အင်တာဗျူး

ads

အတွင်းဝန်ရုံးဟာ ထင်ရှားလှတဲ့ အဖြစ်အပျက်များတည်ရှိရာနေရာ၊ တန်ဖိုးမဖြစ်နိုင်တဲ့ ရှေးဟောင်းဗိသုကာလက်ရာများနှင့် ပြည့်နှက်နေတဲ့ နှစ်ပေါင်း ၁၃၂ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထင်ရှားလှတဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ အတွင်းဝန်ရုံးကို ဝန်ကြီးများရုံးလို့လည်း လူသိများခဲ့ကြပါတယ်။ Anawmar Art Group ကပြုပြင်ထိန်းသိမ်းထားသော Secretariat Yangon  ၂၀၂၀ခုနှစ်တွင် PropertyGuru မှ ပေးအပ်ချီးမြှင့်တဲ့ Best Heritage Renovated Property (အကောင်းဆုံး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆု) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့ကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ အတွင်းဝန်ရုံးနဲ့ ပတ်သက်ပြီး Nang Si Monn Tip (Associate Director, Secretariat Yangon) နဲ့ စကားစမြည်ပြောဖြစ်ခဲ့တာကတော့ ….

အတွင်းဝန်ရုံးရဲ့ သမိုင်းအကြောင်းနဲ့ပတ်သက်ပြီး အကျဉ်းချုံးလေး ပြောပြပေးပါရှင့်။ 

  • ဝန်ကြီးများရုံးဟောင်း (ယခင်အတွင်းဝန်များရုံး)ကို ဗိသုကာပညာရှင် Henry Hoyne-Fox ကဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၈၈၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ထိုနေရာမှ ဗြိတိသျှကိုလိုနီက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လည်း အထင်ကရနေရာအဖြစ် ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေမူကြမ်းကို ၎င်းနေရာတွင်ရေးဆွဲခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများလည်း ယင်းနေရာတွင်ကျဆုံးခဲ့ပါတယ်။ ၁၉၄၈ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ချိန်မှာ အင်္ဂလိပ်အလံကို ဖြုတ်ချပြီးတော့ လွတ်လပ်သော မြန်မာနိုင်ငံတော်အလံကိုလည်း ပထမဆုံးအကြိမ်အဖြစ် လွှင့်ထူခဲ့ပါတယ်။ ဝန်ကြီးများရုံးဟောင်းသည် ၁၆ ဧကနီးပါးကျယ်ဝန်းသော မြေနေရာပေါ်မှာ တည်ရှိပြီး စုစုပေါင်း ပျမ်းမျှအကျယ်အဝန်း ၂၂၀၀၀၀ စတုရန်းပေခန့် ကျယ်ဝန်းပါတယ်။ 

မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်တဲ့ အတွင်းဝန်ရုံးကို ပြုပြင်မွမ်းမံဖြစ်ခဲ့တာ ဘယ်ခုနှစ်လောက်ကစပြီး ပြုပြင်ခဲ့တာပါလဲရှင့်။

  • ၂၀၁၇ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေး ကော်မတီအား ဖွဲ့စည်းပေးခဲ့ပြီး ပြုပြင်မွမ်းမံမှုများ စတင်ပြုပြင်ခဲ့ပါတယ်။ ဤရှေးဟောင်းအဆောက်အဦ ပြုပြင်ဖို့အတွက် Becca နှင့် Meinhardt ကဲ့သို့သော နိုင်ငံခြားအခြေစိုက် အဆောက်အဦကြံ့ခိုင်ရေး ကျွမ်းကျင်ပညာရှင်များ၊ အဆောက်အဦ ကျွမ်းကျင်ပညာရှင်များအပြင် အခြားကျွမ်းကျင်သော ပညာရှင်များထံမှ အကြံဉာဏ်ရယူခဲ့ပါသည်။ YHT ကလည်း ပူးပေါင်းပါဝင်၍ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ 

ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတွေလုပ်တဲ့အခါမှာ သတိပြုရတဲ့ အချက်လေးတွေကို ပြောပြပေးပါရှင့်။

  • ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းတွေမှာ အရေးကြီးဆုံးအချက်က ရှေးမူမပျက် မူလလက်ရာအတိုင်း မူလအသုံးပြုထားသော ပစ္စည်းများကို အကောင်းဆုံးအစားထိုးခြင်း ဖြစ်ပါတယ်။ ထို့ပြင် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့ပြုပြင်ခဲ့ကြောင်း မှတ်တမ်းများကို ပြုစုရခြင်းဖြစ်ပါတယ်။

လက်ရှိမှာ အတွင်းဝန်ရုံးကို အများပြည်သူအတွက် ဘယ်လိုအစီအစဉ်တွေနဲ့ ဖွင့်လှစ်ပေးထားတာရှိပါသလဲရှင့်။

  • ဝန်ကြီးများရုံးဟောင်းကို မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းပြသထားရာ နေရာတစ်ခုအဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဖွင့်လှစ်ပေးထားပါတယ်။ သမိုင်းပြတိုက်များအနေနဲ့ လွတ်လပ်ရေးသမိုင်းပြတိုက်နှင့် အာဇာနည်ပြတိုက်များကို ထားရှိမှာဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ ပြပွဲပြခန်းများ၊ ဟောပြောပွဲများ၊ မြန်မာ့ရိုးရာလက်မှုအနုပညာများဖြစ်တဲ့ ရက်ကန်းရက်ခြင်း၊ ယွန်းထည်ပြုလုပ်ခြင်း အစရှိတဲ့ အစီအစဉ်များကို ဖွင့်လှစ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

Property Guru ကကြီးမှူးတဲ့ Myanmar Property Award 2020 in partnership with Shwe Property မှာ ဝင်ရောင်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါရှင့်။

  • Property Guru Asia Property Award ကိုရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းနေတဲ့ developer တစ်ယောက်အနေနဲ့သာ ဆုရရှိခဲ့မယ်ဆိုရင် နောင်လာမယ့်လုပ်ငန်းတွေမှာလည်း အားတက်စရာ ဂုဏ်ယူစရာတစ်ခု အနေနဲ့ ကျန်ရစ်မှာဖြစ်တဲ့အတွက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

Property Guru ကချီးမြှင့်တဲ့ အကောင်းဆုံးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုကို ရရှိခဲ့တာ ဘယ်လိုအချက်တွေကြောင့်ရတယ်လို့ ပြောလို့ရမလဲ။

  • အဓိကအချက်အနေနဲ့ကတော့ 3P ပါပဲ။ 
  • Preparedness – ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားရှိမှု
  • Persistence – စဉ်ဆက်မပြတ်ကြိုးပမ်းမှု
  • Peak Performance – အကောင်းဆုံးစွမ်းဆောင်နိုင်အောင် ကြိုးပမ်းနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ 

