Month: June 2020

ads

မိုးတွင်းမှာ သင့်ရဲ့ သစ်သားပရိဘောတွေနဲ့ သင့်အိမ်လှပအောင် ဂရုစိုက်ပေးပါ။ ပရိဘောဂတွေက ဈေးကြီးပေမယ့် နွေးထွေးမှုရှိစေပြီး နေရတာ သက်သောင့်သက်သာဖြစ်စေပါတယ်။ ဒါပေမယ့် ရေပေါက်တွေနဲ့ စိုထိုင်းမှုက သင့် သစ်သားပရိဘောဂတွေကို ဖျက်စီးပစ်နိုင်ပါတယ်။ မိုးတွင်းမှာ သစ်သားအသုံးအဆောင်တွေ မဝယ်တာပဲဖြစ်ဖြစ် ပြန်လည်ပြုပြင်ထိန်းသိမ်းတာပဲဖြစ်ဖြစ် လုပ်ဖို့ အကြံပေးချင်ပါတယ်။ တကယ်တော့ သစ်သားပရိဘောဂတွေကို ထိန်သိမ်းဖို့က အရေးကြီးပါတယ်။ အထူးသဖြင့် မိုးရာသီမှာ ပိုလို့တောင် အရေးကြီးပါသေးတယ်။ မိုးရာသီမှာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သစ်သားပရိဘောဂတွေကို ဘယ်လို ထိန်းသိမ်းကာကွယ်မလဲဆိုတဲ့ အချက်တွေကိ ဖော်ပြပေးသွားမှာပါ။
၁။ အရောင်တင်ဆီ
မိုးတွင်းမှာ သင့်သစ်သားပရိဘောဂတွေ အစိုဓာတ်ခံနိုင်ရည်ရှိအောင် လုပ်ပေးတာကောင်းပါတယ်။ သစ်သားတစ်ခုနဲ့ တစ်ခုအဆက်ကြားမှာ အစိုပြန်မှုကို ကာကွယ်မှုပေးနိုင်တဲ့ အရောင်တင်ဆီ နဲ့ အဆက်ကြားကို ချိတ်ပိတ်ပေးနိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုပေးပါ။ ထိုပစ္စည်းတွေက ဈေးမှာ အလွယ်တကူဝယ်နိုင်ပြီး အိမ်မှာလည်း လွယ်လင့်တကူအသုံးပြုလို့ရအောင်လည်း ထားထားပေးပါ။


၂။ ဖယောင်းနှင့် အဆီ
သစ်သားပရိဘောဂနဲ့ သစ်သားကြမ်းခင်းတွေကို ဖယောင်းတင်တာကလည်း အစိုပြန်ခြင်း၊ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အကယ်၍ ဖယောင်းဆီကို သင်သုံးဖြစ်တယ်ဆိုရင် သစ်သားပရိဘောဂတွေကို ပုံမှန် (သို့) အပတ်စဉ် ဖယောင်းဆီတင်ပေးပါ။

၃။ ရေမဖိတ်အောင် သတိထားပါ။

ရေယိုတာ၊ ဖိတ်တာတို့ကို ရှောင်ကျဉ်ပေးပါ။ သစ်သားတွေပေါ်မှာ အစိုတွေတင်တာက အမဲကွက်ကြီးကျန်ခဲ့ပြီး သစ်သားမျက်နှာပြင်ပျက်စီးသွားနိုင်ပါတယ်။ သစ်သားထဲကိုလည်း ရေတွေစိမ့်ဝင်သွားနိုင်ပြီး မျက်နှာကိုပါ အက်ကွဲမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။


