ဖွင့်ဆိုပေးပါ ဆရာ။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Green ဆိုတာနဲ့ ပတ်သက်ပြီး မသိကြသေးတာ များပါတယ်။ ပထမကတော့ ပညာရေးပိုင်းဆိုင်ရာမှာ သိပ်ပြီးတော့ ပါဝင်ထားတာ မရှိသေးဘူး၊ အစိုးရပိုင်းဆိုင်ရာ အနေနဲ့လည်း စောသေးတယ်ပေါ့။ တခြား အိမ်နီးနားချင်းနိုင်ငံတွေကတော့ ဒါကို စလုပ်နေကြပါပြီ။ မြန်မာနိုင်ငံမှာတော့ ပညာရေးပိုင်းမှာလည်း ဒီအကြောင်းအရာတွေ မပါသေးတာကြောင့် ပြည်သူလူထု အနေနဲ့ သိပ်မသိကြသေးပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ က ဒီဟာတွေကို နားလည်မှု ကွဲလွဲတာတွေကို ရှင်းပြပေးတယ်၊ မှန်တဲ့ အချက်ကို သိအောင် ဆွေးနွေးပေးတယ်။
ပထမဆုံး Green ဆိုတာ ဘာလဲဆိုတာကို သဘောထား ကွဲလွဲတာတွေ နားလည်မှု ကွဲလွဲတာတွေပေါ့။ ဘာတွေလည်းဆိုရင် သစ်ပင်နဲ့ ဆိုင်တယ်၊ သစ်ပင်တွေ အများကြီးစိုက်ရင် Green ဖြစ်တယ်ပေါ့။ တကယ်က အဲ့ဒါက မဟုတ်ပါဘူး။ သစ်ပင်ကလည်း အရေးကြီးပါတယ်၊ ဒါပေမယ့် သစ်ပင်တစ်ခုတည်း စိုက်ရုံနဲ့လည်း မရသေးပါဘူး ။ သစ်ပင်ကို ဘယ်နေရာမှာ စိုက်ရမယ်၊ ဘာကြောင့်စိုက်တယ် ၊ အရိပ်ရအောင်စိုက်တာလား၊ အေးအောင်စိုက်တာလား၊ လေထုညစ်ညမ်းမှုကို သန့်စင်စေဖို့ စိုက်တာလား ၊ ပြီးတော့ ဘာအပင်တွေ စိုက်မလဲ ။ နေရာတိုင်းမှာ ကိုယ် ကြိုက်တဲ့ အပင်စိုက်လို့ မရဘူး။ သူ့နေရာဒေသနဲ့ လိုက်လျောတဲ့ အပင်တွေကို စိုက်ဖို့လိုပါတယ်။
တခြားအပိုင်းကတော့ Green ဆိုတာက စွမ်းအင်သုံးစွဲမှုလျော့ချတာ ပါပါတယ်။ နောက်တစ်ခုကတော့ အညစ်အကြေးပါ ၊ အဓိကက အမှိုက်တွေပေါ့ အမှိုက်စွန့်ပစ်တဲ့ နေရာမှာ သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျ စွန့်ပစ်ဖို့ ပါပါတယ်။ နောက်တစ်ခုက ရေ ၊ ရေ သုံးစွဲမှုမှာလည်း ရန်ကုန်မြို့မှာဆိုရင် မြေအောက်ရေကို သုံးစွဲတာ တော်တော်များပါတယ်။ အဲ့ဒါက လည်း ကျွန်တော်တို့ ဂျိုးဖြူကလာတဲ့ ရေပိုက်လိုင်းတွေက သေသေချာချာ infrastructure အနေနဲ့ ပြည့်ပြည့်စုံစုံ မရှိတဲ့ အတွက်ကြောင့် ပြည်သူတွေက မြေအောက်ရေကနေ ယူရတာဖြစ်ပါတယ်။ ဒီလို မြေအောက်ကနေ ယူတဲ့ အခါမှာ ရန်ကုန်မြို့က လူဦးရေလည်း ထူထပ်လာတဲ့ အတွက် မြေအောက်ရေသုံးစွဲတာများများလေလေ မြေအောက်ရေ ကျသွားတဲ့အခါမှာ ပင်လယ်နဲ့ နီးတဲ့နေရာလည်းဖြစ်တာကြောင့် ပင်လယ်က ဆားငံရေတွေက မြေအောက်ရေထဲကိုဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရေသုံးစွဲမှုမှာလည်း တခြားနည်းနဲ့ ဘယ်လို ချွေတာ သုံးစွဲရမယ်ဆိုတာတွေကို ထည့်ပြီး စဉ်းစားတွက်ချက်ရပါတယ်။ အခုဆို မိုးရွာတဲ့ အခါမှာ ရေကို မခံနိုင်ကြဘူး။ ရေကလည်း ကွန်ကရစ်တွေကြောင့် မြေအောက်ထဲကို စိမ့်ဝင်လို့မရတော့ဘူး။ အဲ့တော့ ၂ခု မကောင်းတာဖြစ်ပါတယ်။ ကွန်ကရစ်ပေါ်ကျတဲ့ ရေတွေက အမှိုက်တွေရော အကုန်သယ်သွားပြီးတော့ မြစ်တွေ ချောင်းတွေကို pollution ဖြစ်စေတယ်။ မြောင်းတွေ အမှိုက်တွေပိတ်ဆို့ပြီး ရေကြီးမှု ဖြစ်တယ်။ နောက်ပိုင်း အမှိုက်ပြသနာနဲ့ ရေကြီးတဲ့ ပြသနာပေါ့ အဲ့ ၂ခုကလည်း ဆက်စပ်နေပါတယ်။ မြေအောက်ကို မစိမ့်ဝင်တဲ့ အတွက် မြေအောက်ရေ လည်း ပြန်မဖြည့်နိုင်ဘူး။ အဲ့ဒါတွေ အားလုံးဆက်နွယ်နေတာကို ဖြေရှင်းပေးတာက Green ပါ။
နောက်တစ်ခုက Engergy သုံးစွဲမှုပါ။ ရန်ကုန်မြို့က ပူပြင်းတယ်၊ စိုထိုင်းတယ်။ ကျွန်နော်တို့ တိုက်တွေ အများကြီးဆောက်တဲ့ နေရာမှာ နေသာထိုင်သာဖြစ်ဖို့ အဲကွန်းတွေ အများကြီး သုံးရပါတယ်။ အဲကွန်းက တကယ်တော့ စွမ်းအင်သုံးစွဲမှု အရမ်းမြင့်ပါတယ်။ နွေရာသီလိုမျိုး အချိန်မှာ မီးတွေ ခဏခဏ ပျက်တယ်။ ဘာလို့လည်း ဆိုတော့ ကျွန်တော်တို့ အစကတည်းက မီးအားလုံလုံလောက်လောက် မပေးနိုင်သေးဘူး ။ အဲကွန်းတွေ သုံးစွဲမှု များလာတဲ့ အခါကျတော့ မီးသုံးစွဲမှု များလာတဲ့ အခါကျတော့ မီးတွေ ခဏခဏပျက်တယ်၊ မီတာခတွေ တက်တယ်။ မီတာခ တက်တယ်ဆိုတာကလည်း စွမ်းအင် ထုတ်ဝေတဲ့ နေရာမှာ သုံးစွဲမှု များလာလေလေ ထုတ်လုပ်မှု အပိုင်းမှာလည်း ဖြည့်ပေးရပါတယ်။ အစိုးရဘက်ကလည်း ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မှ ခေတ်မီတိုးတက်တဲ့ နိုင်ငံဖြစ်လာမယ်။ အဲ့ အပိုင်းမှာလည်း သူတို့ အနေနဲ့လည်း Pressure ရှိတယ်။ ဒီလို မြှင့်တင်ပေးတဲ့ အခါ ထုတ်လုပ်မှု အပိုင်းမှာလည်း ကျောက်မီးသွေးတို့ ဘာတို့ကလည်း သဘာဝပတ်ဝန်းကျင် လေထု ညစ်ညမ်းစေတယ်။ ကျောက်မီးသွေးကဆိုရင် Clean Coal သုံးဖို့ပြောကြတယ်။ Clean Coal စနစ်က အရင်က Coal ထက်စာရင်တော့ ပိုပြီး သန့်ရှင်းတယ်ဆိုပေမယ့် တခြား နည်း green energy နည်းတွေဖြစ်တဲ့ solar နဲ့ wind တွေနဲ့ ယှဉ်လိုက်ရင်တော့ သူက လေထုကို ညစ်ညမ်းစေတာပါပဲ။ အဲ့ဒါမျိုး clean coal /coal power တွေ သုံးမယ်ဆို လေထု ညစ်ညမ်းမှု ပိုတိုးလာနိုင်ပါတယ်။ အဲ့ဒါကြောင့် စွမ်းအင်ကို ဘယ်လို လျော့ပြီး သုံးမလဲ ဆိုတာကိုလည်း ကျွန်တော်တို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲ့တော့ Green ထဲမှာ ဆိုရင် စွမ်းအင်သုံးစွဲမှု လျော့အောင်ဘယ်လို လုပ်ရမလဲဆိုတာ ပါပါတယ်။