Myanmar Home & Décor စာဖတ်ပရိတ်သတ်ကို ဆုရရှိခြင်းနှင့် ပတ်သက်ပြီး ဘာပြောချင်ပါသလဲရှင့်။ 

  • Property Guru Asia Property Award ဆုရရှိခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပြီး နောင်လာမယ့်နှစ်တွေမှာလည်း ထိုက်တန်တဲ့ အခြားခြားသော ဆုများစွာကို ရရှိနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း
  • အိမ်ကျဉ်းကျဉ်းလေးထဲမှာ စတိုင်လ်ကျကျပြင်ဆင်နိုင်မယ့်ပရိယာယ်များ
  • အကောင်းဆုံးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုရခဲ့တဲ့ "Secretariat"

လအလိုက်ကြည့်ရှုရန်


မလဲ့ဖြူဝင်းရဲ့ Interior Designer ဘဝဖြတ်သန်းမှုများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
December 21, 2020 နေ့
အင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကိုယ်လျှောက်လှမ်းချင်တဲ့ လမ်းကို ကိုယ်တိုင်ရှာဖွေပြီး အောင်မြင်မှုပန်းတိုင်ကို ရအောင်ယူနိုင်တာဟာ တော်ရုံဇွဲနဲ့တော့ မဖြစ်နိုင်ပါဘူး။ နိုင်ငံခြားမှာ နေ့မအား ညမနားကြိုးစားခဲ့လို့ မိမိဖြစ်ချင်တဲ့ Interior designer ဘဝကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ မြန်မာလူငယ်တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ အခက်အခဲများကို Myanmar Home & Décor ပရိတ်သတ်ကို ဝေမျှလိုက်ပါတယ်။ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေရဲ့ အရောင်းပြခန်းတွေနဲ့ ဆိုင်တွေကို လှလှပပ ဖန်တီးပေးခဲ့တဲ့ မလဲ့ဖြူဝင်းနဲ့ ပြောဖြစ်ခဲ့တာတွေကတော့…

မေး။ ။ မလဲ့ဖြူအနေနဲ့ Interior Design & Contractor အလုပ်ကို လုပ်ဖြစ်ခဲ့ပုံလေးပြောပြပေးပါ။
ဖြေ။ ။ အမကငယ်ငယ်တုန်းကတော့ Architect ဖြစ်ချင်ခဲ့တာ။ ဆယ်တန်းအောင်တော့ GTC ဝင်ခွင့်ရတယ်။ အဲ့မှာMajor တွေရွေးတဲ့အခါ အမတို့နှစ်မှာ Archi major မရှိဘူး။ အဲ့တာနဲ့Archi လည်းတက်မရတာနဲ့ Archi နဲ့အနီးစပ်ဆုံးCivil ကိုရွေးခဲ့တယ်။ အမက ငယ်ငယ်က ဆိုးတယ်။ စာသိပ်မကြိုးစားဘူး။ အဲ့တာကြောင့်GTC မှာB.Tech မပါခဲ့ဘူး။ A.G.T.I နဲ့ကျောင်းပြီးတော့ အပြင်မှာ AutoCAD တို့ 3D Max တို့ သင်တန်းတွေ တက်ဖြစ်တယ်။ အဲ့လိုတက်ရင်းနဲ့ သုဝဏ္ဏက မီးတုန်းလမ်းမှာ Architect ဆရာကြီးဦးတင်ဝင်းမြင့်ဆီ ရောက်သွားတယ် ။သွားတက်တာကတော့ AutoCAD ပဲ။ ဒါပေမယ့် ဆရာကြီးကတကယ့်e xperienced old service ကြီးဆိုတော့ သူ့ရဲ့အတွေ့အကြုံတွေ knowledge တွေအမြဲ share တယ်သင်ပေးတယ်။ အမက သူ့ဆီကစာအုပ်တွေ ငှါးငှါးဖတ်တာ။ အဲ့ဒီမှာ Interior Design & Decoration စာအုပ်တွေလည်းပါတယ်။ ဆရာကြီး ကျေးဇူးနဲ့ အဲ့ဒီမှာစပြီးID ကိုအရမ်းစိတ်ဝင်စားသွားခဲ့တာ။ အဲ့အချိန်က မြန်မာနိုင်ငံမှာ Interior Decoration ဆိုတာ professional လိုင်းတစ်ခုသပ်သပ်ပါလားဆိုတာ တောင်တော်တော်များများ သိပ်မသိကြသေးတဲ့အချိန်ပေါ့။ ကိုယ်စိတ်ဝင်စားပေမယ့်လည်း ဘာသင်တန်းမှမရှိတာကြောင့် ကိုယ့်ဘာသာစာအုပ်တွေ လိုက်ရှာဖတ်ပြီး ဆရာကြီးကိုမေးနဲ့ self study တွေလုပ်ခဲ့ရတာ။ အဲ့ဒီအချိန်တုန်းက internet ဆိုတာလည်း ခုချိန်လိုလွယ်လွယ်ကူကူသုံးလို့မရတဲ့အချိန်ဆိုတော့ စာအုပ်တွေပဲ အားကိုးရတာလေ။ နောက်တော့ စဉ်းစားမိလာတာက Interior Design  လိုင်းကိုလေ့လာချင်ရင် ဒီမှာတော့မရနိုင်ဘူး။ နိုင်ငံခြားထွက်မှပဲရမယ်ပေါ့။ အဲ့ဒီမှာစပြီး Singapore သွားဖို့ ပြင်ဆင်ရတော့တာ။ တဖက်မှာလည်း အဝေးသင်ဆက်တက်ရင်းနဲ့Design နဲ့ပတ်သတ်တဲ့software တွေ၊ English speaking တွေ၊ Chinese speaking တွေတက်ရတာပေါ့။ အဝေးသင်စာမေးပွဲလည်းဖြေပြီးရော Singapore တန်းထွက်လာခဲ့တာ။ ကံကောင်းချင်တော့လည်း ID company တစ်ခုမှာ အလုပ်တန်းရတယ်။ အဲ့ဒီကစပြီးID လိုင်းထဲကို စရောက်လာခဲ့တာပါ။

မေး။ ။ မလဲ့ဖြူ စင်ကာပူမှာ ကျောင်းတက်ရင်းအလုပ်လုပ်ခဲ့တာလား။ ကျောင်းပြီးမှ လုပ်ငန်းခွင်ဝင်ခဲ့တာလား။
ဖြေ။ ။ အလုပ်လုပ်ရင်း ကျောင်းတက်ခဲ့တာပါညီမ။ Singapore ရောက်ပြီး အလုပ်တန်းရတော့ကျောင်းတက်ဖို့အချိန်မရခဲ့ဘူး။ အလုပ်လုပ်ပြီး ၃နှစ်လောက်ကြာတော့မှ BCA Academy မှာ Specialist Diploma Evening Course ကို Part Time တက်ဖြစ်တာပါ။ အဲ့တာလည်း တစ်ခုတော့ကောင်းသွားတယ်။ ကိုယ်ကလုပ်ငန်းထဲ ၃နှစ်လောက်လည်ပတ်ခဲ့ပြီးသားဆိုတော့ ကျောင်းမှာစာတွေ့သင်ရတဲ့အခါ လက်တွေ့အလုပ်အတွေ့အကြံုတွေက အများကြီးအထောက်အကူဖြစ်ခဲ့ရတယ်။