၄။ မိုးရေမှ ကာကွယ်ပါ။
သင့်ရဲ့ သစ်သားပရိဘောဂတွေကို မိုးရေကနေ ကာကွယ်နိုင်ဖို့ သင့်ပစ္စည်းတွေကို အိမ်ထဲမှာပဲ ထားပါ။ အပြင်မထုတ်ပါနဲ့။ အပူအရမ်းများတာကလည်း သစ်သားရဲ့ မျက်နှာပြင်နဲ့ ပုံစံကို ပျက်စီးသွားစေနိုင်ပါတယ်။ တကယ်လို့ မဖြစ်မနေ အပြင်မှာ ထားရမယ်ဆိုရင်တော့ မိုးလုံအောင် မိုးကာနဲ့ ကာထားပေးပါ။


၅။ သစ်သားကုတင်များကို ထိန်းသိမ်းပါ။
အစိုဓာတ်ဟာ အခန်းရဲ့ နံရံမှတဆင့် ပရိဘောဂတွေထိပါ ရောက်ရှိလာနိုင်တာကြောင့် သင့်ရဲ့ သစ်သားကုတင်နဲ့ ထိုင်ခုံတွေကို အိမ်နံရံနဲ့ ခပ်ဝေးဝေးမှာ ထားပါ။


၆။ မိုးရွာတုန်း ပြတင်းပေါက်ဖွင့်တာကို ရှောင်ပေးပါ
မိုးရွာနေတုန်းမှာ ပြတင်းပေါက်ဖွင့်ခြင်းကို ရှောင်ပေးပါ။ ပြတင်းပေါက်နဲ့ တံခါးကနေတဆင့် မိုးရေတွေ ဝင်လာနိုင်တာကြောင့် ဝင်မလာနိုင်အောင် ထိန်းသိမ်းပေးပါ။ မိုးတိတ်သွားရင်တော့ အခန်းအတွင်းမှာ လေအဝင်အထွက်ရှိအောင် ပြတင်းပေါက်တွေကိုတော့ ပြန်ဖွင့်ထားပေးပါ။


၇။ အဝတ်စို အသုံးပြုတာကို ရှောင်ပေးပါ။
သင့်ရဲ့ ပရိဘောဂတွေကို သုတ်တဲ့အခါ သန့်ရှင်းတဲ့အခါမှာ အဝတ်စအစို အသုံးပြုပြီး သန့်ရှင်းတာကို ရှောင်ပေးပါ။ သစ်သားတွေပေါ်မှာ ဖုန်တက်ပြီး ညစ်ပတ်ပေရေနေတဲ့အထိ မထားပါနဲ့။ သန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ။


၈။ လေထု အစိုဓာတ်
လေထုထဲမှာပါ အစိုဓာတ်ရှိနေတဲ့အတွက် အခန့်မသင့်ရင် သင့်ရဲ့ ပရိဘောဂတွေ ပျက်စီးတဲ့အထိပါ သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲကို ခြောက်သွေ့အောင် ထားပါ။ အဝတ်အစိုတွေကို အိမ်ထဲမှာ မထားပါနဲ့။ ကြမ်းတိုက်တဲ့အခါမှာ မြန်မြန်ခြောက်သွားအောင် ကြမ်းတိုက်တုန်း ပန်ကာဖွင့်ထားပေးပါ။
အထက်က ဖော်ပြတဲ့ အချက်တွေကို ပြုလုပ်ပြီး သင့်အိမ်ကို လှပအောင် သင့်ပရိဘောဂတွေကို အသစ်အတိုင်းလေးပဲဖြစ်နေအောင် ထိန်းသိမ်းပါ။

