ပန်းဥယျာဉ်လေးတွေအလှဆင်တဲ့နေရာမှာကျောက်တုံးလေးတွေဟာ ချစ်စဖွယ်ကောင်းပြီး အလွန်အသုံးဝင်တဲ့ အလှဆင်ပစ္စည်းလေးတွေ ဖြစ်ပါတယ်။ ကျောက်တုံးလေးတွေနဲ့ ဆင်ယင်ထားတဲ့ ပန်းဥယျာဉ်လေးဟာ ငွေကြေးကုန်ကျမှု အသက်သာဆုံးနဲ့ သင့်ရဲ့နေအိမ်ကို သေသပ်လှပစေမှာဖြစ်ပါတယ်။ ကျောက်တုံးလေးတွေနဲ့ အလှဆင်ကာမျိုးကဂျပန်ရိုးရာအငွေ့အသက်တွေထုံမွှမ်းထားတဲ့ ဇင်ယဉ်ကျေးမှုပန်းဥယျာဉ်လေးကအစ တော်ဝင်ဆန်ဆန် အပြင်အဆင်တွေပါတဲ့ အင်္ဂလိပ်တွေရဲ့ ပန်းဥယျာဉ်တွေအဆုံးမပါမဖြစ်ထည့်သွင်းအသုံးပြုရတဲ့ ဥယျာဉ်အလှဆင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အရှေ့တိုင်းနေထိုင်မှုပုံစံမှာပဲဖြစ်ဖြစ်၊ အနောက်တိုင်းနေထိုင်မှုပုံစံမှာပဲဖြစ်ဖြစ် ပန်းဥယျာဉ် လေးသေသပ်ခံ့ညားဖို့ဆိုရင်တော့ ကျောက်တုံးလေးတွေက မပါမဖြစ်လို့ဆိုရမှာပါ။ ပန်းဥယျာဉ်ပြင်ဆင်ရာမှာလည်း ကျောက်တုံးလေးတွေက ခင်းကျင်းပြင်ဆင်ဖို့အတွက် အခက်အခဲမရှိဘဲ အလွယ်တကူခင်းကျင်းနိုင်တာကြောင့် စိတ်ကူဉာဏ်ကွန့်မြူးတတ်သလို သင့်ရဲ့အိမ်လေးပိုမိုတင့်တယ်သွားစေ မှာဖြစ်ပါတယ်။ ခင်းကျင်းရင်လွယ်ကူသလို စိတ်ကြိုက်ပုံစံပြောင်းချင်တယ်ဆိုရင်လည်း အလွယ်တကူ ပြောင်းနိုင်သေးတာမို့ ပန်းဥယျာဉ်လေးကိုမကြာခဏပုံစံပြောင်းချင်သူတွေအတွက်လည်း အဆင်အပြေဆုံး ဥယျာဉ်အလှဆင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။ အလှဆင်ကျောက်ခဲလေးတွေ ရွေးချယ်တဲ့ နေရာမှာလည်း စာဖတ်ပရိတ်သတ်ကြီး စိတ်ပင်ပန်းခံနေစရာမလိုဘဲ အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်မယ့် ကျောက်ခဲ့လေးတွေကို ဒီနေရာမှာရွေးချယ်ဖော်ပြပေးလိုပါတယ်။

အချင်း ၂ လက်မခွဲ သာသာလောက်ပဲရှိတတ်တဲ့ ကျောက်စရစ်ခဲလေးတွေ၊ ၂လက်မခွဲကနေ ၁၀လက်မလောက်ထိရှိပြီး ခပ်လုံးလုံးလမ်းခင်းကျောက်တုံးလေးတွေအပြင် သူနဲ့အရွယ်တူပေမယ့် ခပ်ပြားပြားကျောက်တုံးလေးတွေက ပန်းဥယျာဉ်ပြင်ဆင်မွမ်းမံဖို့အတွက် အသင့်လျော်ဆုံးကျောက်ခဲတွေပဲဖြစ်ပါတယ်။ မြစ်ကြမ်းပြင်၊ ပင်လယ်ကြမ်းပြင်တွေမှာတည်ရှိနေခဲ့တုန်းက ရေလှိုင်းတွေက သယ်ယူပွတ်တိုက်စားသွားတာကြောင့် သဘာဝအတိုင်းလုံးဝန်းနေတဲ့ ဒီကျောက်ခဲ့လေးတွေက သင့်ရဲ့ ဥယျာဉ်လေးကို သဘာဝအတိုင်းသေသပ်လှပစေမှာမို့ ဘုရားကပေးတဲ့ ဆုလာဒ်လေးလိုဆိုရင်လည်း မမှားပါဘူး။