မေး။ ။ စင်ကာပူမှာ အလုပ်ဝင်ခဲ့တာ ဘယ်လောက်ကြာခဲ့လဲ အမ။ ဘယ်လိုရာထူးတွေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပါသလဲရှင့်။
ဖြေ။ ။ Singapore မှာအလုပ်လုပ်တာ၁၀နှစ်ကျော်ကြာခဲ့တယ်ညီမ။Interor Designer Field ထဲမှာ တောက်လျှောက်လုပ်ဖြစ်ခဲ့တယ်။Company ကတော့၃ခုလောက်ပြောင်းလုပ်ဖြစ်ခဲ့တယ်။ပထမဆုံးတစ်ခုမှာသိပ်မကြာဘူး။Project Designer အနေနဲ့၆လလောက်ပဲကြာတယ်။ဒုတိယအလုပ်ကျတော့စစဝင်ချင်းJunior Designer ပေါ့။အဲ့ကမှProject Designer ထပ်ဖြစ်တာ။အဲ့မှာလည်း၁နှစ်ကျော်လောက်ပဲကြာတယ်။နောက်ဆုံးCompany မှာတော့၉နှစ်လောက်လုပ်ခဲ့တယ်။အဲ့ဒီမှာအကြာဆုံးပဲ။အတွေအကြုံတွေလည်းအများဆုံးရခဲ့တဲ့company ပဲ။စစဝင်ချင်းကProject Designer၊အဲ့ဒီကမှProject Executive, Assistant Project Manager နဲ့နောက်ဆုံးposition ကတော့Project Manager ပေါ့၊တဆင့်ပီးတဆင့်promotion ရခဲ့တာပါ။

မေး။ ။ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ နိုင်ငံခြားမှာ Professional carrier ကိုလုပ်ကိုင်ခဲ့တဲ့အချိန်မှာ ခက်ခဲတာမျိုးရှိခဲ့လား။ အမှတ်တရလေးတွေပြောပြပေးပါရှင့်။

ဖြေ။ ။ မြန်မာတစ်ယောက်အနေနဲ့ရော အမျိုးသမီးတစ်ယောက်အနေနဲ့ပါ အခက်အခဲတွေရှိခဲ့ပါတယ်။ စစရောက်ချင်းဆို ဘာသာစကားကအစသူတို့ရဲ့accent ကို ကိုယ်မလိုက်နိုင်ကိုယ့်accent ကိုသူတို့မသိနဲ့ပေါ့။ အမက တရုတ်ဘာသာစကားရတော့ နဲနဲတော့ခံသာတယ်ပြောရမယ်။ Singapore ကဆောက်လုပ်ရေးတွေမှာ ဝန်ထမ်းတွေက English လို လုံးဝမရတဲ့ တရုတ်တွေနဲ့ မလေးရှားတရုတ်တွေချည်းပဲ။ အစပိုင်းမှာစကားပြောတွေလည်း အဆင်မပြေတဲ့အပြင်ကိုယ့်ကိုမိန်းကလေးဆိုပြီး ပညာပြတာတွေရောနိုင်ငံခြားသားဆိုပြီး နှိမ့်ချဆက်ဆံတာတွေရော အမျိုးစုံခံရတာပေါ့။ အဲ့ဒီအချိန်ကအမလုပ်ခဲ့တဲ့ company ကSingaporeတနိုင်ငံလုံးမှာရှိတဲ့ Lancome Makeup Shop၊ Ralph Lauren တို့ Giorcio armani counter တို့ကို Design & Built လုပ်တာ။ Brand ကြီးတွေဆိုတော့သူတို့ရဲ့ကိုယ်ပိုင်Viable Details တွေရှိကြတယ်။ပြီးတော့အဲ့Brand counters တွေငှါးထားတဲ့ Shopping malls တွေမှာလည်းDesign & Renovation Guidelines တွေရှိကြတယ်။ အဲ့တုန်းကTakashimaya တို့Robinsons တို့ဆို Shopping mall managements တွေကတအားstraight ဖြစ်တာ။ ကိုယ်တင်တဲ့ဒီဇိုင်းတွေဆို၁လက်မလေးလွဲတာတောင်reject လုပ်တာသုံးတဲ့ မီးအရောင်ကအစCode လေးတစ်ခုလွဲတာနဲ့အစကနေအကုန်ပြန်တင်ရတာ။ ကိုယ်ကအလုပ်အတွေ့အကြုံကလည်းသိပ်မရှိသေးတဲ့ မြန်မာနိုင်ငံကလာတဲ့လူတစ်ယောက်အတွက်အဲ့ဒီ rules & regulations တွေဆိုတာအရမ်းစိမ်းနေတော့မနည်းကို လိုက်ရတာ။ ရုံးက Design group ထဲမှာ Singaporean, Malaysian , Philippine အစုံပါတယ်။ မြန်မာကတော့ကိုယ်တစ်ယောက်ထဲ။ ကိုယ်တခုခု အမှားလုပ်မိရင်ကိုယ်နာမည်ထက်အဲ့ဒီBurmese girl လုပ်တာဆိုပြီး နိုင်ငံနဲ့ကိုင်ပြီး နာမည်တန်းထွက်တာ။ အဲ့တော့ကိုယ်က အပြောမခံနိုင်တော့သူများ တစ်ဆဆိုကိုယ်က နှစ်ဆကြိုးစားရတယ်။ နေ့ရောညရောမသိ weekend ဆိုတာလည်း မသိလောက်အောင်ကိုလုပ်ခဲ့တာ။ နောက်တစ်ခုကSite ထဲဆင်းရင်ကိုယ်တစ်ယောက်ထဲမိန်းကလေး။ ကိုယ်ကျလိုက်သမျှ Projects တွေကလည်း ညဖက်မှဝင်ရတဲ့Site တွေSchedule အရမ်းကြပ်တဲ့site တွေချည်းပဲ။ အစပိုင်းတော့ ညပိုင်းတွေ Site ဆင်းရတာ အရမ်းကြောက်တာ။ သရဲလည်းကြောက် လူလည်းကြောက်တယ်။ Shopping mall အကြီးကြီးတွေထဲ ညညဆိုမီးတွေလည်း မှိန်မှိန်လေးပဲပေးတဲ့ထဲမှာ ကိုယ်တစ်ယောက်ထဲသွားရတာ။ ကိုယ်ကမိန်းကလေးဆိုတော့ site ထဲက လူတွေလည်း ငါ့အနားနေပါ မပြောရဲဘူးလေ။ ကိုယ့်ဘာသာအားတင်းပြီး သတ္တိမွေးပြီး သွားရတာပဲ။ မှတ်မှတ်ရရ Marina Bay Sands (MBS) မှာ Casino Rooms Project တွေ လုပ်တုန်းကဆိုလည်း Site ကြီးတစ်ခုလုံး ယောကျာ်းတွေချည်းပဲ။ Lady Toilet တောင်မရှိလို့ Toilet တစ်ခါသွားချင်ရင်MRT အထိBus car တစ်မှတ်တိုင်စာလောက်လမ်းလျောက်လျောက်သွားရတာ။ နောက်တော့လည်း အလုပ်ဇောကပ်ပြီး ကြောက်တာတွေလည်းမေ့။ အဆင်မပြေတာတွေလည်းမေ့နဲ့ ကျင့်သားရသွားတဲ့အခါ လူလည်းနေသားကျသွားတာပါပဲ။ ကိုယ်လုပ်နိုင်တာသိလာတဲ့အခါ ကိုယ့်ကိုနှာခေါင်းရှုံ့ခဲ့တဲ့လူတွေ ကိုယ်တိုင်က လေးလေစားစားနဲ့ ပြန်ဆက်ဆံလာကြတယ်။