Photo Credit – Internet

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

ads

အိမ်ကို မွမ်းမံတဲ့အခါ အနက်ရောင်ဆိုတာ ဇဝေဇဝါဖြစ်နေစရာမလိုဘဲ ကြိုက်တယ်၊ မကြိုက်ဖူး တထစ်ချဆုံးဖြတ်လိုက်ရတဲ့အရောင်ပါ။ အနက်ရောင်ဟာ ပတ်ဝန်းကျင်ကို လွှမ်းခြုံနိုင်တဲ့အတွက်ကြောင့် ကျွန်မကတော့ နှစ်သက်ပါတယ်။ ဒါပေမယ့် သေချာမကိုင်တွယ်တတ်ရင်တော့ ဒုက္ခပေးတတ်ပါတယ်။ အနက်ရောင်ဆေးသား ဒါမှမဟုတ် အနက်ရောင် အတိပြီးတဲ့နံရံကို အရောင်တောက်တောက်တွေနဲ့ရောပြီး လှပသွားအောင် ဖန်တီးလိုက်တာလိုမျိုး အနက်ရောင်ကို အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်း ၁၀ ခု ကို ဖော်ပြလိုက်ပါတယ်။
၁။ စုံလင်တဲ့အရောင်တွေနဲ့ တောက်ပစေလိုက်ပါ။
နံရံတွေကအစ ဆေးသားအထိ မည်းနက်နေခဲ့မယ်ဆိုရင် စွဲမက်စရာနောက်ခံတစ်ခုကို ဖန်တီးလို့ရပါတယ်။ ပန်းရောင် စားပွဲတင်မီးအိမ်၊ အဝါရောင်တောက်တောက်ပန်းပုရုပ်၊ ခေတ်ပေါ်ပန်းချီကားတွေနဲ့ အခန်းကိုပေါ်လွင်စေမယ့် အဆင်တန်ဆာလေးတွေပေးထားခြင်းက အရောင်လှလှလေးတွေ များများစားစား မပါဝင်ပေမယ့် အနက်ရောင်ရဲ့ တင့်တယ်လှပမှုကို ပေါ်လွင်သွားစေပါတယ်။ အနက်ရောင်ရဲ့ အစွမ်းသတ္တိတွေ ပျောက်ပြယ်မသွားအောင် ပစ္စည်းလေး တစ်ခု၊ နှစ်ခုလောက် ထားပေးရင် လုံလောက်ပါပြီ။

၂။ လှပမှုကို အနက်ရောင်နဲ့ ပုံဖော်ကြည့်ပါ။
ထူးခြားကောင်းမွန်တဲ့ နေရာလေးတစ်ခုအတွက် အနက်ရောင်က နောက်ကွယ်က ကောင်းကောင်း ပံ့ပိုးပေးနိုင်ပါတယ်။ ပုံမှာပြထားတဲ့ အခန်းကိုကြည့်လိုက်ရင် အရမ်းတောက်ပလင်းထိန်နေမယ့် ဒီထဲမှာ အနက်ရောင်ရဲ့ ဇာတ်ပို့တာဝန်ကျေပွန်မှုကို မြင်နိုင်ပါတယ်။ တစ်ခန်းလုံးကို အလင်းရောင်ပေးနိုင်တဲ့ မှန်နံရံရှေ့မှာ သစ်သားထည်၊ ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို အနက်ရောင်ပဲ အသုံးပြုပေးပါ။ ဒါမှလည်း အခန်းက လေကောင်းလေသန့်ရပြီး ကျယ်ဝန်းသယောင်ထင်ရလို့ အနက်ရောင်ရဲ့ လှပမှုကို လက်တွေ့ခံစားနိုင်မှာပါ။

၃။ တောက်ပတဲ့ အရောင်တွေနဲ့ ခြယ်မှုန်းပါ။
အနက်ရောင်နောက်ခံနဲ့ နေရာတစ်ခုကို မြူးကြွတဲ့ အပြင်ဆင်မျိုးဖြစ်အောင် ဘယ်လိုဖန်တီးမလဲဆိုတာကို ပုံပါအတိုင်း လက်ရာမြောက်အောင် ပြင်ဆင်ထားတဲ့ ဧည့်ခန်းလေးကို ကြည့်ရင်သိနိုင်ပါတယ်။ အစိမ်းရောင်၊ စိမ်းပြာရောင်နဲ့ စိမ်းဝါရောင် စသည်ဖြင့် အရောင်တောက်တောက်ပစ္စည်းလေးတွေ ထားပေးထားလိုက်မယ်ဆိုရင် အနက်ရောင်အခန်းကြီးကနေ ညို့ငင်စွမ်းရှိတဲ့ နတ်ဘုံနတ်နန်းလေးအဖြစ် ပြောင်းလဲသွားမှာ သေချာပါတယ်။