ကျောက်ခဲကြမ်းပြင်
ပန်းဥယျာဉ်ရဲ့ ကြမ်းခင်းနဲ့ အနားသတ်အပြင်အဆင်တွေမှာ ဈေးနှုန်းကြီးတဲ့ မြက်ခင်းတွေအစား ဈေးနှုန်းချိုသာပြီး လွယ်ကူသက်သာခင်းကျင်းနိုင်တဲ့ ကျောက်ခဲလေးတွေဖြန့်ခင်းပြီး အစားထိုးကြည့်ကြမယ်ဆိုပါစို့။ သင့်ရဲ့ဥယျာဉ်ကရိုးရာအသွင်အပြင်ပဲဖြစ်ဖြစ်၊ ခေတ်မီဆန်းပြားတဲ့ အသွင်အပြင်ပဲဖြစ်ဖြစ် စရိတ်သက်သက်သာသာနဲ့ လှပသေသပ်သွားမှာအသေအချာပါပဲ။ သင့်ရဲ့ ဥယျာဉ်ထဲက ညီညာပြန့်ပြူးနေနဲ့ ကွန်ကရစ်လမ်းလေးရဲ့နံဘေးကာ မြေကွက်လပ်နေရာမှာ မြက်ခင်းအစား ကျောက်ခဲလေးတွေကို ခင်းလိုက်မယ်ဆိုရင် ဒီဇိုင်းအလှက ပိုမိုထင်ရှားပေါ်လွင်သွားမှာပါ။ ဒါ့အပြင်ကျောက်ခဲလေးတွေကြားက အလှစိုက်ချုံပုလေးတွေလည်း လွတ်လွတ်လပ်လပ် ထိုးထွက် ပေါက်ရောက်နိုင်သေးတာကြောင့် သင့်ရဲ့ ပန်းဥယျာဉ် လေးက လွတ်လပ်တဲ့ သင့်ရဲ့ အလှဆင်စိတ်ကူးကို အတားအဆီးရှိစေမှာမဟုတ်ပါဘူး။

ကျောက်ခင်း သဘာဝစမ်းချောင်း
စိတ်ကူးဉာဏ်ကွန့်မြူးတဲ့အတိုင်း အရွယ်အစားမတူညီတဲ့ ကျောက်တုံးတွေကို အသုံးပြုပြီး သင့်ရဲ့ ခြံလေးထဲက စမ်းချောင်းလေးမှာ အစီအရီခင်းမယ်ဆိုလည်း ဆန်းသစ်တဲ့ အဆင်အယင်မျိုးပဲဖြစ်ပြီး အလှမွေးငါးလေးတွေပါထည့်သွင်းလိုက်မယ်ဆိုရင်တော့ သဘာဝနဲ့ထပ်တူညီတဲ့ အလှတရားတွေကို ဖန်တီးလိုက်နိုင်မှာပဲဖြစ်ပါတယ်။ ဒီကျောက်တုံးလေးတွေခင်းထားတဲ့ စမ်းချောင်းထက်မှာ တံတားငယ်လေးပါတည်ဆောက်လိုက်မယ်ဆိုရင်တော့ အတိုင်းအဆမရှိတဲ့ သဘာဝအလှတရားတွေနဲ့ အနီးစပ်ဆုံးနေရာကို သင်ကိုယ်တိုင် ရောက်ရှိခံစားတွေ့မြင်နိုင်မှာ အသေအချာပဲပေါ့။ ဒီလိုမှမဟုတ်ရင်လည်း သစ်သားလျှောက်လမ်းဘေးမှာ ခမ်းခြောက်သွားတဲ့ စမ်းချောင်းလေးအဖြစ် ကျောက်တုံးကျောက်ခဲလေးတွေကို စီထားလိုက်ပြီ ချုံပင်အငယ်စားလေးတွေ၊ ပန်းအလှပင်လေးတွေနဲ့ ပုံဖော်စိုက်ပျိုးနိုင်ပါသေးတယ်။