Green Building လို့ သတ်မှတ်ဖို့ စံချိန်စံညွှန်းတွေ ရှိပါသလား ဆရာ။
ဟုတ်ကဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Green Building ဆိုတဲ့ စံချိန်စံညွှန်းတွေ မရှိသေးပါဘူး။ MNBC (Myanmar National Building Code) မှာတော့ green နဲ့ သက်ဆိုင်တဲ့ အချက် အချို့ပါ ပါတယ်။ ဒါပေမယ့် သိပ်မပါသေးပါဘူး။ ကျွန်တော်တို့ Green Architecture ကော်မတီနဲ့ အခြားအဖွဲ့ Green Building ကော်မတီ ဆိုတာ ရှိတယ်။ သူတို့နဲ့ ပေါင်းပြီးတော့ အတူတူ စံချိန်စံညွှန်းတွေ ထွက်လာအောင် ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ အဲ့ဒါကလည်း ကမ္ဘာက အသိအမှတ်ပြုတဲ့ စနစ်နေတွေကို ကြည့်ပြီး မြန်မာနိုင်ငံနဲ့ ဘယ်လို ကိုက်ညီမှု ရှိမလဲ ဆိုတာ ချင့်ချိန်ပြီးတော့ သုံးရမှာပေါ့။ နိုင်ငံခြားမှာ သုံးတိုင်း ကိုယ့်နိုင်ငံမှာ သုံးလို့ မရဘူး။ လိုက်လျောညီထွေမှု ရှိချင်မှ ရှိမယ်။ အင်္ဂလန်တို့ ဂျာမနီတို့လိုမျိုး နိုင်ငံတွေဆို အေးတယ်။ အဲ့ဒီမှာ သုံးတဲ့ စနစ်တွေက ကျွန်တော်တို့ ရန်ကုန်မြို့မှာ သုံးလို့ မရဘူး။ ကျွန်တော်တို့ ရာသီဥတုနဲ့ နီးစပ်တာက စင်ကာပူ၊ ထိုင်း လို နိုင်ငံတွေက သုံးတဲ့ စနစ်တွေကို ကျွန်တော်တို့ သုံးလို့ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု၊ စီးပွားရေ း အခြေအနေနဲ့ ကိုက်ညီတဲ့ စံချိန်စံညွှန်းတွေ ထုတ်မှလည်း အဆင်ပြေမှာဖြစ်ပါတယ်။
Green Buidling တွေကို ဒီဇိုင်းရေးဆွဲဖို့အတွက် အဓိကကျတဲ့ အချက်အလက်လေးတွေနဲ့ စဉ်းစားပုံလေးတွေကို ပြောပြပေးပါရှင့်။
ခုနပြောတာက ကျွန်တော်တို့ Green လုပ်မယ်ဆိုရင် သစ်ပင်တွေက တကဏပါပါတယ်။ နောက်တစ်ခုက စွမ်းအင်သုံးစွဲမှု လျော့ချအောင် ဘယ်လို လုပ်မလဲ ဆိုတာ စဉ်းစားပါတယ်။ နောက်တစ်ခုက ရေသုံးစွဲမှုမှာ ဘယ်လိုလုပ်မလဲ၊ အညစ်အကြေးအမှိုက်စွန့်ပစ်မှုတွေကိုလျော့နည်းအောင် စနစ်တကျဘယ်လို ထိန်းသိမ်း စီမံကြမလဲ ဆိုတာတွေပါ ထည့်စဉ်းစားရပါတယ်။ ကျွန်တော်တို့ Green Architecture မှာကတော့ Passive Design လို့ ခေါ်တဲ့ စနစ်ကို အဓိကထား သုံးစွဲပါတယ်။ သဘာဝကပေးတဲ့ မြေကြီး၊ ကိုယ်ဆောက်မယ့် နေရာမြေအနေအထားကို ကြည့်ရပါတယ်။ နောက်တစ်ခုက နေ ကလာတဲ့ အပူချိန်ရယ်၊ အလင်းရောင်ရယ်ကို ဘယ်လို သုံးစွဲရမလဲ စဉ်းစားပါတယ်။ နောက် အခန်းတွေထဲကို လေဘယ်လို ဝင်အောင်၊ လေထုညစ်ညမ်းမှု မဖြစ်အောင် ဘယ်လိုသုံးစွဲရမလဲဆိုတာ စဉ်းစားပါတယ်။ နောက်ထပ်တစ်ခုက မိုးရေပါ။ မိုးရေကို ဘယ်လိုသုံးစွဲရမလဲ ရေသုံးစွဲမှုလျော့ချမလဲ ၊ စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးနိုင်မယ့် ဒီဇိုင်းနဲ့ သုံးစွဲမှုတွေ ရှိပါတယ်။ လေရယ်၊ ရေရယ်က ပူနေတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်ကို အေးမြအောင်လုပ်နိုင်တဲ့အစွမ်းတွေရှိပါတယ်။ သစ်ပင်တွေကိုလည်း အရိပ်ရအောင်၊ အေးမြအောင်၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုလျော့ချနိုင်အောင် ဘယ်လို သုံးစွဲရမလဲဆိုတာ ဒီ၅ခုပေါ့။ မြေကြီးရယ်၊ ရေ ရယ်၊ လေရယ်၊ နေရယ်၊ သစ်ပင်ရယ်ပါ။ ဒါ့အပြင် ကျွန်တော်တို့က အဆောက်အအုံမှာ သုံးစွဲတဲ့ ပစ္စ

ည်းတွေရယ်၊ ဆောက်လုပ်တဲ့နည်းပညာတွေရယ် ဒါတွေကိုလည်း ပြန်ပြီးစဉ်းစားရပါတယ်။ အဲ့ဒီ ၅ခုနဲ့ အတူ စဉ်းစားပြီးတော့မှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်းအောင်၊ ရေ သုံးစွဲမှု ၊ စွမ်းအင်သုံးစွဲမှုလျော့နည်းအောင် ၊ အမှိုက် အညစ်အကြေး စွန့်ပစ်မှုကို လျော့နည်းအောင် နဲ့စနစ်တကျဖြစ်အောင် လုပ်ဆောင်တဲ့ ဒီဇိုင်း နည်းပညာဖြစ်ပါတယ်။
ရန်ကုန် မြို့မှာရော Green Building ရှိပါပြီလားဆရာ၊ ရှိမယ်ဆိုရင်လည်း ပြောပြပေးပါဆရာ။
ကျွန်တော် ဝမ်းသာစွာနဲ့ပြောချင်တာကတော့ ရန်ကုန်မြို့မှာ Green Building ရှိပါတယ်။ အခုဆိုရင် လူသိများတဲ့ Junction City ပါ။ Junction City ဆိုရင် သူတို့ရဲ့ ဆောက်လုပ်တဲ့ အဖွဲ့က မြန်မာနိုင်ငံက ကုမ္ပ
ဏီ တစ်ခုရယ် ၊ စင်ကာပူက အဖွဲ့တစ်ခုရယ် ပူးပေါင်းပြီးလုပ်တယ်။ စင်ကာပူ အဖွဲ့လည်းပါတာကြောင့် သူတို့နိုင်ငံမှာဆိုရင် နိုင်ငံနဲ့ လိုက်ဘက်တဲ့ Green နဲ့ ဆိုင်တဲ့ ဥပဒေ ရှိပါတယ်။ Junction City ဟာ စင်ကာပူရဲ့ Green Building စနစ်နဲ့ ဆောက်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သူတို့ရဲ့ Green Standard ကို Building Construction Authority (BCA) ဆိုတဲ့ အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ Green Mark Standard ကို ကိုက်ညီအောင် ဆောက်ထားတာဖြစ်ပါတယ်။ Green Building လို့ ခေါ်လို့ ရပါတယ်။ သူတို့မှာ Green Mark Standard က အဆင့် အမျိုးမျိုးရှိပါတယ်။ Gold , Silver, Platinum ဆိုပြီး အဆင့်ဆင့်မြင့်သွားတာမျိုး ရှိပါတယ်။ Junction City ကဆိုရင် mixed use property လို့ခေါ်ပါတယ်။ Shopping Center, Residential, Office Tower, Hotel