၄။ ပိုပြီးတောက်ပပါစေ။
ဆေးအနက်သုတ်ထားတဲ့ စင်္ကြံလမ်းမှာ မှန်တစ်ချပ်ချိတ်လိုက်ခြင်းက တောက်ပမှုကိုပေးစွမ်းနိုင်တဲ့အပြင် အနက်ရောင်ရဲ့ အနုသုခုမဟန်ကိုလည်း ပျောက်ပျက်သွားစေခြင်း မရှိပါဘူး။ အခုလိုမှန်အခုံးချိတ်လိုက်ခြင်းက အနက်ရောင်ကို ပိုမိုတောက်ပစေတဲ့အပြင် စင်္ကြံလမ်းတစ်ခုလုံးကိုလည်း အလင်းပြန်စေနိုင်ပါတယ်။

၅။ အမြင်အာရုံကို လှည့်စားပါ။
ဘယ်နေရာမှာ တောက်ပတဲ့အရောင်သုံးပြီး ဘယ်နေရာမှာ နက်မှောင်တဲ့အရောင်သုံးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ နေရာတစ်နေရာအတွက် အများကြီး အကျိုးသက်ရောက်မှုရှိပါတယ်။ အခုလို ဟိတ်ဟန်ရှိတဲ့အဖြူရောင်အခန်းကြီးထဲမှာ မျက်နှာကြက်ကို ရှိရင်းစွဲထက် ပိုနိမ့်သွားသယောင် ခံစားစေရပြီးတော့ နေထိုင်ရသက်သောင့်သက်သာ ဖြစ်စေပါတယ်။ ဒါမှမဟုတ် ရှည်မျောမျောနဲ့ အခန်းကျဉ်းလေး ဖြစ်နေတယ်ဆိုရင် နံရံရဲ့ အဆုံးမှာအနက်ရောင်သုတ်လိုက်ခြင်းက အခန်းကို ရှေ့နည်းနည်းရောက်သွားသလို ခံစားစေရမှာပါ။

၆။ မြေဖြူရောင် သုတ်ဆေးနဲ့ အရောင်လျှော့ပါ။
အခန်းတစ်ခန်းကို လွမ်းမောဖွယ် အငွေ့အသက်လေးတွေနဲ့ ဖုံးလွှမ်းစေချင်တယ်ဆိုရင် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းကတော့ မြေဖြူရောင်ဆေးကို သုတ်ပါ။ မြေဖြူရောင်က တကယ့်ကို ထိုင်းမှိုင်းတဲ့အရာင်ဖြစ်လို့ နူးညံ့ပျော့ပျောင်းမှုရသကို အပြည့်အ၀ ပေးစွမ်းနိုင်မှာပါ။ လက်တွေ့စမ်းသပ်ကြည့်ပါ။ လက်လွန်ပြီး သိပ်များသွားတဲ့အခါကျရင်လည်း အဲ့ဒီပေါ်မှာ အမြဲတမ်းအဖြူရောင်ပုံလေးတွေလည်း ဆွဲလို့ရပါသေးတယ်။

၇။ ခြေတစ်လှန်းနဲ့ စတင်လိုက်ပါ။
အနက်ရောင်ကို အသုံးပြုချင်ပေမယ့် စိုးရွံ့နေမိတယ်ဆိုရင် ပုံထဲက စတိုင်လ်ကျတဲ့ အခန်းအပြင်အဆင်လေးကို ကြည့်ပြီးတော့ သေးငယ်ပြီးအတွင်းလည်းကျတဲ့ လှေကားတက်လိုနေရာမျိုးမှာ အနက်ရောင်နဲ့ ပတ်သက်ပြီး ကိုယ်ပိုင်စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ကြည့်လိုက်ပါ။ ဆန့်ကျင်ဘက်အရောင်နှစ်ရောင်ရဲ့ တွဲဖက်မှုက အသက်ရှုမှားလောက်အောင် လှပနေမှာပါ။ နှစ်ဖက်လုံးမှာလည်း အလင်းရောင်ရတဲ့ အခန်းတွေရှိနေတာကြောင့် အနက်ရောင်က လွှမ်းခြုံနေတော့မှာ မဟုတ်ပါဘူး။

