အိမ်တွင်း အလှဆင် နည်းလမ်းများ

ကလေးအခန်းဖန်တီးတဲ့အခါ ….

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
November 22, 2020 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကလေးအခန်းတွေကို အလှဆင်တဲ့အခါမှာ ပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေကို ထည့်သွင်းစဥ်းစားပြီး ပြင်ဆင်သင့်ပါတယ်။ ကလေးတွေရဲ့ ကာယ၊ ဉာဏဖွင့်ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့ ကလေးအခန်းတွေဖန်တီးတဲ့အခါ ဘယ်အရာတွေက အရေးပါသလဲဆိုတာကို လေ့လာကြည့်နိုင်ဖို့ Myanmar Home & Décor က တင်ပြပေးထားပါတယ်။

နယ်ပယ်လေးများ ကန့်သတ်ပေးပါ။ (စာဖတ်ရန်။ ကစားရန်၊ အိပ်ရန်)
အိပ်ရာသည် ကောင်းမွန်စွာ အိပ်စက်အနားယူဖို့အတွက် သီးသန့်ပြုလုပ်ထားတယ်ဆိုတာကို ကလေးတို့ရဲ့ ငယ်စဉ်ဘဝမှာကတည်းက နှလုံးသွင်းပေးထားရမှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ဖို့စာကြည့်စားပွဲကို အိပ်ရာရဲ့ဘေး (ဒါမှမဟုတ်) အခန်းရဲ့ ထောင့်တစ်နေရာမှာ စီစဉ်ပေးထားရပါမယ်။ ဒါမှသာ မိမိရဲ့ ကလေးငယ်က ကုတင်ပေါ်မှာ စာကြည့်ရင်း အိပ်ပျော်ခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ကစားဖို့ နေရာလပ်ကလေးလည်း လိုအပ်ပါသေးတယ်။ ဒါမှလည်း ကလေးရဲ့ စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာ ပျံသန်းခွင့်၊ တီထွင်ခွင့်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။


ဘေးအန္တရာယ်ကင်းပြီး လုံခြုံမှုရှိအောင် ဖန်တီးပါ။
ရှာဖွေစူးစမ်းလိုစိတ် ပြင်းပြခြင်းက ကလေးငယ်တို့ရဲ့ ထုံးစံပါ။ အခန်းတွင်းမှာ ပရိဘောဂပစ္စည်းများကို နေရာချရာမှာ ပြတင်းပေါက်နားမှာ မထားမိပါစေနဲ့။ ပရိဘောဂများရဲ့ အစွန်းများက ချွန်ထွက်နေတာမျိုးမပါ၀င်အောင် သတိထားပါ။ ဖြစ်နိုင်မယ်ဆိုရင် ကလေးများအတွက် သီးသန့်ဒီဇိုင်းထွင်ထုတ်လုပ်ထားတဲ့ ပရိဘောဂများကို ရွေးချယ်ဝယ်ယူပါ။ အခန်းထဲမှာ ကွဲရှလွယ်တဲ့ အသုံးအဆောင်ပစ္စည်းများကို မထားမိဖို့ သတိပြုပါ။ အခန်းမှာရှိတဲ့ ဗီရိုတံခါး၊ ပြတင်းပေါက်တံခါးများမှာလည်း အဖွင့်အပိတ်ပြုလုပ်တဲ့အခါမှာ အရှိန်ကို ထိန်ပေးထားတဲ့ ကြားခံပစ္စည်းများကို ထည့်သွင်းအသုံးပြုပါ။ ကလေးများရဲ့ လက်ချောင်းကလေးများက သေးငယ်တဲ့အတွက် မတော်တဆ ကစားရင်း လက်ညပ်ခြင်းမှ ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။

Photo credit – internet


အခန်းဖွဲ့စည်းမှုမှ ကလေးအတွက် သင့်တော်တဲ့ ဗီရိုများပါ၀င်ပါစေ။
ကလေးတွေရဲ့ အခန်းထဲမှာ ရှုတ်ပွမနေဖို့အတွက် အလိုအပ်ဆုံးအရာကတော့ ဗီရိုများပဲဖြစ်ပါတယ်။ ပစ္စည်းများသိမ်းဆည်းတတ်တဲ့ အလေ့အကျင့်ကို ငယ်စဉ်ကတည်းက လေ့ကျင့်ပြီးသားဖြစ်စေပါတယ်။ အနည်းဆုံးကလေးတို့ရဲ့ ကစားစရာအရုပ်များ၊ ရောင်စုံခဲတံနဲ့ ပန်းချီစာအုပ် အစရှိတဲ့ ကလေးအသုံးအဆောင်ပစ္စည်းများကို ထည့်သွင်းနိုင်မယ့် ဗီရိုများကို ကလေးတို့ရဲ့ အရပ်နဲ့ မီအောင် ပြင်ဆင်ပေးထားသင့်ပါတယ်။ အဲဒီအပြင်စာအုပ်စင်များကိုလည်း ထည့်သွင်းပေးထားရင် စာဖတ်တတ်တဲ့ အလေ့အကျင့်ကိုလည်း မွေးမြူပေးနိုင်ပါတယ်။ စာအုပ်စင်ကိုတော့ ကလေးအရပ်နဲ့ လိုက်လျောညီထွေရှိစေဖို့ သတိပြုရပါမယ်။ စာအုပ်စင်ပေါ်မှာလည်း စာအုပ်အထူများ၊ အလေးချိန်ရှိတဲ့ ပစ္စည်းများ မထားမိစေဖို့ အထူးသတိပြုရပါမယ်။

အရောင်လှလှ တန်ဆာဆင်ပါ။
ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုအတွက် အရောင်များက အထောက်အကူဖြစ်စေတယ်လို့ ဆရာဝန်များရဲ့ လေ့လာမှုများအရ သိရပါတယ်။ အပြာရောင်၊ အစိမ်းရောင်နုတို့ကတော့ ကလေးများအတွက် သင့်တော်တဲ့ အခန်းအရောင်များဖြစ်ပါတယ်။ အရောင်စုံလေးများခြယ်သထားရင်လည်း ကလေးတို့အတွက် ဉာဏ်ရည်တိုးတက်မှုအတွက် အထောက်အကူဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆေးရောင်များကို လှပစွာခြယ်သထားခြင်းဖြင့် ကလေးငယ်တို့ရဲ့ စိတ်ကို ရွှင်လန်းစေပါတယ်။

https://www.facebook.com/fortuneera


မှန်ကန်တဲ့ အလင်းရောင်ကို ပေးစွမ်းပါ။
အခုခေတ်ကလေးတော်တော်များများက ငယ်ငယ်ကတည်းက တီဗီကြည့်၊ ဂိမ်းဆော့နဲ့ အတော်ကို မျက်စိပျက်စီးကြပါတယ်။ ဒါကြောင့် ငယ်စဉ်ကတည်းက ကလေးရဲ့ အိပ်ခန်းမှာ အဓိကအားဖြင့် စာကြည့််ဖို့၊ ပန်းချီဆွဲဖို့၊ ကွန်ပျူတာသုံးဖို့ လုံလောက်ပြည့်စုံတဲ့ အလင်းရောင်ရရှိဖို့လိုပါတယ်။ ဒါမှသာ အဝေးမှုန်ခြင်းနဲ့ မျက်စေ့စုံချက်မညီခြင်း အစရှိတဲ့ ဝေဒနာတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ နေ့လည်ခင်းမှာ သဘာဝအလင်းရောင်ကို ရရှိစေနိုင်ဖို့ဖန်တီးပေးပါ။ သဘာဝနေရောင်ခြည်ဟာ ကလေးငယ်တို့အတွက် နှာစေးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဗီတာမင်စီဓာတ်ပါ၀င်ပါတယ်။ ဒါပေမယ့်လည်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက်တော့ ပြန်လည်စဉ်းစားရင်း ခန်းဆီးလိုက်ကာများနဲ့ ၀န်းရံပေးလိုက်ပါ။ နေဝင်လို့ ကလေးအများစု စာကြည့်ချိန်ကို ရောက်လာတဲ့အခါ အလင်းရောင်အပြည့်အဝပေးစွမ်းနိုင်မယ့် စာကြည့်မီးအိမ် (သို့) မီးချောင်းကို တပ်ဆင်ပေးပါ။