ရှိတယ်။ အားလုံးပေါင်းဆိုရင် သူတို့နိုင်ငံနဲ့ဆို Green Mark Gold Standard နဲ့ လုပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ အဲ့ဒီမှာ ဆိုရင် စွမ်းအင်၊ ရေ သုံးစွဲမှု လျော့နည်းအောင် အဓိကထား လုပ်ထားပါတယ်။ အထဲမှာဆိုရင် indoor air quality ပေါ့၊ အဆိပ်အတောက်ဖြစ်စေမယ့် အငွေ့အသက်ရှိတဲ့ ပစ္စည်းတွေကို မသုံးထားဘူး ။ အတွင်းမှာ လည်း လေထုက သန့်ရှင်းတယ်၊ အပြင်ကို ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထွက်မှုမှာလည်း လျော့နည်းအောင် လုပ်ထားပါတယ်။ နောက်တစ်ခုက Sedona Hotel က အသစ်ဆောက်ထားတဲ့ Inya Wing အဆောက်အအုံပါ။ အဲ့ဒါကလည်း စင်ကာပူက green mark gold standard နဲ့ ညီအောင် ဆောက်ထားတာဖြစ်ပါတယ်။ ကျွန်တော်သိသလောက်တော့ ဒီနှစ်ခုက စင်ကာပူစံနှုန်းနဲ့ ဆိုရင်တော့ green buildingဆိုတာ အတိအကျပြောလို့ရပါတယ်။
Green Builing ရဲ့ အားသာချက်တွေက ဘာတွေ ဖြစ်ပါမလဲ ဆရာ။
စွမ်းအင်သုံးစွဲမှု အများကြီး လျော့ချထားနိုင်ပါတယ်။၂၀ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ထိ လျော့ချလို့ရနိုင်ပါတယ်။ ဒါကတော့ ကိုယ်ဘယ်လောက် လုပ်နိုင်မလဲဆိုတာပေါ်မူတည်ပါတယ်။ စွမ်းအင်၊ ရေ သုံးစွဲမှုလျော့ချနိုင်မယ်၊ အမှိုက်စွန့်ပစ်မှုလျော့ချနိုင်မယ် စနစ်တကျရှိမယ်၊ လေထုသန့်စင်မှုရှိမယ်။ အဆိပ်အတောက်ဖြစ်စေမယ့် ပစ္စည်းတွေ သုံးထားတာ နည်းပါးတယ်။ ဒါ့ကြောင့် Green Building မှာနေမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုကောင်းမယ်၊ စီးပွားရေးမှာဆိုရင် စွမ်းအင်သုံးစွဲမှု နည်းတာကြောင့် မီတာခတွေ သက်သာသွားမယ်၊ ဒါ့အပြင် သဘာ၀ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုကိုလျော့ချနိုင်မယ်၊ ရေသုံးစွဲမှုလျော့နည်းမယ်။ ဒီ Green Building တွေမှာ ဆိုရင် မိုးရေကို သုံးထားတာမျိုး၊ အသုံးပြုပြီးသားရေ grey water ကို သန့်စင်ပြီး တခြားနေရာမှာ ပြန်သုံးတာမျိုးတွေရှိပါတယ်။ ဥပမာ လက်ဆေးထားတဲ့ ရေကို အိမ်သာရေဆွဲချတဲ့နေရာမှာပြန်သုံးတာမျိုးပေါ့။ ရေကို လျှော့သုံးနိုင်တဲ့အတွက် မြေအောက်ရေလျော့နည်းမှုနဲ့ ဆားငန်ရေဝင်ရောက်မှု စတာတွေကို တားဆီးနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ Myanmar Home & Decor ပရိသတ်ကို ဆရာပေးချင်တဲ့ message လေးလည်း ပြောပေးပါဦးဆရာ။