၈။ သီးသန့် အနက်ရောင်နံရံကို ဖန်တီးပါ။
နံရံတစ်ချပ်တည်းကို သီးသန့် အနက်ရောင်သုတ်ပါ။ ဒီအခန်းထဲမှာ ရှိနေတဲ့အနက်ရောင်နံရံက အိပ်ယာကို ပေါ်လွင်စေတဲ့အပြင် မီးရောင်ကိုလည်း တောက်ပစေပါတယ်။ ကျန်တဲ့အဖြူရောင် နံရံနဲ့ လိုက်ဖက်အောင် အိပ်ယာခင်းအဖြူခင်းလိုက်မယ်ဆိုရင် စိတ်ကူးယဉ်ဆန်တဲ့ အခန်းငယ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

၉။ အသုံးအဆောင် ပစ္စည်းလေးတွေကို အသုံးချပါ။
အနက်ရောင်နံရံအထိ လုပ်ဖို့စိတ်မရဲဘူးဆိုရင် အနက်ရောင်အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ ကွဲပြားခြားနားတဲ့အလှကို ဖန်တီးကြည့်ပါ။ ပုံမှာပြထားတဲ့ အမျိုးသမီးအိပ်ခန်းမှာ အနက်ရောင်လိုက်ကာ၊ အနက်ရောင်ဓာတ်ပုံမှန်ဘောင်နဲ့ အသားမည်းနက်မာကျောတဲ့ ရင်းတိုက်သားနဲ့ထုထားတဲ့စားပွဲကို နေရာချထားတဲ့ ဒီဇိုင်းဟာ တန်ဘိုးကြီး အိပ်ခန်းတစ်ခုအသွင် ဖြစ်ပေါ်စေပါတယ်။ ဒီနေရာမှာ အဓိကကျတာကတော့ မီးရောင်ကို စုပ်ယူသွားမယ့်အစား ပိုပြီးမီးစားအောင်ပြုလုပ်ပေးမယ့် ချောမွတ်ပြောင်လက်နေတဲ့ နံရံတွေပါပဲ။


၁၀။ အဖြူအမည်း ဒီဇိုင်းကို အသုံးပြုပေးပါ။
ဒီစင်္ကြံလမ်းမှာ အနက်ရောင်တွေ လွန်ကဲနေတယ်လို့ ထင်ရပေမယ့် အဖြူအမည်း ဂျီသြမေတြီဒီဇိုင်းပုံစံ၊ အဖြူအစင်းကြားတွေနဲ့ တလက်လက်တောက်ပနေတဲ့ ဗီရိုတံခါးလက်ကိုင်တွေကြောင့် အနက်ရောင် စင်္ကြံလမ်းကို နှစ်သက်ကြည်နူးစရာကောင်းပြီး ညို့ယူနိုင်တဲ့ စင်္ကြံလမ်းလေးအဖြစ် ပြောင်းလဲသွားတာကို တွေ့မြင်ရမှာပါ။

Photo Credit – Internet

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း

ရေစိမ့်နံရံများကို ကိုင်တွယ်ခြင်း(၂)

