Month: February 2020

Babara Barry

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သက်ပိုင်သူ မှ
February 29, 2020 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

စိမ်းနုနုအသွေး၊ ဝါညိုရောင်နုနု၊ သနပ်ခါးရောင်ဖျော့ဖျော့၊ ပင်လယ်မှာပျော်ဝင်သွားတဲ့ စိမ်းပြာရည်လဲ့လဲ့၊ အဖြူပေါ်မှာ ဆင်စွယ်ရောင်လို ခပ်ဖျော့ဖျော့လေးပဲနေတတ်တဲ့ အဖြူရောင်မပြယ့်တပြယ်၊ မှောင်ရီကာမှိုင်းနေတတ်တဲ့ သစ်ကြောအကွက်ကလေးတွေက သူမရဲ့ ဂီတတစ်ခုလို့ ပြောလို့ရပါတယ်။ ထူးခြားသေသပ်လှပတဲ့ချုပ်ရိုးများနဲ့ အံ့မခန်းရင်သပ်ရှုမောဖွယ်ဖြစ်စေတဲ့ ထိုင်ခုံဆိုဖာတွေကလည်း သူမရဲ့ ဂီတသံကို အားဖြည့်ပေးတဲ့ သံစုံဂီတတူရိယာလို့လည်း ပြောလိုပါတယ်။ သူမကတော့ Babara Barry ပဲ ဖြစ်ပါတယ်။
Babara Barry ရဲ့ Furnishing Design တွေက လှပရုံတင်မကပါဘူး။ သူမရဲ့ လှပချော့မွေ့ပြီး ဖျတ်လတ်တတ်ကြွမှု မိမိကိုယ်ကို ယုံကြည်မှုရှိနေပုံက သူမကို မြင်တွေ့လိုက်ရတဲ့သူတိုင်းရဲ့ နှလုံးသားကို အထင်ကြီးလေးစား နှစ်လိုပျော်ရွှင်စေမိပါတယ်။
Babara Barry က သူ့ရဲ့ ကုမ္ပဏီကို ၁၈၈၅ ခုနှစ် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ Interior Decoration Company အဖြစ်တည်ထောင်ခဲ့ပါတယ်။ Babara Barry ရဲ့ ထူးခြားချက်ကတော့ ထူးခြားလှပသေသပ်လွန်းပြီး အရောင်ငြိမ်ငြိမ်နဲ့ မြင်ရသူကိုအေးချမ်းစေတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။ အိမ်တွင်းလှပမှုကို ဦးစားပေးတဲ့အတွက် အိမ်အတွက်လိုအပ်တဲ့ ပရိဘောဂတွေသာမဘဲ ပန်းကန်ခွက်ယောက်နဲ့ စားပွဲတင်မျက်နှာကျက်မီးအလှများကိုပါ ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။ သူမဖန်တီးထားတဲ့ ဒီဇိုင်းကိုကြည့်လျှင် ရှေးဆန်တဲ့ အလှမျိုးပါ။ ဒါပေမယ့် ဒီဇိုင်းဖွဲ့စည်းမှုက ရိုးရှင်းပြီးလန်းဆန်းတတ်ကြွတဲ့ ဟန်အပြည့်ရှိလို့ စွဲမက်ဖွယ်ကောင်းလှပါတယ်။ နောက်ထပ်သူမရဲ့ ထူးခြားတဲ့ ပင်ကိုယ်စွမ်းရည်တစ်ခုကတော့ ရေဆေး water color ကို ပိုင်ပိုင်နိုင်နိုင်ရေးဆွဲတတ်ခြင်းဖြစ်ပါတယ်။ ရေးဆေးနဲ့ ဆွဲထားတဲ့ ပန်းချီတွေမှာ အရောင်ပြေပြေနဲ့ နုနုနယ်နယ်လေးရှိတတ်ပါတယ်။ ထိုပြေပြစ်နုနယ်မှုတွေက သူမရဲ့ Color Palrtte တွေ ဖြစ်လာပြီး မြင်ရသူစိတ်ကို ဘဝင်အေးစေပါတယ်။