ကလေးငယ်ကို သီးသန့်အခန်းနဲ့ ခွဲထုတ်ပေးလိုက်တဲ့အခါမှာ စိတ်ပိုင်းအပြောင်းအလဲများ၊ စိုးရိမ်ကြောက်လန့်မှုများ ရှိတတ်ပါတယ်။ အလင်းရောင်က အဲ့ဒီစိုးရိမ်ကြောက်လန့်မှုအတွက် ခွန်အားတစ်ခုအသွင် ခြေဖျက်ပေးနိုင်ပါတယ်။ သာမန်မီးအလင်းရောင်က ညအိပ်တဲ့အခါမှာ မျက်စေ့ကြောင်နေတတ်ပါတယ်။ ညအိပ်တဲ့အခါမှာ ညထွန်းမီးလုံးလေးကို တပ်ဆင်ပေးဖို့ မမေ့ပါနဲ့။ တစ်ယောက်တည်းနေလို့ နေသားတကျဖြစ်လာတဲ့အခါမှာတော့ အိပ်ခါနီးမှာ မီးလုံးတွေကို အလွယ်တကူပိတ်နိုင်အောင် အိပ်ယာနဲ့ လက်တစ်ကမ်းအလိုမှာ ညထွန်းမီးလုံးများထားရှိပေးပါ။

မိမိချစ်ရတဲ့ သားငယ် သမီးငယ်လေးများရဲ့ အသက်အရွယ်အလိုက် ကလေးအခန်းလေးဖန်တီးဖို့အတွက် ယခုဆောင်းပါလေးကို Fortune Era Design & Furniture နှင့်အတူ Myanmar Home & Decor က ပူးပေါင်းတင်ဆက်တာဖြစ်ပြီး စာဖတ်ပရိတ်သတ်များအတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
November 10, 2020 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


လူသားတို့ရဲ့ ပတ်ဝန်းကျင်မှာ အမြဲမြင်တွေ့နေကြဖြစ်တဲ့ အဖြူရောင်သည် ဖြူစင်ခြင်း၊ သန့်စင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းတို့ကို ကိုယ်စားပြုတဲ့ သင်္ကေတဖြစ်ပါတယ်။ အနက်ရောင်နဲ့ အဖြူရောင်တို့သည် ဆန့်ကျင်ဘက်ဖြစ်တဲ့ အရောင်တွေဖြစ်ပေမယ့် တွဲဖက်အသုံးပြုတဲ့အခါ လိုက်ဖက်ညီမှုရှိပြီး ရင့်ကျက်သော အရောင်ရောစပ်မှုတစ်ခုဖြစ်လာပါတယ်။ အဖြူရောင်ကို မည်သည့်အရောင်နဲ့မဆို တွဲဖက်လို့ လိုက်ဖက်ညီနိုင်ပေမယ့် အရောင်အနုများနဲ့ တွဲသုံးရင်တော့ ဘယ်လိုမှ ကြည့်လို့လှမှာ မဟုတ်ပါဘူး။ အဖြူရောင်ကို အိမ်အလှဆင်ရာမှာ အသုံးပြုခြင်းဖြင့် ကျဉ်းသောနေရာများကို ကျယ်သယောင် ဖြစ်စေပါတယ်။ အဖြူရောင်ကို အိမ်အလှဆင်တဲ့အခါမှာ ဘယ်လိုနေရာလေးတွေမှာ ရောယှက်အသုံးပြုလို့ အဆင်ပြေမယ်ဆိုတာကို ဆက်လက်လေ့လာလိုက်ရအောင် ……

ခေတ်မီပြီး ခမ်းနားတဲ့ ဧည့်ခန်းဆောင်လေးများအတွက် အဖြူရောင်နဲ့အတူ အပြိုင်လှနေတာကတော့ အနီရောင်ခန်းဆီးများပဲ ဖြစ်ပါတယ်။ အဲ့ဒီအပြင် ဧည့်ခန်းတစ်ခုလုံးမှာ ဆွဲဆောင်မှုအရှိဆုံးကတော့ နံရံမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားပါပဲ။ ပန်းချီကားတွေမှာ အနီရောင်ဦးစားပေးဆွဲထားတဲ့ ပန်းချီကားမျိုးကို ရွေးချယ်ပြီး အဖြူရောင်ဧည့်ခန်းနံရံမှာ ချိတ်ဆွဲထားခြင်းဖြင့် မြင်ရသူတို့အဖို့ ဆွဲဆောင်မှုတစ်ခုဖြစ်စေပြီး စိတ်ဓာတ်တက်ကြွစေမှာပါ။


လူငယ်ဆန်ဆန်အိပ်ခန်းပြင်မယ်ဆိုရင် နံရံနဲ့ အိပ်ယာခင်းမှာသာ အဖြူရောင်တွေကို အသုံးပြုပြီး ဆန့်ကျင်ဘက်အရောင်ဖြစ်တဲ့ အနက်ရောင်ပါတဲ့ အသုံးအဆောင်နှင့် ပရိဘောဂများကို ရွေးချယ်တဲ့အခါ ပရိဘောဂများရဲ့ထူးခြားမှုကို ပိုမိုပေါ်လွင်စေပါတယ်။ ကြမ်းခင်းမှာလည်း သစ်သားကို အသုံးပြုလိုက်ပါ။ နွေးထွေးမှုကို ခံစားစေမှာဖြစ်ပါတယ်။ အဖြူရောင်နဲ့ အနက်ရောင်က ဆန့်ကျင်ဘက်အရောင်တွေဖြစ်ပေမယ့် အလွန်လိုက်ဖက်ညီတဲ့ အရောင်များဖြစ်ပါတယ်။ ထိုဆန့်ကျင်ဘက်အရောင်ကို အသုံးပြုလိုက်တယ်ဆိုရင် အခန်းဟာ လူငယ်ဆန်စေပါတယ်။


နံရံတစ်ခုမှာသာ အစိမ်းရောင်ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲလိုက်ပြီး အခန်းထဲမှာ အစိမ်းရောင်ပန်းအိုး (သို့မဟုတ်) အစိမ်းရောင် ဖက်ခေါင်းအုံးကို အသုံးပြုလိုက်မယ်ဆိုရင် အေးမြမှုကို ပေးစွမ်းပြန်တဲ့အပြင် မျက်စေ့ပသာဒလည်းဖြစ်စေပါတယ်။ အနုပညာကို သက်ဝင်ခံစားသူတို့ရဲ့ ဧည့်ခန်းဖွဲ့စည်းပုံမျိုးဖြစ်ပါတယ်။ မိသားစုဝင်တွေနဲ့ အေးအေးဆေးဆေး စကားစမြည်ပြောလို့ကောင်းမယ် ဖွဲ့စည်းပုံတစ်ခုဖြစ်ပါတယ်။ ခေတ်မီပရိဘောဂများရဲ့ ကြားမှာ အစိမ်းရောင်အပင်ငယ်လေးက ဆွဲဆောင်မှုတစ်ခုအနေနဲ့ပါ၀င်နေတာဟာ စိတ်ကြည်နူးခြင်းဖြစ်စေပါတယ်။ အခုခေတ်မှာ အိမ်တွင်းမှာစိုက်တဲ့ လေသန့်ပင်လေးတွေကို နှစ်ခြိုက်လာခြင်းဟာ သဘာဝတရားကို မိမိအနားမှာ ရှိနေစေခြင်းဖြင့် စိတ်ချမ်းမြေ့မှုကို ရရှိစေပါတယ်။

အခန်းကျယ်ကျယ်နှစ်သက်သူများအတွက်တော့ အရောင်လှတဲ့ပရိဘောဂများအတွက် အဖြူရောင်နံရံနဲ့ မျက်နှာကျက်များက ပရိဘောဂတွေရဲ့ အသွင်ဆန်းနဲ့အရောင်တောင်ပြောင်မှုကို ပိုပြီးပံ့ပိုးပေးပါတယ်။ လူကြိုက်များတဲ့ ပရိဘာဂအရောင်များကတော့ တော်ဝင်ဆန်တဲ့ အပြာရင့်ရောင်၊ အဝါရင့်ရောင်နဲ့ အစိမ်းရင့်ရောင်တို့ဖြစ်ပြီး လှပသပ်ရပ်တဲ့ နံရံဖြူကြီးအနီးမှာ ပရိဘောဂများမှာ ပိုမိုပေါ်လွင်စေပါတယ်။ မှန်ပြတင်းပေါက်များနားက အဖြူရောင် ခန်းဆီများက နေ့အခါမှာ သဘာဝအလင်းရောင်ကို ပေးနိုင်စွမ်းရှိပြီး ညအခါမှာ ခန်းဆီးလှလှလေးနဲ့လည်း တစ်မျိုးတစ်ဖုံလှနေဦးမှာ ဖြစ်ပါတယ်။