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
June 23, 2020 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိုးရာသီသည် ပတ်ဝန်းကျင်တစ်ခုလုံး အေးမြနေပြီး အလွန်နေထိုင်လို့ကောင်းသော ရာသီဥတုဖြစ်သည်ဆိုသော်လည်း မိုးနှင့်အတူ ကျွန်တော်တို့မည်သို့မျှငြင်းဆန်၍မရနိုင်သော ပြဿနာများသည်လည်း တန်းစီပြီးဝင်ရောက်လာစေနိုင်ပါသည်။ အခု ဖော်ပြမယ့် အချက်ဆယ်ခုကတော့ အိမ်တွေမှာ မိုးတွင်းဘက်ကြုံရတတ်ဆုံးသော ပြဿနာတွေကို စစ်ဆေးကိုင်တွယ်ပုံကိုင်တွယ်နည်းတွေပါပဲ။
၁။ နံရံများအမိုးများကိုစစ်ဆေးပါ
အိမ်အမိုးများသည်တပ်ဆင်ရာတွင် သေချာမှုမရှိခဲ့သော်လည်းကောင်း၊ အရည်အသွေး မပြည့်ဝသောပစ္စည်းများနှင့် စနစ်တကျစီမံခဲ့ခြင်း မရှိ၍သော်လည်းကောင်း သေးငယ်သော အမိုးပေါက်များမှတဆင့် အဆောက်အအုံတစ်ခုလုံးသို့ ရေများစိမ့်ဝင်ပျံနှံသွားနိုင်ပေသည်။ ထို့ကြောင့် အိမ်အမိုးအောက်ဘက်မှ မှိုကွက်များ၊ မျက်နှာကြက်ပေါ်သို့ ကျရောက်လာသော ရေကွက်များကို ကြည့်၍ ကျွမ်းကျင်သူများနှင့်ဆွေးနွေးပြင်ဆင်သင့်သည်။
အကယ်၍ တိုက်ခန်းများ၌ ကွန်ကရစ်အမိုး Slab သားများ အသုံးပြုထားပါက မိုးရေ စိမ့်ဝင်နိုင်သော နေရာများကို မိုးမရွာမီအချိန်ကိုက်ပြုပြင်ဖာထေးသင့်သည်။ သီးခြားပြင်ဆင်မှုမပြုမီ ရေလုံဆေး (Water Proof) များကို အက်ကြောင်းများ၊ အဆက်များအလေးထားကာ လို့အပ်သည့်ဧရိယာကို ပိုင်းဖြတ်လုပ်ကိုင်ခြင်း မပြုဘဲ၊ တစ်ခွင်တစ်ပြင်လုံး အကြားအလပ်မရှိ သုတ်လိမ်းထားခြင်းကသာ၍ စိတ်ချရသည်ဟု ဆိုချင်သည်။
အကယ်၍ ကြွေပြားများကပ်ထားသည့် ဧရိယာဆိုလျှင်လည်း လေခိုကြွေပြားများ၊ ၎င်းတို့အောက်ရှိအက်ကွဲကြောင်း ကွန်ကရစ်ချောသားများ အပေါက်အပြဲများစသည်တို့ကို အမြန်ဆုံးပြုပြင်အစားထိုးမှုပြုလုပ်ရပါမည်။ မိုးရွာသည့်အခါ ရေများ အလွယ်တကူနှင့် လုံလောက်စွာဆင်းနိုင်စေရန် ရေဆင်းပိုက်များအတွင်းရှိ ပိတ်ဆို့မှုအနည်အနှစ်များ အဆက်နေရာများကို လမ်းကြောင်းတစ်လျောက် ကောင်းစွာသန့်ရှင်းမှုရရှိနေစေရပါမည်။


၂။ ရေတံလျောက်များကို သန့်ရှင်းပါ
ညစ်ပေနေသော ရေတံလျောက်များ ကျိုးပဲ့နေသော ရေတလျောက်များမှတဆင့် နံရံများပေါ်ရေဆင်းကာ စိုထိုင်းမှုဖြစ်ပေါ်စေတတ်သကဲ့သို့ ရေတံလျောက်များအတွင်း ရေများအကုန်အစင်ဆင်းမသွားပဲ ပိတ်ဆို့ကျန်ရှိနေပါက လက်ကျန်မိုးရေများကြောင့် အိမ်အမိုးများကိုပျက်စီးစေနိုင်ပါသည်။ ရေတံလျောက်များသည် ခေါင်မိုးပေါ်မှရေများကို အဆောက်အအုံ၏အောက်ခြေသို့တိုင် သယ်ဆောင်ပေးကြလေသည်ဖြစ်ရာ ရေတံလျောက်များအတွင်းမှ သစ်ရွက်အမှိုက်ဖတ်များ ပိတ်ဆို့မနေအောင် ဂရုစိုက်ကြရပါမည်။ အိမ်၏ အောက်ခြေအတွင်းအပြင်တွင် ရေစိမ့်ဝင်နိုင်သည့်ကွန်ကရိသားအက်ကြောင်း များထပ်မံတွေ့ရှိလာပါကလည်း ချက်ချင်းပြင်ဆင်သင့်ပါသည်။