မေး။ ။ စင်ကာပူမှာအလုပ်လုပ်ရင်း မြန်မာနိုင်ငံကို ပြန်လာဖြစ်ခဲ့တဲ့ အကြောင်းအရင်းကိုပြောပြပါအုံး
ဖြေ။ ။ အမအမေသိပ်နေမကောင်းလို့ပြန်လာဖြစ်တာပါ။ရန်ကုန်အိမ်မှာကအဖေနဲ့အမေ၂ယောက်ပဲကျန်ခဲ့တာ။၂၀၁၄လောက်တုန်းကထင်တယ်၊ အမအဲ့ဒီအချိန်ကSingapore Air Show Project လုပ်နေတာ။အမေနေမကောင်းဘူးသမီးပြန်လာရင်ကောင်းမယ်ပြောလို့အလုပ်ထွက်စာတင်တာ။Company ကဒီproject လေးပြီးမှထွက်ပါဆိုဆွဲထားလိုက်အဲ့တာပြီးလို့ ထွက်မယ်လုပ်ရင်နောက်တစ်ခုလေးပြီးမှပြန်ပါလုပ်လိုက်နဲ့ အမအလုပ်ထွက်ဖို့ ၃နှစ်လောက်စာတင်လိုက်ရတယ်။ သူတို့ကအလုပ်တော့ပေးမထွက်ဘူးပြန်ချင်ရင်ခဏပြန်ပြီး ရင်ပြန်လာကြိုက်သလောက်ခွင့်ယူ။ အဲ့လိုမျိုးတွေကိုယ့်ကိုဆွဲထားတာ။ ခုချိန်ထိလည်း အမကိုကြိုက်တဲ့အချိန်ပြန်လာခဲ့။ နင့်အတွက်Desk တစ်လုံးအမြဲအဆင်သင့်ရှိတယ်ဆိုပြီး ပြန်ပြန်ခေါ်နေတုန်း။

မေး။ ။ မြန်မာနိုင်ငံမှာ အခုဆိုရင် Alex & Co ကိုတည်ထောင်ပြီး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့အခါမှာ စင်ကာပူမှာအလုပ်လုပ်ခဲ့တာနဲ့ဆိုရင် ဘယ်လိုတွေကွာခြားပါသလဲ အမ
ဖြေ။ ။ မြန်မာနိုင်ငံပြန်ရောက်ရောက်ချင်းတုန်းကတော့ အမကDesign Fever 105 မှာ MD အနေနဲ့လုပ်ခဲ့ပါတယ်။ အဲ့မှာလုပ်ပြီး ၂နှစ်လောက်ကြာတော့ အမတစ်ဦးတည်း AleX & Co ဆိုတဲ့နာမည်နဲ့ Design & Built Company လေး စလုပ်ဖြစ်ခဲ့ပါတယ်။ ခုဆိုရင်AleX & Co.က တစ်နှစ်ခွဲလောက်တော့သက်တမ်းရှိလာပါပြီ။ မြန်မာနိုင်ငံမှာအလုပ်လုပ်တာ စုစုပေါင်းဆို ၃နှစ်ခွဲလောက်တော့ရှိပြီ။Singapore နဲ့ဘာတွေကွာလဲဆိုရင်Interior Design Market မှာ materials ပိုင်းနည်းနည်း အားနည်းတာတွေ ရှိပါတယ်။ Singapore မှာလို ကိုယ်ဒီဇိုင်းလုပ်ချင်ရင်ဘာlimit မှမထားပဲဆွဲချင်သလိုဆွဲလို့မရဘူး။ ဒီဇိုင်းဆွဲလိုက်ရင်ဒီပုံပေါ်လာအောင်သုံးလို့ရမယ့်materials market ထဲရှိပါ့မလား။ဒီဇိုင်းကိုဆောက်မယ့်လူတွေရဲ့skill ကလိုပ်နိုင်ပါ့မလား။ ပြီးရင်client ရော ဘတ်ဂျက်သုံးပါ့မလားပေါ့အဖက်ဖက်ကစဉ်းစားပြီး လုပ်ရတယ်။