သူမရဲ့ ဒီဇိုင်းတွေမှာ အရောင်တွေများများတော့ မရှိပါဘူး။ သဘောအကျဆုံးကတော့ သူမပြောလေ့ရှိတဲ့ အရောင်တစ်ခုကို ရွေးပါ။ ဒါပေမယ့် အဲဒီအရောင်ကိုပဲ အနုအရင့်မတူညီတဲ့ အရောင်တုန်းတွေနဲ့ ကစားပါတဲ့။ သောင်ပြင်ပေါ်မှာ အပြန့်လိုက်ဖြစ်နေတဲ့ သဲပြင်တွေလိုပါပဲ။ Horizontal ပြင်ညီမှာပင်လယ်ရေလှိုင်းလို တလိမ့်လိမ့်ဖြစ်နေတဲ့ သဲပြင်ကျယ်က နေထိနတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့ လင်းရာကမှောင်၊ မှောင်ရာကလင်း gradation ဖြစ်နေတဲ့ အရောင်တွေက စိတ်ကို ကြည်နူးစေပါတယ်။


သူမရဲ့ အရောင်တွေက စိတ်ကိုကြည်နူးစေတယ်ဆိုတာကလည်း သူမအတွက် အလှတရားက အမြဲအရေးပါနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ သူမရေးသားတဲ့ Around Beauty ဆိုတဲ့ စာအုပ်ထဲမှာ မြင်မြင်သမျှ အလှတရားတွေက သူမအတွက် Inspiration ယူစရာတွေ ဖြစ်နေတတ်ပါတယ်။ သူမအတွက် အလှတရားဆိုတာ နေရာတိုင်းမှာ ရှိပါတယ်။ သစ်ရွက်ကလေးတွေ၊ ခရုလေးတွေ၊ နောက်ဆုံးသူမသောက်ဖို့ ငှဲ့ထားတဲ့ လက်ဖက်ရည်ခွက်ကလေးတွေ၊ ထိုအရာလေးပေါ်မှာ စိတ်ကူးယဉ်ကောင်းလောက်အောက် အလင်းရောင်လာရိုက်နေပုံလေးတွေကိုက သူမရဲ့ ဒီဇိုင်းတွေထဲမှာထည့်ပြီး အသုံးချစရာကောင်းနေပြန်ပါတယ်။ သူမအနေနဲ့ကတော့ အပြင်ကသဘာဝတရားနဲ့ သူမရဲ့အလုပ်ခန်းစတူဒီယိုထဲက ဒီဇိုင်းတွေနဲ့ အမြဲဆက်စပ်ဖို့ ကြိုးစားနေတတ်ပါတယ်။ သူမဒီဇိုင်းအနေနဲ့ ဖန်တီးတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ ပန်းခြံထဲမှ လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားတဲ့ ပန်းလေးတစ်ပွင့်တောင် သူမအတွက် မသံးချစရာ အိုင်ဒီရာ အသစ်အဆန်းလေးတွေ ဖြစ်နေတတ်ပါတယ်။


Babara Barry အမြဲတမ်းပြောနေတတ်တဲ့ စကားတစ်ခွန်းကတော့ Simplicity ပါပဲ။ ရိုးရိုးရှင်းရှင်းနဲ့ Timeless ဖြစ်နေတဲ့ အလှတရားပါပဲ။ ဒါကြောင့်လည်း သူမဖန်တီးလိုက်တဲ့ စားပွဲခုံ၊ ကုလားထိုင် တစ်ခုကအစ ဂန္ဓဝင်အလှရှိနေပေမယ့် ခေတ်မီတဲ့ အသွင်အပြင်လို ရိုးရှင်းမှုဂုဏ်ကို ဆောင်နေတတ်ပါတယ်။
သူမအတွက် Material ဆိုတာ အမြဲအသစ်အဆန်းတွေဖြစ်နေအောင် ဖန်တီးတတ်သလို၊ ထို Material ရဲ့ လှပတဲ့ သဘာဝတရားကိုလည်း သိသာအောင်ဖန်တီးတတ်ပါတယ်။ သူမအများဆုံး အသုံးပြုတတ်တာ သစ်သားဖြစ်ပြီး ထိုသစ်သားရဲ့ အကြောအရောင်တွေပေါ်လွင်အောင် အရောင်နုနုများကို နောက်ခံထားပြီး Setting ချတတ်တာ သူမရဲ့ အားသာချက်တစ်ခုလည်း ဖြစ်ပါတယ်။