အခန်းတစ်ခုလုံးမှာ အဖြူရောင်တစ်မျိုးတည်းကိုသာ အသုံးပြုထားပြီး ပန်းချီကားမှာ အပြာရောင်များများပါနေတယ်ဆိုရင်လည်း ပန်းချီကားကိုု ပိုမိုပေါ်လွင်စေပါတယ်။ ခေါင်းအုံးလေးများမှာ စိတ်ကြည်လင်လန်းဆန်းစေတဲ့ ကြည်ပြာရောင်ကို အဖြူရောင်နဲ့ တွဲဖက်အသုံးပြုထားမယ်ဆိုရင် အိပ်ခန်းလေးက နေချင့်စဖွယ်ဖြစ်နေမှာဖြစ်ပါတယ်။ ကျဉ်းတဲ့အိပ်ခန်းလေးများအတွက် အဖြူရောင်က ကျယ်နေသယောင် ထင်ရစေပါတယ်။
ဧည့်ခန်းမှာ ပြတင်းပေါက်ကြီးကြီးရှိပြီး ဧည့်ခန်းမှာ ကျောက်တုံးလေးတွေကို ထည့်သွင်းအလှဆင်ခြင်းဟာ အိမ်ထဲမှာ နေနေပေမယ့် အပြင်မှာရှိနေသလို သဘာဝရဲ့ စိမ်းစိုလန်းဆန်းမှုကို ခံစားစေရမှာဖြစ်ပါတယ်။ အိမ်ကျဉ်းတယ်ဆိုရင် ကြမ်းခင်းအတွက် အဖြူရောင် marble ကြွေပြားကို အသုံးပြုပြီး အဖြူရောင်ထိုင်ခုံဆိုဖာများနဲ့ တွဲသုံးလိုက်မယ်ဆိုရင် အခန်းတစ်ခုလုံးက လင်းလင်းလေးဖြစ်နေစေမှာဖြစ်ပါတယ်။

Photo : bing.com


အဖြူရောင်တွေထဲမှာ အညိုရောင်ကို ရောစပ်ပြီးအလှဆင်ထားတာဟာ အနောက်တိုင်းဆန်တဲ့ အပြင်အဆင်တစ်ခုဖြစ်ပါတယ်။ အဖြူရောင်နဲ့ ချောကလက်ရောင်ကို ရောယှက်ကာတန်ဆာဆင်ထားရင်လည်း တည်ငြိမ်ရင့်ကျက်မှုကို ပေးစွမ်းနိုင်ပါတယ်။

ရေချိုးခန်းများမှာ အဖြူရောင်ကြွေပြားများ၊ ကျောက်ပြားများကို အသုံးပြုတတ်ကြပါတယ်။ အေးမြမှုနဲ့ လန်းဆန်းမှုကို ပြန်လည်ဖြည့်စွမ်းပေးတဲ့ ရေချိုးခန်းတစ်ခုအသွင်ရရှိမှာဖြစ်ပေမယ့်လည်း သန့်ရှင်းရေးကိုတော့ အမြဲဂရုပြုရမှာဖြစ်ပါတယ်။အချုပ်အားဖြင့်ပြောရမယ်ဆိုရင် စိတ်ကို တည်ငြိမ်မှုပေးစွမ်းနိုင်တဲ့ အဖြူရောင်ကို သဘာဝအလင်းရောင်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ နွေးထွေးပြီး ကျက်သရေရှိတဲ့ အခန်းအသွင်ကို ဆောင်စေပါတယ်။ သဘာဝနေရောင်ခြည်နဲ့ သစ်ပင်ပန်းမန်တို့ကို မြတ်နိုးပြီး သပ်ရပ်စွာနေထိုင်လိုသူများအတွက် အထူးသင့်လျှော်ပါတယ်။