နောက်တစ်ခုက လူတွေရဲ့Behaviors တွေ affirmations တွေ အရမ်းကွာတယ်။ အကုန်လုံးကိုမဆိုလိုပါဘူး။ ပြသနာတစ်ခုခုဖြစ်လာရင်တချို့တာဝန်ယူတတ်တဲ့စိတ်တာဝန်ခံတတ်တဲ့စိတ်တွေ မရှိတဲ့လူမျိုးတွေနဲ့ အလုပ်တွဲလုပ်ရတဲ့အခါ ဒီအလုပ်ကို ဆက်တောင်မလုပ်ချင်တော့ဘူးဆိုတဲ့ စိတ်မျိုးဝင်လာလောက်အောင်ကို မကြာခဏ စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ပြီးတော့ အမတို့ဆီမှာ Roles and responsibilities တွေကို အတိအကျ သိပ်နားမလည်ကြသေးဘူး။ အမကDesign ရော Built ရော Project Management ရော ၃ခုလုံးလုပ်တဲ့အခါကျတော့ Designer ရဲ့အခက်အခဲတွေBuilder တွေရဲ့အခက်အခဲတွေ၊ လုပ်ရတဲ့လူတွေရဲ့အခက်အခဲတွေဘက်ပေါင်းစုံကကြုံရတာပေါ့။ Project မှာကိစ္စတစ်ခုခုဖြစ်လာရင်ဒီကိစ္စရဲ့ တာဝန်ရှိသူဟာ Designer လား။ Site သမားလား။ Management လား။ အဲ့လိုတွေပေါ့။ ဘယ်သူ့လက်ညှိုးထိုးလို့ထိုးရမှန်းမသိအောင်ရှုပ်ထွေးနေကြတယ်။ တကယ်တမ်းကိုယ်လုပ်ရမယ့် တာဝန်ယူမှုတွေကို သေသေချာချာတိတိကျကျ သိကြမယ်၊ တကယ်လည်းကိုယ့်အပိုင်းကိုယ်တာဝန်ခံပြီး လုပ်ကြမယ်ဆိုရင်ဒီပြသနာတွေ နည်းသွားနိုင်ပါတယ်။ ဒါလည်းတဖြည်းဖြည်းချင်းတော့အမတို့ကြိုးစားလုပ်ယူရမှာပေါ့။ တခြားလူတွေအကုန်လုံးကို လိုက်ပြောင်းလဲဖို့က မလွယ်ဘူးလေ။company က ကလေးတွေကို သေချာအာရုံစိုက်ပြီး သင်ပေးပါတယ်။ မြန်မာနိုင်ငံမှာလုပ်နေပေမယ့်လည်း international standard တွေနဲ့ လုပ်ကိုင်တတ်အောင်ရင်းနှီးအောင်roles & responsibilities တွေနားလည်အောင်ကိုယ်တိုင်ရှေ့ကလုပ်ပြပြီး သေချာသင်ပေးတယ်။ အဓိကတော့ကိုယ်လုပ်တဲ့အလုပ်အပေါ်တာဝန်ယူစိတ်တာဝန်ခံစိတ်ရှိအောင်ပေါ့။ လက်သမားတွေပန်းရံတွေ site ထဲကတခြား labors တွေကိုလည်း လက်ရာပိုင်းတွေရော ဗဟုသုတပိုင်းတွေဆိုရင်လည်း Up to Date ဖြစ်နေအောင်သေချာလေး ဂရုစိုက်ပြီး သင်ပေးနေပါတယ်။ ဒါကတော့ ကိုယ်တတ်နိုင်တဲ့နေရာကနေ တနိုင်တပိုင်လေးပြောင်းလဲကြည့်နေတာပါ။

မေး။ ။ မလဲ့ဖြူရဲ့ အလုပ်အတွေ့အကြုံထဲကsuccess story လေးတစ်ခုကို ပြောပြပေးလား 
ဖြေ။ ။ success story အနေနဲ့ကတော့ သီးသန့်ကြီးပြောပြစရာမရှိပါဘူး။ ဒါပေမယ့်အမအလုပ်လုပ်ခဲ့တဲ့ သက်တမ်းတစ်လျောက်ကိုယ့်ရဲ့အိပ်ချိန်စားချိန်တွေပါမတွက်ပဲ passion အပြည့်နဲ့ ဒီအလုပ်ကို စိတ်ရောကိုယ်ပါနှစ်လုပ်ခဲ့တယ်။ ဝန်ထမ်းဘဝတုန်းကဆိုလည်း Company အတွက်၊ ခုကိုယ်ပိုင်လုပ်တော့လည်းClients တွေအတွက်ကိုယ့်ဝန်ထမ်းတွေအတွက်ပေါ့။ ကိုယ့်မှာရှိသမျှ ကိုယ်အားဉာဏ်အား အကုန်ထုတ်သုံးပြီး ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ဆောင်ခဲ့တယ်။ ကိုယ့်ရဲ့သမိုင်းကြောင်းကို ပြန်လှည့်ကြည့်လိုက်ရင်ကိုယ်လုပ်ပေးခဲ့လို့ ကိုယ့်company ကြီး ဘယ်လောက်အောင်မြင်ခဲ့တယ်။ ကိုယ့်ကိုအလုပ်အပ်ခဲ့တဲ့သူတွေ ဘယ်လောက်ပျော်ရွှင်ခဲ့တယ်။ ကိုယ့်ဝန်ထမ်းတွေ ဘယ်လောက်အဆင်ပြေခဲ့ကြဆိုတာ အမအတွက်တော့ ပီတိတွေပဲ။ ကိုယ့်သမိုင်းကို ပြန်လှန်ကြည့်လိုက်လို့ ငါလုပ်လိုက်လို့ ဘယ်သူတွေ ဘယ်လိုနစ်နာဆုံးရှုံးခဲ့တယ်။ ဒုက္ခရောက်ခဲ့တယ်ဆိုတဲ့ နောင်တမရှိချင်ဘူး။ ရှိလည်းမရှိခဲ့ဖူးဘူး။ အမအရမ်းကြိုက်တဲ့ဆရာလင်္ကာရည်ကျော်ရဲ့ စကားလေးတစ်ခုရှိတယ်။ “အောင်မြင်တဲ့ဘဝဆိုတာနောင်တရစရာမရှိတဲ့ဘဝကိုခေါ်တာပါတဲ့” .. ဒါ့ကြောင့်အမရဲ့success story ဆိုတာအမရဲ့ ဘဝသမိုင်းကြောင်းပါပဲ။ လက်တွေ့ကျကျချပြရမယ်ဆိုရင်တော့ အမအလုပ်လုပ်ခဲ့တဲ့ ၁၃နှစ်ကျော်ကာလာအတွင်းမှာ အမ Handle လုပ်ခဲ့တဲ့ Projects တွေလို့ပဲ ပြောရမှာပေါ့ညီမလေး

မေး။ ။ Interior design အပြင် contractor ပါလုပ်နေတဲ့အခါမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ ဘယ်အရာတွေက ခွန်အားဖြစ်စေပါသလဲ။ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားပါသလဲ။
ဖြေ။ ။Design အပြင်C ontractor ပါလုပ်တော့ အားနည်းချက်တွေရော အားသာချက်တွေရောရှိပါတယ်။ အားသာချက်ကတော့ ကိုယ်တိုင်contractor လုပ်တော့ construction ပိုင်းရဲ့ method of statements တွေကို နားလည်တယ်။ အဲ့ဒီတော့ Design ဆွဲတဲ့အခါ Design ကို ကွန့်မြူးဖို့ဆိုတာထက် user preferences ပိုင်း၊ အရည်အသွေးပိုင်းကိုပဲ ပိုဦးစားပေးစဉ်းစားပြီး reality ဆန်တဲ့ ဒီဇိုင်းမျိုးတွေပဲ လုပ်ဖြစ်တော့တယ်။ ဒီဇိုင်းဘယ်လောက်လှနေပါစေ နေရတဲ့လူအသုံးပြုရတဲ့ လူမှာအဆင်မပြေရင် အဲဒီဇိုင်းကsuccessful မဖြစ်ဘူးလို့ ခံယူထားပါတယ်။ အားနည်းချက်ကတော့ ကိုယ်တိုင်ဆောက်တော့ ဘတ်ဂျက်ကိုလိုက်ပြီး ဒီဇိုင်းတွေ ခဏခဏပြန်ပြင်ပေးရတယ်။ ဈေးတွေ ခဏခဏလျော့ပေးရတာပါပဲ။