Babara Barry ရဲ့ ဒီဇိုင်းတွေမှာဆိုရင် ထိုင်ခုံစားပွဲတစ်ခုတည်းမဟုတ်ပါဘူး။ စားပွဲခင်း၊ အိပ်ယာခင်း၊ လက်သုတ်ပုဝါကအစ ခန်းဆီးကန့်လန့်ကာအဆုံး ကိုယ်တိုင်ဖန်တီးထုတ်လုပ်ပါတယ်။ Artificial Lighting နဲ့ ပတ်သက်လို့ရှိရင်တော့ စားပွဲတင်မီး၊ မီးပန်းဆိုင်းလည်း ပါသလို အိမ်သာရေးချိုးခန်းသုံးပစ္စည်းတွေကအစ ပါဝင်ပါတယ်။ ကြွေပြားသစ်သားကအစ ကိုယ်ပိုင်ထုတ်လုပ်ထားတာကြောင့် အိမ်တစ်အိမ်စာအတွက် လိုအပ်သောပစ္စည်းမှန်သမျှ သူမကိုယ်တိုင် ဒီဇိုင်းဖန်တီးထားတယ်ဆိုရင် မမှားပါဘူး။ Babara Barry ရဲ့ ဒီဇိုင်းတွေက အမေရိကန်နိုင်ငံရဲ့ထင်ရှားတဲ့ ပြယုဂ်တစ်ခုဖြစ်လာသလို Residential Interior Design အတွက် ထူးခြားတဲ့ အလှတရားတစ်ခုဖြစ်လာပါတယ်။
သူမရဲ့ တချို့ပရိဘောဂတွေက သိန်းရာချီတန်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ထင်ရှားတဲ့ Furniture အရောင်းပြခန်းတွေမှာ Babara Barry ရဲ့ ကုန်ပစ္စည်းများက နေရာယူလာသလို၊ ခေတ်မီချမ်းသာတဲ့လူတွေအတွက် အင်မတန်လက်ရာသေသပ်လွန်းတဲ့ ဇိမ်ခံပစ္စည်းတစ်ခုဖြစ်လာပါတယ်။


Babara Barry ရဲ့ ဒီဇိုင်းကို ဘာကြောင့် နှစ်သက်သလဲလို့ မေးလျှင်တော့ သူမအသုံးပြုတဲ့ကာလာအရောင်၊ နောက်ပြီး လက်ရာသေသပ်မှု၊ Fashion Design တစ်ခုလို Head to Toe ဖြစ်အောင် သူမဒီဇိုင်းနဲ့ ပတ်သက်တဲ့ Accessories တွေကအစ ကိုယ်ပိုင်ဖန်တီးနိုင်မှုပဲ ဖြစ်ပါတယ်။

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


    ရုံးခန်းဖုန်းရွှေ

    တည်းဖြတ်သူ Myanmar Home and Decoration
    ရေးသားသူ Home & Deco အဖွဲ့သားများ မှ
    February 25, 2020 နေ့
    ဖုန်းရွှေအဘိဓာန် ကဏ္ဍတွင်
    ထည့်သွင်းရေးသားခဲ့သည်။

    ads

    ရုံးခန်းတွေမှာ မိမိရဲ့ အလုပ်မှာ ကံကောင်းစေဖို့ စားပွဲထားသိုတဲ့နေရာမှာ ဖုန်းရွှေဟာ အရေးပါအရာရောက်ပါတယ်။ သင့်လျော်တဲ့ရုံးသုံးစားပွဲကို ရွေးချယ်ပြီး နေရာမှန်ထားတတ်ဖို့နဲ့ ပစ္စည်းကောင်းကို ရွေးချယ်အသုံးပြုတတ်ဖို့လည်း လိုပါတယ်။