ကျောက်ခဲအလှဆင် စင်္ကြန်လမ်းကလေး
အရောင်အသွေးနဲ့ အရွယ်အစားစုံလင်တဲ့ ကျောက်ခဲလေးတွေကို အသုံးပြုတတ်ရင်ပြုတတ်သလို အလှပဆုံးဥယျာဉ်အပြင်အဆင်လေးကို ဖန်တီးနိုင်ဦးမှာပါ။ ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံတစ်မျိုးအနေနဲ့ လျှောက်လမ်းစင်္ကြန်ထဲမှာပဲ ကွန်ကရစ်ပြားလေးတွေနဲ့ ကျောက်တုံးလေးတွေကို ရောနှောဖန်တီးနိုင်ပါသေးတယ်။ မတူညီတဲ့ ပုံစံလေးတွေကို ရောနှောပြီး မျက်စိပသာဒဖြစ်စေအောင် ပြင်ဆင်မွမ်းမံပေးနိုင်ဖို့ ဥယျာဉ်ဒီဇိုင်းပညာရှင်တစ်ယောက်အနေနဲ့ ကျောက်တုံးကျောက်ခဲ့လေးတွေက အဖိုးတန်လက်နက်ပါပဲ။ ညီညာပြန့်ပြူးတဲ့ ကွန်ကရစ်ပြားလေးတွေရဲ့ကြားမှာ ကျောက်ခဲလေးတွေနဲ့ အလှစိုက်ရေညှိပင်လေးတွေသာ ပေါင်းစပ်မွမ်းမံလိုက်မယ်ဆိုရင်တော့ လုံး၀ မထင်မှတ်ထားလောက်အောင် သင့်ခြံလေးသဘာဝကျကျလှပသွားမှာပါ။

ရေဓာတ်ထိန်းပေးဦးမယ့် ကျောက်ခဲလေးများ
သင့်ရဲ့ ဥယျာဉ်လေးထဲမှာ ခင်းကျင်းထားမယ့် ကျောက်ခဲလေးတွေက ချုံပုပင်လေးတွေကိုထိုးထွက်ပေါက်ရောက်ခွင့်ပြုထားလို့ သဘာဝဆန်ဆန်လှပစေရုံသာမက ကျောက်တုံးအောက်မြေသားထဲ ရေဓာတ်အလွယ်တကူ ဆုံးရှုံးသွားခြင်းမရှိအောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျောက်ခဲလေးတွေက ရေကိုစုပ်ယူ ထိန်းသိမ်းနိုင်စွမ်းရှိပေမယ့် သင့်ရဲ့ ဥယျာဉ်ကိုအရုပ်ဆိုးအကျည်းတန်စေမယ့် ပေါင်းမြက်တွေတော့ အလွယ်တကူ မပေါက်အောင်ကို ကာကွယ်တားဆီးပေးပါတယ်။

ကျောက်ခဲစီခြယ်သော အလှဆင်နံရံငယ်
ကျောက်ခဲလေးတွေကို ဝါယာကြိုးနဲ့ပြုလုပ်ထားတဲ့ပုံစံခွက်ကြီးတွေထဲစီရီထည့်ပြီး ပန်းစိုက်မြေထိန်းနံရံအဖြစ် အသွင်ပြောင်းလိုက်မယ်ဆိုရင်လည်း မြင်သူတိုင်းက သင်ရဲ့စိတ်ကူးဉာဏ်ကွန့်မြူးနိုင်စွမ်းကို မချီးမွမ်းဘဲမနေနိုင်အောင်ဖြစ်ကြပါလိမ့်မယ်။ လွယ်ကူရိုးရှင်းပေမယ့်လည်း အများနဲ့မတူအောင်ထူးထူးခြားခြားဖြစ်သွားမယ့် ပန်းစိုက်မြေထိန်းနံရံကြောင့် ပန်းရဲ့အလှတရားတွေက ပိုမိုထင်ရှားပေါ်လွင်သွားပြီးဆွဲဆောင်မှုအပြည့်ရှိတဲ့ ဥယျာဉ်အလန်းစားလေးကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကန္တာရအပင်ငယ်လေးတွေကို ရှည်ရှည်မျောမျောလေးထောင့်ကျကျအိုးတွေနဲ့စိုက်ပြီး သူ့အောက်က ပန်းအိုးဒေါက်တိုင်တွေအဖြစ် စတီးတိုင်ပုံစံခွက်ထဲ ကျောက်ခဲလေးတွေစီထည့်လိုက်ရင်လည်း ဆန်းသစ်တဲ့စိတ်ကူးလေးပဲဖြစ်ပါတယ်။