အမအတွက်ခွန်အားကတော့အမရဲ့AleX & Co အဖွဲ့သားတွေပါ။ သူတို့တွေနဲ့ ကိုယ်နဲ့ တစ်သားထဲကျပြီးcompany အတွက်အားလုံးတက်ညီလက်ညီ အလုပ်လုပ်ကြတဲ့အခါ အမအရမ်းအားရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားလေးရှိတယ်။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ နောက်လိုက်ကောင်းတွေလိုအပ်ပါတယ်တဲ့။ အဲသဘောပါပဲ … သူတို့မရှိရင်ဒီ AleX & Co ကြီးလည်း ရှိလာမှာမဟုတ်ပါဘူး။

အခက်အခဲတွေကြုံရတဲ့အခါ အမအဖေဆီက အကြံညဏ်တွေအများဆုံးယူဖြစ်ပါတယ်။ အဖေ့ဆီက စီးပွါးရေးနဲ့ပတ်သတ်တဲ့ အကြံညဏ်ကောင်းတွေအပြင်ဘဝမှာ နေနည်းထိုင်းနည်းတွေ အမြဲသင်ယူပါတယ်။နောက်ပြီးအလုပ်လုပ်တဲ့အခါ Heart feeling မထားဘူး။ ပြောစရာရှိပြောလိုက်တယ်။ စကားများစရာရှိရင်များလိုက်တယ်။ ဆူစရာရှိရင်ဆူလိုက်တယ်။ ပြီးရင်စိတ်ထဲ ဘာမှမထားတော့ဘူး။ ရှင်းထုတ်လိုက်တယ်။ အဓိကကတော့ စိတ်ကိုပေါ့ပေါ့ပါးပါးထားတတ်အောင် အမြဲကြိုးစားနေတယ်။ တခုခု ပြသနာနဲ့ကြုံရပြီဆို စိတ်ထဲမှာကိုယ်ကိုကိုယ် “This too shall pass “ လို့အမြဲ remind လုပ်တယ်။ တကယ်တမ်းလည်း ဘယ်ကိစ္စမျိုးမဆို ဘယ်လိုအခက်အခဲမျိုးမဆို အချိန်တန်တော့လည်း ပြီးသွားတာပါပဲ။ အဲ့တာကြောင့်ဘယ်ကိစ္စကိုမှ လိုအပ်တာထက်ပိုပြီး သိပ်serious မဖြစ်မိအောင်နေပါတယ်။

မေး။ ။ အခုလိုစိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ မလဲ့ဖြူကို ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ။ ။ အမကလည်း Myanmar Home & Decor ကို ကျေးဇူးအများကြီးတင်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း
  • အိမ်ကျဉ်းကျဉ်းလေးထဲမှာ စတိုင်လ်ကျကျပြင်ဆင်နိုင်မယ့်ပရိယာယ်များ
  • အကောင်းဆုံးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုရခဲ့တဲ့ "Secretariat"

လအလိုက်ကြည့်ရှုရန်


ads

လူတစ်ယောက်ဟာ မိမိရဲ့ ရင်ခုန်သံစည်းချက်အတိုင်း အသက်မွေးဝမ်းကြောင်းပညာရပ်ကို သင်ခွင့်ရပြီး ထိုပညာရပ်နဲ့ ရပ်တည်ခွင့်ရတယ်ဆိုတာကတော့ ကုသိုလ်ကံကောင်းသူလို့ ပြောနိုင်ပါတယ်။ နိုင်ငံတကာမှာ အမျိုးသမီးဗိသုကာများစွာရှိသလို မြန်မာနိုင်ငံမှာရှိတဲ့ များစွာသောအမျိုးသမီး ဗိသုကာများထဲမှာ ငယ်ရွယ်ထက်မြတ်ပြီး အလုပ်အပေါ်မှာ အမြဲအာရုံစိုက်ကြိုးစားနေတဲ့ လူငယ်ဗိသုကာတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ အမျိုးသမီးဗိသုကာရဲ့နာမည်က မကျော်လင်းစုစံဖြစ်ပြီး သူ့ရဲ့ ဘဝဖြတ်သန်းခဲ့ပုံများနဲ့ ဘဝခံယူချက်များကို Myanmar Home & Décor Magazine နဲ့ စကားပြောဖြစ်ခဲ့ရာမှာတော့

မေး။ ။ ဗိသုကာပညာရပ်ကို ရွေးချယ်လေ့လာဖြစ်ခဲ့ပုံလေးကို‌ ပြောပြပေးပါ ညီမလေး
ဖြေ။ ။ အဓိက က အသစ်အဆန်းလေးတွေ ဖန်တီးရတာဝါသနာပါလို့ပါ။ ငယ်ငယ်ကတည်းက ပန်းချီဆွဲရတာဝါသာနာပါခဲ့ပြီး ဆွဲတဲ့အချိန်မှာလည်း ကူးဆွဲတာထက်စာရင် စိတ်ကူးရှိတဲ့အတိုင်း ချဆွဲရတာမျိုးပိုကြိုက်တယ်။ အိမ်ပုံမျိုးစုံ စိတ်ကူးယဉ်ရတာ ဝါသနာပါတယ်။ နားမလည်သေးခင်ထဲက စိတ်ကူးယဉ်ပြီးအခန်းတွေဖွဲ့ကြည့် စက္ကူလေးတွေနဲ့ အိမ်ပုံလေးတွေချိုးပြီး ကစားခဲ့ဖူးတယ်။ အဲ့ဒီစိတ်ကူးယဉ်ရတဲ့ ဝါသနာကို စာရွက်ထဲတင်မဟုတ်ပဲ လက်တွေ့အသုံးချလို့ရတဲ့အရာလေးတွေဖြစ်စေချင်တယ်။ ဒီလိုနဲ့ ဗိသုကာပညာကိုလေ့လာမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။