၃။ လေဝင်လေထွက် (Ventilator) ပန်ကာငယ်များတပ်ဆင်ခြင်း
လေဝင်လေထွက်အတွက် ပန်ကာများသည်လည်း စိုထိုင်းမှုပမာဏကို လျော့ချနိုင်မှုအတွက် အကောင်းဆုံးတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ပြင်ပလေဝင်ရောက်မှုနှင့် အိမ်တွင်းလေသန့်စင်နိုင်မှုအတွက် လေဝင်လေထွက်ပန်ကာငယ်များကို လုံလောက်စွာ စနစ်တကျ တပ်ဆင်အသုံးပြုသင့်ပါသည်။


၄။ မီးပလပ်ပေါက်များ၊ ခုတ်များကိုစစ်ဆေးခြင်း
တချို့နေရာများတွင် လျှပ်စစ်ပလပ်ပေါက်များ၊ မီးခလုတ်များကို အိမ်ပြင်ဘက်နံရံများ၊ တိုင်များစသည်တို့တွင်ထားရှိမိပါက မိုးရေစိမ့်ဝင်နိုင်ခြင်း ရှိမရှိ၊ အဖုံးအကာများထားရှိလျှင်လည်း အမှန်တကယ် လုံခြုံမှုရှိမရှိကို စစ်ဆေးရပါမည်။ တစ်ခါတစ်ရံ အိမ်အတွင်းမှ လျှပ်စစ်မီးကြိုးကို အိမ်ပြင်နံရံမှ အဲကွန်းများ၊ မီးပလပ်များဆီသို့အရောက် နံရံထိုးဖောက်သွယ်တန်းထားမိတတ်ရာ ၎င်းအပေါက်မှတဆင့် မိုးရေများ စိမ့်ဝင်လာတတ်ပါသည်။


၅။ စိုထိုင်းမှုကြောင့် ခြများဝင်ရောက်ခြင်း
ခြများသည် ရေယိုရေစိမ့်ပြီး စိုထိုင်းထိုင်းရှိနေသောနေရာများကို ပစ်မှတ်တစ်ခုသဖွယ် အများဆုံးဝင်ရောက်ဖျက်ဆီးတတ်ကြပါသည်။


၆။ ကော်ဇော်နှင့် ကြမ်းခင်းများကို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။
ကော်ဇောများသည် ရေငွေ့အနည်းငယ်ရိုက်ရုံနှင့် အနံ့ဆိုးများထွက်ပြီး မှိုများ ပေါက်ပွားရာအကောင်းဆုံး နေရာတစ်ခုဖြစ်ပါသည်။ ဖုန်စုပ်စက်သည်လည်း ကော်ဇောပေါ်မှ ဖုန်းများအမှုန့်များကို စုပ်ယူနိုင်မည်ဖြစ်သော်လည်း ရေငွေ့နှင့် အညစ်အကြေးများကိုတော့ အကောင်းပကတိ စုပ်ယူရှင်းလင်းပေးနိုင်မည်မဟုတ်ပါ။


၇။ သစ်သားလျှာထိုးများ ပါကေးများနှင့် ရေငွေ့
မိုးရေသာမက မည်သည့် အရည်ပဲဖြစ်ဖြစ် ပါကေးများ၊ လျှာထိုးများစသည့် သစ်အချောထည် ကြမ်းခင်းပြားများကို ထိတွေ့ဖြစ်လျှင်တော့ သစ်သားထုမှာ အကျုံ့အကြွဖြစ်ပေါ်စေတတ်လေသည်။