2021 ခုနှစ်အတွက် ကံကောင်းစေမယ့်အရောင်က အဖြူရောင်ဖြစ်ကြောင်းကို တရုတ်လူမျိုးတို့ရဲ့ ဖုန်းရွှေပညာရပ်မှာ လေ့လာတွေ့ရှိထားပါတယ်၊ Myanmar Home & Décor ပရိတ်သတ်ကြီးလည်း ကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ဖို့ ယခုဆောင်းပါးလေးက အထောက်အကူဖြစ်မယ်လို့မျှော်လင့်မိပါတယ်၊

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

Home Office ဖန်တီးခြင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 14, 2020 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads


ကိုဗစ်နဲ့အတူ ယှဉ်တွဲကာနေထိုင်နေချိန်မှာတော့ အလုပ်ကို အိမ်မှာလုပ်ရတာလည်း ယဉ်ကျေးမှုတစ်ခုဖြစ်လာပါတယ်။ အလုပ်လုပ်တဲ့အခါမှာ လုပ်ဆောင်ရမယ့်အလုပ်တွေ ပြီးစီးအောင်လုပ်နိုင်ဖို့ လိုပါသေးတယ်။ Myanmar Home & Décor Magazine ရဲ့ ပရိတ်သတ်ကြီးမှာ အိမ်ကနေ အလုပ်လုပ်နေတဲ့သူတွေရှိမယ်ဆိုတာ သေချာတာမို့ ဖော်ပြပေးလိုက်ပါတယ်နော် …

တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်အညီ အမျိုးသားတွေရော အမျိုးသမီးတွေပါ လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်လာကြပါတယ်။ တချို့အိမ်မူကိစ္စတွေရော မိမိကိုယ်ပိုင်စီးပွားရေးရော တွဲဖက်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအနေနဲ့ မိမိအိမ်မှာပဲရုံးထိုင်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မူကို သက်သာစေနိုင်တဲ့အပြင် အချိန်မီရုံးသွားရဖို့ ပြင်ဆင်ရတဲ့ စိတ်ဖိစီးမူကနေ ကင်းဝေးစေနိုင်ပါတယ်။ လုပ်ငန်းကြီးလုပ်သူများအတွက်ကတော့ အလုပ်ကပြန်လာပေမယ့်လည်း အိမ်ရောက်သည့်တိုင် အလုပ်ကိစ္စများ ပါလာတက်တာမို့ အိမ်မှာအလုပ်စားပ ွဲ(သို့) စာကြည့်ခန်း အသွင်ဆောင်တဲ့ နေရာလေးမှာ အလုပ်လုပ်ကြရပြန်တယ်။
ဒါပေမယ့် မိမိအိမ်မှာပဲရုံးခန်းတစ်ခုဖွဲ့စည်းမယ်ဆိုရင် သင့်တင့်တဲ့နေရာတခုတော့လိုအပ်ပါတယ်။ အပြင်မှာ ရုံးထိုင်ရတဲ့ မိရိုးဖလာထုံးစံတစ်ခုကနေခွဲထွက်ပြီး အောက်ပါအချက်များနဲ့ မိမိအိမ်မှာ ဖန်တီးကြည့်ရအောင်။

မိမိရဲ့ ရုံးခန်းမှာမရှိမဖြစ်လိုအပ်တဲ့ အသုံးအဆောင်များ ရွေးချယ်ထည့်ခြင်း
မိမိမှာ ရုံးခန်းလုပ်မတနေရာ ရပြီဆိုရင် ထိုနေရာမှာထားမဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတွေကို အရင်ဆုံး စာရင်းလုပ်ပါ။ မပါမဖြစ်တဲ့အသုံးအဆောင်များကတော့ ဥပမာအားဖြင့်ဆိုရရင် စားပွဲ၊ ထိုင်ခုံ၊ ကွန်ပျူတာ၊ ဖုန်းတွေပေါ့။ မိမိလုပ်ကိုင်တဲ့လုပ်ငန်းပေါ်မူတည်ပြီး ကွန်ပျူတာစားပွဲကို ရွေးချယ်နိုင်ပါတယ်။ ပြီးတော့လုပ်ငန်းသုံးပစ္စည်းတွေ ထားနိုင်မဲ့နေရာလေးတစ်ခုလည်း လိုအပ်ပါသေးတယ်။ ဥပမာ ဖိုင် တွဲတွေထားတဲ့ နေရာလေးပေါ့။ အကယ်၍ သင်ဟာ ၀န်ဆောင်မူဆိုင်ရာလုပ်ငန်းတစ်ခုလုပ်သူဆိုလျှင် ဧည့်သည်နဲ့လက်ခံစကားပြောဖို့ သပ်ရပ်တဲ့နေရာလေးတစ်ခုကိုတော့ ဖန်တီးပေးထားသင့်ပါတယ်။