မေး။ ။ ဗိသုကာပညာနဲ့အသက်မွေးဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲ
ဖြေ။ ။ အရိုးသားဆုံးဖြေရရင်တော့ ရူးသွပ်လို့ပါ။ တက္ကသိုလ်တတ်ရမယ့်အရွယ်လောက်က ကျွန်မမိသားစုနဲ့ နီးစပ်တဲ့အသိုင်းအဝန်းမှာ ဆောက်လုပ်ရေးနဲ့ ဆက်စပ်တဲ့သူ မရှိပါဘူး။ အဲ့အချိန်ကလည်း မြန်မာပြည်မှာ ဗိသုကာဘာသာရပ်က အခုလောက်အထိ ခေတ်မစားသေးပါဘူး။ ဗိသုကာတွေ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေဘယ်လောက်ကောင်းမကောင်း၊ ဂုဏ်တွေဘယ်လောက်ရှိမရှိဆိုတာ သိပ်မသိပါဘူး။ ကျွန်မသိတာ ကျောင်းမှာသင်ရတာတွေက ကျွန်မလုပ်ချင်တဲ့အလုပ်နဲ့ ထပ်တူကျတယ်။ ဒီလိုဖန်တီးနေရာတာကို ပျော်ရွှင်တယ်။ အလုပ်တစ်ခုလိုထက်စာရင် ဝါသနာတစ်ခုအနေနဲ့ ထဲထဲဝင်ဝင်ဆက်လေ့လာချင်တယ်။ ဖန်တီးခွင့်လည်းရချင်တာမို့ ရွေးချယ်ခဲ့တာပါ။ ကိုယ်ရွေးတဲ့အလုပ်ကို ကိုယ့်ဘဝရဲ့ အချိန်တော်တော်များများကို ပေးရမှာဖြစ်တဲ့အတွက် ကိုယ်တကယ်စိတ်ဝင်စားတဲ့အရာကို ဦးစားပေးသင့်တယ်လို့ထင်လို့ကိုရွေးချယ်ခဲ့တာပါ။

မေး။ ။ ဗိသုကာပညာရပ်ရဲ့ နက်ရှိင်းမှုကို မကျော်လင်းစုစံအနေနဲ့ ဘယ်လိုခံစားလဲ။

ဖြေ။ ။ ဗိသုကာပညာနဲ့ အကျွမ်းတဝင်မရှိတဲ့သူတွေက ဗိသုကာပညာဆိုတာအဆောက်အဦတွေကိုလှအောင် design ဆွဲတာပဲ ခဏလေးနဲ့သင်လို့ရမယ်လို့ထင်ကြတာ တကယ်တမ်းကျတော့ ပြောမကုန်အောင် အများကြီးနက်နဲပါတယ်။ ဗိသုကာလို့ပြောရင် လိုင်းပေါင်းများစွာ ထပ်ခွဲလို့ရနိုင်ပါတယ်။ Architectural Design ပိုင်း၊ Urban အပိုင်း၊ Interior အပိုင်း၊ project management အပိုင်း စသဖြင့် များစွာထပ်ခွဲနိုင်ပါတယ်။ အဲ့ဒီတစ်ပိုင်းချင်းဆီကိုမှ နောက်ထပ် နောက်ထပ် အသေးစိတ်တွေထပ်သွားလို့ရနိုင်ပါသေးတယ်။ နောက်ပြီး ဗိသုကာ design ဆိုတာ အလှအပအပြင် အလင်းအမှောင်၊ ရာသီဥတု သဘာဝပတ်ဝန်းကျင်၊ ဒေသတစ်ခု လူမျိုးစုတစ်ခုစီရဲ့ ယဉ်ကျေးမှု၊ ခေတ်အလိုက်ပြောင်းလဲနေတဲ့လိုအပ်ချက်တွေ၊ rules and regulation တွေ၊ building standards တွေ၊ အဆောက်အဦရဲ့အသုံးဝင်မှု၊ ရည်ရှည်တည်တံ့မှုအစရှိတဲ့ အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားကြရတာပါ။ စဉ်းစားပြီးရုံနဲ့လည်း ပြီးမသွားပါဘူး လက်တွေ့အကောင်အထည်ဖော်ဖို့ အခြားပညာရှင်တွေနဲ့ညှိနှိုင်းဆွေးနွေးလုပ်ကိုင်တတ်ဖို့၊ client ကိုလည်းလက်ခံလာအောင်ရှင်းပြနိုင်ဖို့ general knowledge နဲ့ social skill လည်းလိုအပ်ပါတယ်။ ပြောရရင် တစ်ဘဝလုံးလေ့လာလို့ကုန်နိုင်မယ်မထင်ပါဘူး။

မေး။ ။ မကျော်လင်းစုစံရဲ့ လက်ဦးဆရာတွေကို ပြောပြပေးပါအုံး။
ဖြေ။ ။ ကျွန်မမှာကျေးဇူးရှိတဲ့ လက်ဦးဆရာ ၂ ယောက်ရှိပါတယ်။ ကျွန်မကျောင်းပြီးပြီးချင်း အလုပ်သင်ပေးတဲ့ဆရာကတော့ MZT Architectural Design and Construction က Principal Architect ဆရာ ဦးမင်းဆွေပါ။ Undergraduate ပြီးတော့ Master ဆက်တက်ဖို့ စိတ်ကူးရှိတာမို့ အချိန်အကြာကြီး အလုပ်မဝင်နိုင်တာ သိသိရက်နဲ့ကို ဆရာအလုပ်ဆင်းခွင့်ပေးပြီး သင်ပေးခဲ့တာပါ။ နောက် Master တတ်ရင်း ရင်းနှီးခွင့်ရခဲ့တာတော့ ဆရာ ဦးအောင်စိုးမြင့်ပါ။ ကျွန်မရဲ့မိဘတစ်ယောက်လို ကျွန်မကိုပညာတွေသင်ပေးခဲ့သူ အခုလည်းသင်ပေးနေဆဲပါပဲ။

မေး။ ။ မကျော်လင်းစုစံရဲ့ဘဝမှာ လေးစားအားကျရတဲ့ ဗိသုကာ (သို့)interior designer က ဘယ်သူဖြစ်မလဲ။
ဖြေ။ ။ ကျွန်မသဘောကျတဲ့ ဗိသုကာရယ် interior designer ရယ်လို့ တစ်သမတ်ထဲတော့မရှိပါဘူး။ ကြိုက်တဲ့အဖွဲ့ရွေးဆိုလည်း တစ်ခုမကဘူး။ design မှာက taste အမျိုးမျိုးရှိတာကိုး။ တစ်ယောက်နဲ့တစ်ယောက်လည်း သန်ရာသန်ရာမတူကြပါဘူး။