Green Architecture က ပြည်သူလူထုအတွက်ကောင်းတာတွေက အများကြီး ရှိပါတယ်။ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ စီးပွားရေးမှာဆိုရင် Operating Cost နဲ့ မီတာခတွေ လျော့ကျစေနိုင်ပါတယ်။လေထု၊ ရေသုံးစွဲမှု၊ အမှိုက်သရိုက်စွန့်ပစ်မှု စနစ်တကျ ရှိတဲ့အတွက်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ အများကြီးလျော့နည်းစေတယ်။ သန့်ရှင်းစေတယ်။ ဒီနေရာမှာ နားလည်မှုလွဲနေကြတာလေးက Green building ကို ဈေးကြီးတယ်လို့ ထင်ကြပါတယ်။ တကယ်က သာမန်နဲ့ ယှဉ်ရင် ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်တော့ ပိုများနိုင်ပါတယ်။ ဒါပေမယ့် Operating cost နဲ့ ပြန်ပြီး ချေသွားနိုင်ပါတယ်။ ၃ နှစ်ကနေ ၇ နှစ်အတွင်းမှာ အရင်း ပြန်ကျေသွားနိုင်ပါတယ်။ ရေရှည်မှာဆိုရင် Green Building က ပိုကောင်းပါတယ်လို့ ပြောချင်ပါတယ်။


နောက်တစ်ခု မြန်မာပြည်သူလူထုကို ပထမဆုံး ပြညိသူလူထုအနေနဲ့ Green Architecture ရှိတယ်ဆိုတာနဲ့ ဘာကြောင့်ကောင်းလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပညာရှင်တွေရှိပါတယ်။ ဒါပေမယ့် ပညာရှင်တွေ အနေနဲ့ကလည်း ပြည်သူလူထုက တောင်းဆိုမှသာ လုပ်ပေးနိုင်မှာပါ။ Public Building တွေဆိုရင်လည်း ပြည်သူလူထုက Green ဆိုတာကို သိပြီး တောင်းဆိုရင် အစိုးရက လိုက်လျောပြီး လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သိဖို့လိုပါတယ် နောက်တဆင့်က တောင်းဆိုဖို့ လိုပါတယ်။ အခုဆိုရင် Green ပစ္စည်း တွေအများကြီးရှိလာတဲ့အတွက် ဈေးနှုန်းထားတွေကလည်း လျော့ကျလာပါပြီ။ ဈေးနှုန်း သက်သာလာတဲ့ အတွက် ဆင်းရဲ ချမ်းသာမရွေးသုံးနိုင်လာမှာဖြစ်ပါတယ်။ တောင်းဆိုကြပါ သုံးစွဲကြပါ၊ ဒါဆိုရင် ပစည်းတွေ များများ ရောက်လာပြီး ဈေးနှုန်းတွေပိုပြီ သက်သာလာမယ်၊ နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွက် ကျန်းမာရေး၊ စီးပွာရေး အများကြီးပိုကောင်းဖို့ အလားအလာရှိပါတယ်။ ဒါ့အပြင် Green ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လည်း ပိုမို နားလည် သိရှိလာအောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ အခုလို ပြည်သူလူထု အတွက် အကျိုးဖြစ်ထွန်းစေမယ့် Green architecture အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ စိတ်ရှည်ရှည်ရှင်းပြပေးတဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်။



ဆက်စပ်ဆောင်းပါးများ

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…