နေရာရွေးချယ်ခြင်း
ဒုတိယအဆင့်အနေနဲ့ကတော့ နေရာရွေးချယ်ဖို့ပါပဲ။ အကယ်၍ နေရာကကျဉ်းမြောင်းပြီး ထောင့်ချိုး(သို့) လှေကားချောင်လိုနေရာမျိုးရှိတယ်ဆိုရင်တော့ အဲဒီနေရာလေးတွေကိုအမှီပြုပြီး ဖိုင်တွဲများနဲ့ အခြားသောစာရွက်စာတမ်းများကိုသိုမှီဖို့ ဗီဒိုငယ်လေးများ(သို့) စင်လေးတွေဖန်တီးထားသင့်ပါတယ်။ သင့်အိမ်မှာ ရုံးခန်းတစ်ခုလုပ်မယ်ဆိုရင် အကောင်းဆုံးနေရာကတော့ သီးသန့်စာကြည့်ခန်းလိုနေရာက အကောင်းဆုံးပဲဖြစ်ပါတယ်။ ရုံးခန်းတစ်ခုဆိုတာ တိတ်ဆိတ်ငြိမ်သက်ပြီး အပြင်ကဆူညံသံတွေ ၀င်မလာနိုင်တဲ့အခန်းမျိုး၊ သပ်ရပ်သန့်ရှင်းပြီး လုံခြုံမှုရှိတဲ့ အခန်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုအခန်းမျိုးမရနိုင်ဘူးဆိုရင်တော့ မိမိအိမ်ရဲ့ဝင်ပေါက်နဲ့ နီးတဲ့နေရာမှာ အလုပ်ခန်းလေးကို ထားရှိသင့်ပါတယ်။

ဖွဲ့စည်းတည်ဆောက်ပုံ
မိမိအိမ်မှာ ရုံးခန်းတစ်ခုလုပ်တော့မယ်ဆိုရင် အိမ်မှာ မိသားစုဝင်တွေလည်းရှိနေတဲ့အတွက် သီးသန့်ဧရိယာတစ်ခုအနေနဲ့ သတ်မှတ်ထားဖို့လိုပါလိမ့်မယ်။ မိမိရဲ့အသုံးအဆောင်ပစ္စည်းတွေကလည်း မိမိလုပ်ကိုင်မယ့်အလုပ်အတွက် လိုက်လျောညီထွေရှိပြီး မိမိအလုပ်လုပ်ကိုင်ရာမှာ လွယ်ကူချောမွေ့ဖို့အတွက် အထောက်အကူ ဖြစ်နေဖို့လိုပါတယ်။ ဖိုင်၊ စာရွက်စာတမ်း၊ မှတ်စုတွေထားဖို့အတွက် စာအုပ်စင်ငယ် (သို့) ဗီရိုငယ်လေးတွေ သုံးသင့်ပါတယ်။ မိမိအတွက်အရေးကြီးတဲ့ စာရွက်စာတမ်းတွေနဲ့ ပုံမှန်အသုံးပြုနေတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုတော့ ကိုယ့်ရဲ့ အနီးအနား ဒါမှမဟုတ် အလုပ်စားပွဲမှာထားသင့်ပါတယ်။