မေး။ ။ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါသလဲ။
ဖြေ။ ။ ဗိသုကာကျောင်းသူဘဝ သင်ခဲ့တာတွေနဲ့ လက်တွေ့ လုပ်ငန်းခွင်ဝင်ခဲ့ရတဲ့အချိန် လုပ်ရတာတွေနဲ့ တော်တော်ကိုကွာပါတယ်။ ကျောင်းမှာသင်ခဲ့ရတယ်ဆိုတာ တစ်ကယ့်ကို အခြေခံလေးပါပဲ။ တကယ်တမ်းအလုပ်လုပ်နိုင်ဖို့အတွက် စာတွေအများကြီးထပ်ဖတ်ခဲ့ရပါတယ်။ ကိုယ့်အသိ senior တွေရဲ့ အကူအညီ အများကြီးယူခဲ့ရတယ်။ ကျောင်းတုန်းက design လုပ်ခဲ့တာတွေက concept မိရုံနဲ့ အဆင်ပြေပေမယ့် လက်တွေ့ကျ ကုန်ကျစရိတ်တွေ၊ သုံးချင်တဲ့ material တွေ ရှိမရှိ၊ technical issue တွေ၊ rules and regulations၊ project timeline စတာတွေပါစဉ်းစားလာရတော့ ပိုပြီးခက်ခဲလာပါတယ်။ ကျောင်းတုန်းက စဉ်းစားရတာလောက်တော့ မလွတ်လပ်ဖူးပေါ့။ ကျောင်းတုန်းကလို တစ်ကိုယ်တော်စိတ်ကူးယဉ်ဖို့စိတ်ရှည်ရတာထက် အခုကျ client ကိုရော အခြားတွဲလုပ်ရတဲ့သူတွေကိုပါ အများကြီးပိုပြီးစိတ်ရှည်ရပါတယ်။ ပိုဆိုးတာက ကျွန်မက master တတ်တုန်းကတည်းက freelancer ဘဝစခဲ့ပြီးသိပ်မကြာခင်မှာ YOURS Design Team လေးဖွဲ့ခဲ့မိတော့ တာဝန်တွေပိပြီး ကလေးဘဝကနေ ရုတ်ချင်းကြီးလူကြီးဖြစ်သွားသလို ကိုယ့်ကိုကိုယ်ပြောင်းလဲယူပစ်ခဲ့ရပါတယ်။

မေး။ ။ ညီမလေးအနေနဲ့ ဘယ်လို ဒီဇိုင်းမျိုးဆွဲရတာကို အားသန်လဲ။
ဖြေ။ ။ ကျွန်မအနေနဲ့ design လုပ်တဲ့အခါမှာ ဘယ် design trend ပဲသွားရမယ်လို့ ဘောင်ခတ်လေ့တော့မရှိပါဘူး။ project အလိုက် client ရဲ့ လိုအပ်ချက်အလိုက် သင့်တော်မယ်ထင်တဲ့ design ကို လွတ်လွတ်လပ်လပ်စဉ်းစားလေ့ရှိတယ်။ ပြီးခဲ့တဲ့ project တွေနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ အပြောအရ vintage design နဲ့ modern ဘက်ကို အားသန်တယ်လို့တော့ထင်ပါတယ်။ Classic လို အပျောက်အမွန်းများတဲ့ design မျိုးထက် ရိုးရိုးလေးနဲ့ဆန်းတဲ့ design လေးတွေလုပ်ရတာပိုပျော်ပါတယ်။ residential ဆို ရိုးရှင်းပြီး Humble ဖြစ်တဲ့ design မျိုးလေးတွေ လုပ်ခွင့်ရချင်တယ်။ project အမျိုးအစားပေါ်မူတည်ပြီး လိုက်မယ်ဆို အရောင်အဆန်းတွေ/ material အဆန်းတွေသုံးပြီး လွတ်လွတ်လပ်လပ်နဲ့ artistic ဖြစ်တဲ့ design မျိုးလည်းလုပ်ခွင့်ရချင်သေးတယ်။

မေး။ ။ ညီမ ရေးဆွဲခဲ့တဲ့ ဒီဇိုင်းထဲမှာ စိတ်တိုင်းကျပြီး အမှတ်တရရှိနေမယ့် ဒီဇိုင်းလေးပြောပြပေးပါလား။
ဖြေ။ ။ ကိုယ်တိုင် design လုပ်တဲ့ အထဲက အားရတဲ့ residential interior project လေးကိုပြပါဆို စဉ်းအိုးတန်းလမ်းက Home Office လေးဖြစ်မယ်ထင်တယ်။ project လေးက သေးသေးလေးဆိုပေမယ့် အသေးစိတ်လေးတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့်ရလို့ တော်တော်လေးအားရပါတယ်။ renovation project လေးဖြစ်ပြီး နဂိုရှိနေတဲ့ အခန်းရဲ့ before look နဲ့ feeling ကို limited budget နဲ့ဝင်အောင် တော်တော်လေး ပြောင်းလဲယူနိုင်ခဲ့တယ်လို့ထင်ပါတယ်။ challenging အဖြစ်ဆုံးက ၆ပေခွဲခန့်ပဲရှိတဲ့ ceiling height ကို ပိုမြင့်တဲ့ feeling ရအောင် ကြိုးစားခဲ့ရတာပဲဖြစ်ပါတယ်။ အခန်းတစ်ခုလုံးမှာသုံးထားတဲ့ furniture တွေနဲ့ partition တွေ၊ တံခါးတွေအားလုံးက used items တွေဖြစ်ပြီး အားလုံးကို ဒုတိယဘဝပေးပြီး ပြန်လည်အသက်သွင်းထားပါတယ်။

Architectural project ထဲမှာတော့ Haven Thilawa Warehouse Project လေးကို အတော်လေးအားရပါတယ်။ အဲ့ project လေးက ငှားစားဖို့ရည်ရွယ်ဆောက်ခဲ့တာဖြစ်ပြီး အဓိက challenging ဖြစ်တာကတော့ ပြောင်းလဲနေတဲ့စီးပွားရေအခြေအနေလိုအပ်ချက်အရ Single tenant option, two tenant option, multi tenant option (up to 8) စသဖြင့် ပုံစံမျိုးစုံနဲ့ငှားလို့ရအောင် flexible design ဖြစ်အောင် design လုပ်ထားရတာဖြစ်ပါတယ်။

default

မေး။ ။ မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေပေးတဲ့ ညီမလေး မကျော်လင်းစုစံကို ကျေးဇူးအများကြီးတင်ပါတယ်နော်။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ်ရှင့်။

လူငယ်မျိုးဆက်သစ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်အောင် ပြောပြပေးတဲ့ မစုစံကို ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • Haven နှင့်အတူ အဆင့်မြင့်တဲ့ လူနေမှုဘ၀ပုံရိပ်ကို ရှာဖွေခြင်း
  • အိမ်ကျဉ်းကျဉ်းလေးထဲမှာ စတိုင်လ်ကျကျပြင်ဆင်နိုင်မယ့်ပရိယာယ်များ
  • အကောင်းဆုံးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုရခဲ့တဲ့ "Secretariat"

လအလိုက်ကြည့်ရှုရန်