၈။ သစ်ထည်ဘီရို အံဆွဲများကိုစစ်ဆေးပါ
မိုးရေနှင့်အတူ ပတ်ဝန်းကျင်ရေငွေ့များကြောင့် ဘီရိုအံဆွဲများတွင် ပျက်ဆီးမှုများဖြစ်ပေါ်တတ်ပါသည်။ အဝတ်အစားများနှင့် အခြားတန်ဖိုးကြီးများအတွက် ပရုတ်လုံးများ စသည့်ထည့်ထားပေးသင့်သည်။ ထို့ပြင် တမာရွက်သည် အင်းဆက်များကို နိုင်စေတတ်သောအစွမ်းရှိပါတယ်။ အဝတ်ဘီရိုများတွင် တမာရွက်များခင်းထားခြင်းဖြင့် အဝတ်အစားများ၊ ပရိဘောဂများကို တော်ရုံအင်းဆက်ပိုးမွှားများဖျက်ဆီးမှုမှ ကာကွယ်နိုင်ပါသည်။


၉။ ပုံမှန်အိမ်သန့်ရှင်းရေးလုပ်ပါ
ပုံမှန်အိမ်သန့်ရှင်းရေးပြုလုပ်ခြင်းသည် အကောင်းဆုံး ကာကွယ်မှုတစ်ခုဖြစ်ပါသည်။ စိုထိုင်းထိုင်း အရာဝတ္ထုများကို နေရောင်မှာထုတ်လှန်းပါ။ ကြမ်းခင်းများကိုလည်း မှိုပြန့်ပွားမှုမရှိအောင် ဂရုစိုက်ပါ။


၁၀။ အိမ်ပြင်ရန်မသင့်သော ရာသီ
မိုးတွင်းကာလသည် အိမ်မပြင်ဆင်သင့်သော ကာလဖြစ်ပါသည်။ အထူးသဖြင့် ဆေးသုတ်ခြင်း၊ ရေလုံဆေးတာခြင်းလုပ်ငန်းများကို မိုးရာသီမကျမီ သိုမဟုတ် မိုးကုန်မှ ပြုလုပ်ဆောင်ရွက်သင့်သည်။ အကယ်၍ မိုးတွင်းဘက်မှာပဲ အိမ်ပြင်၊ နံရံဆေးသုတ်လုပ်ငန်းများလုပ်ကိုင်ရန် အကြောင်းရှိလာပါက စိုစွတ်သော ရာသီနှင့် အထူးကိုက်ညီသော ရေစိုခံ သုတ်ဆေးများကို ရွေးချယ်အသုံးပြုခြင်၊ ကျွမ်းကျင်သူအဖွဲ့အစည်းများထံ ရွေးချယ်အပ်နှံခြင်းများပြုလုပ်သင့်ပါသည်။


ထို့ကြောင့် နောက်တစ်ကြိမ် အိမ်နံရံများကို ဆေးသုတ်မည်ဆိုပါက မိုးရာသီမရောက်မီလုပ်ကိုင်ရန် လိုအပ်ပါသည်။ ဆေးသား အသုံးပြုရာတွင်လည်း ဆီလီကွန်အခြေခံထုတ်လုပ်ထားသောဆေးများက အခြားအိမ်သုတ်ဆေးများထက် ရေစိုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိကြပါသည်။ ဤ နည်းအားဖြင့် ရေများ၊ နံရံကို လာရောက်ထိခိုက်ပါသော်လည်း စိုးရိမ်ဖွယ်ရာမရှိနိုင်တော့ပေ။

Photo Credit – Internet

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ
  • ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…
  • ကလေးတို့အတွက် စာကြည့်စားပွဲနဲ့ထိုင်ခုံ ရွေးချယ်နည်း