ကျောက်ခဲပုံဖော်ကွန်ကရစ်အလှလမ်း
ကျောက်ခဲလေးတွေကို မြေယာအလှဆင်ယင်တဲ့နေရာမှာ အသုံးပြုလာခဲ့တာဆိုရင်ဖြင့် ရာစုနှစ်များစွာကြာမြင့်ခဲ့ပါပြီ။ ခေတ်အဆက်ဆက် အလှဆင်ပစ္စည်းအဖြစ်နေရာရခဲ့တဲ့ ဒီကျောက်ခဲလေးတွေက လျှောက်လမ်းလေးအဖြစ် စီရီတဲ့နေရာမှာလည်း အချက်အချာကျခဲ့ပါတယ်။ ဟိုးအရင်ခေတ်များမှာတော့ ရွှံ့စေးထဲအစီအရီပုံဖော်ပြီး လှပဆန်းကြယ်တဲ့ လျှောက်လမ်းတွေပြုလုပ်ခဲ့ကြတာပါ။ ခေတ်အဆက်ဆက်ပြောင်းလဲလာလို့ ယနေ့ခေတ်ရောက်တဲ့အခါမှာတော့ ရွှံ့စေးအစား ကွန်ကရစ်အစားထိုးပြီး ကွန်ကရစ်တွေထဲမှာမှ ကျောက်ခဲလေးတွေကို စိတ်ကြိုက်ပုံဖော်နေကြတာပဲဖြစ်ပါတယ်။ အရောင်အသွေးစုံလင်တဲ့ ကျောက်ခဲလေးတွေကို ပုံဖော်ခင်းကျင်းမယ်ဆိုရင်တော့ ရှုမငြီးဖွယ် ကျောက်စီပန်းချီကားလေးလိုလှပသွားမှာဖြစ်ပါတယ်။

ရေပြင်အောက်မှ တောက်ပနေသောကျောက်ခဲလေးများ
သင့်ရဲ့ ဥယျာဉ်ခြံလေးထဲမှ တသွင်သွင်စီးဆင်နေတဲ့ ရေကန်ငယ်လေးတွေ ထည့်သွင့်ဖို့ စိတ်ကူးထားရင်လည်း ရေကန်အောက်ခြေမှာ ကျောက်ခဲလေးတွေခင်းပြီး အလှဆင်နိုင်တယ်ဆိုတာကို လုံးဝမမေ့သင့်ပါဘူး။ ရေစိုနေတဲ့ ကျောက်တုံးလေးတွေက အတောက်ပအလင်းလက်ဆုံးဖြစ်တာမို့ အလတ်စားအရွယ်ခပ်ပြားပြား ကျောက်ခဲလေးတွေသာ သင့်ရဲ့ ရေကန်ငယ်လေးထဲရောက်နေမယ်ဆိုရင် ပြီးပြည့်စုံတဲ့ အလှတရားအဖြစ် ပေါ်ပေါက်စေမှာဧကန်မုချပါပဲ။
အလှဆင်ကျောက်ခဲလေးတွေဟာ တီထွင်ကြံဆတတ်သူအတွက် အလွယ်တကူ ပြင်ဆင်မွမ်းမံနိုင်တဲ့ တန်ဖိုးနည်းအလှဆင်ပစ္စည်းတွေဖြစ်ပြီး သဘာဝကျတဲ့အလှတရားတွေကို ဖြည့်စွမ်းပေးနိုင်တာကြောင့် ဥယျာဉ်ပြင်ဆင်တဲ့နေရာမှာ အရွေးချယ်သင့်ဆုံးအလှဆင်ပစ္စည်းလေးတွေပဲဖြစ်ပါတော့တယ်။