ထားရှိသင့်တဲ့ မီးအလင်းရောင်
ဖြစ်နိုင်ရင်တော့ သဘာဝအလင်းရောင် ကောင်းကောင်းရတဲ့ နေရာမှာ ရုံးခန်းကိုဖွဲ့စည်းသင့်ပါတယ်။ မဖြစ်နိုင်ရင်တော့ သင့်တော်တဲ့လျှပ်စစ်မီးရောင်ရဖို့ လုပ်ဆောင်သင့်ပါတယ်။ မျက်နှာကျက်မှ မီးချောင်းများ တပ်ဆင်ထားမှုက ရုံးခန်းဧရိယာတစ်ခုလုံးကို လွှမ်းခြုံပြီး အလင်းရောင်ပေးနိုင်မယ် ့အနေအထားမှာ ရှိရပါမယ်။ ဒါပေမယ့် သင်ဟာ မျက်စေ့အားနည်းသူတစ်ယောက် ဆိုရင်တော့ သင့်ရဲ့အလုပ်စားပွဲမှာ စာကြည့်မီးအိမ်ကလေးတစ်ခုကိုပါ ထည့်သွင်းစီစဉ်ပါ။

ရုံးခန်းရဲ့ သင့်တော်မယ့် ရုံးအသုံးအဆောင်များပစ္စည်းများကို ရွေးချယ်ရန်
လိုအပ်တဲ့ပစ္စည်းမျိုးဖြစ်မယ်ဆိုရင် အလုပ်အတွက်ရင်းနှီးမြုပ်နှံဖို့အတွက် နှမြောနေဖို့ မသင့်တော်ပါဘူး။ ဥပမာ- မိမိလုပ်ငန်းအတွက် လိုက်လျောညီထွေရှိတဲ့ စားပွဲ၊ အရေးကြီးစာရွက်စာတမ်း တွေဖို့ ဗီဒိုငယ်များ၊ သက်တောင့်သက်သာရှိမယ့် နောက်မှီပါသော ထိုင်ခုံ၊ မိမိအလုပ်အတွက် အကောင်းဆုံး လုပ်ဆောင်မှုများကို ပေးစွမ်းနိုင်မယ့် ကွန်ပျူတာ၊ ယင်းကွန်ပျူတာနဲ့ တွဲဖက်အသုံးပြုမယ့် Printer ၊ မြန်နှုန်းမြင့် အင်တာနက်လိုင်း၊ မိမိအလုပ်မှာ အသုံးပြုမယ့် software တွေကို ၀ယ်ယူဖို့မနှမြောပါနဲ့။ လုပ်ငန်းကို တွင်ကျယ်စွာလုပ်နိုင်ဖို့က အရေးကြီးတဲ့အပြင် မိမိရဲ့ ကျန်းမာရေးကိုလည်း မထိခိုက်ဖို့ သတိပြုရမှာဖြစ်ပါတယ်။

ပြက္ခဒိန် နှင့် မှတ်စုစာအုပ်ထားရှိပါ။
သင့်ရုံးခန်းရဲ့ မြင်သာတဲ့နေရာမှာ ပြက္ခဒိန်တစ်ခုထားရှိပါ။ အလုပ်အတွက် ချိန်းဆိုမှုတွေရှိလာတဲ့ အခါမျိုးမှာမှတ်ဖို့အတွက် နေ့စဉ်ဒိုင်ယာရီမှတ်စုစာအုပ်လေးတစ်ခုလည်းလိုအပ်ပါတယ်။ ပြီးတော့ တစ်နေ့တာ နေ့စဉ်ပြုလုပ်ရမယ့်အချိန်ဇယားကိုလဲ သေချာစွာမှတ်သားထားဖို့လိုပါတယ်။ အလုပ်စားပွဲပေးမှာ အစိမ်းရောင်သစ်ပင်ငယ်လေးတစ်ခု (သို့) ပန်းအိုးငယ်လေးတစ်ခုကို ထားရှိပါတယ်။ အနီးအနားမှာ အမွှေးနံ့သာခဲလေးတစ်ခုကိုထားရှိပါ။ အလုပ်လုပ်ရာမှာ စိတ်ကြည်လင်ဆန်းနေမှာဖြစ်ပါတယ်။
ဒါဆိုရင်တော့ သင့်ရဲ့ Home Office လေးအတွက် ပြည့်စုံလုံလောက်နေပါပြီ။

ယခုဆောင်းပါးကို Myanmar Home & Décor Magazine ရဲ့ စာဖတ်ပရိတ်သတ်များအတွက် ပရိဘောဂများကို ကိုယ်ပိုင်စက်ရုံဖြင့် သင့်စိတ်တိုင်းကျထုတ်လုပ်ပေးနိုင်တဲ့ Fortune Era Design & Furniture Co., Ltd မှ ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း