    ဖုန်းရွှေပညာအရ ၂၀၂၀ ခုနှစ် အတွင်း ရုံးသုံးစားပွဲတွေနေရာချထားဖို့အတွက် အကောင်းဆုံးနေရာ ၂ နေရာ ရှိပါတယ်။ စားပွဲကို မြောက်အရပ်ဘက် မျက်နှာမူထားတာဟာ သင့်ကို ယခင်ကထက် တည်ငြိမ်ရင့်ကျက်ကာ လွတ်လပ်စေပြီး အလုပ်မှာ ပိုလို့ တိုးတက်လာစေနိုင်ပါတယ်။

    ထို့အပြင် စားပွဲကို အရှေ့တောင်အရပ်ဘက် မျက်နှာမူထားတာဟာ မိမိရဲ့ ဦးဆောင်မှု၊ စွမ်းဆောင်ရည်၊ တာဝန်ယူတတ်မှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးလာစေနိုင်ပါတယ်။


    မိမိရဲ့ ရုံးအတွင်းမှာ ပိုက်ဆံနဲ့ ရုံးဖုန်းကို အရှေ့တောင်အရပ်မှာ ထားသင့်ပြီး၊ ရုံးတံဆိပ်ကို အနောက်တောင်ဘက်၊ စားပွဲတင်မီးအိမ်ကို တောင်အရပ်ဘက်၊ မှတ်စုစာအုပ်တွေကို အရှေ့တောင်ဘက်နဲ့ သစ်ပင်ပန်းပင်တို့ကို မြောက်ဘက်၊စာရေးကိရိယာတို့ကို အနောက်မြောက်ဘက်တို့မှာ ထားသင့်ပါတယ်။

    Download eBook version as a FREE!

    လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်


      ads

      ခေတ်သစ်လူနေမှုပုံစံက အလုပ်များလွန်းတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် လစ်လျူရှုထားမိတတ်ကြပါတယ်။ ပုံမှန်အိပ်ချိန်မရှိတာ၊ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တာ၊ အာဟာရပြည့်ဝအောင် မစားတာတွေက ကိုယ်ခံအားကျဆင်းလာစေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်နေအိမ်မှာပဲ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေမယ့်အပြင်အဆင်လေးတွေကို ဖန်တီးလို့ ရပါတယ်။
      ၁။ အိပ်စက်ခြင်း
      ကုတင်ဘေးစားပွဲပေါ်က ပစ္စည်းတွေကို ရှင်းပစ်လိုက်ပါ – ကျန်းမာရေးကောင်းဖို့ အိပ်ရေးဝဖို့လိုတယ်ဆိုပေမယ့် အလုပ်များတဲ့ လူနေမှုပုံစံကြောင့် မကြာခဏအိပ်ရေးပျက်လေ့ရှိပါတယ်။ အိပ်ခန်းဆိုတာ တည်ငြိမ်အေးချမ်းပြီး အိပ်ရာဝင်ရတော့မယ်လို့ ခန္ဓာကိုယ်ကိုအချက်ပြနိုင်တဲ့ နေရာပြရပါမယ်။


      အိပ်ခန်းထဲမှာ တည်ငြိမ်တဲ့အငွေ့အသက်တစ်ခုကို ဖန်တီးဖို့ အိပ်ရာဘေးက စားပွဲကို အရင်ရှင်းပြီး မလိုတာတွေကိုဖယ်ထုတ်လိုက်ပါ။ ဖတ်ပြီးသားစာအုပ်တွေ၊ မဂ္ဂဇင်းဟောင်းတွေ၊ မသုံးတော့တဲ့လက်လိမ်းလိုးရှင်းတွေ အစရှိတဲ့ပစ္စည်းတွေအားလုံးပါတယ်။ မီးအိမ်၊ စားပွဲတင်နာရီ၊ ကိုယ်ချစ်ရတဲ့သူရဲ့ဓာတ်ပုံ၊ ပန်းအိုးငယ်တစ်လုံး၊ စာအုပ်တစ်အုပ်လောက်ပဲထားရင်ရပါပြီ။ အိပ်ရာဘေးကစားပွဲပေါ်မှာ ပစ္စည်းနည်းပြီး ရှင်းလင်းနေရင် အကောင်းဆုံးပါပဲ။


      ၂။ လေ့ကျင့်ခန်းလုပ်ခြင်း
      လေ့ကျင့်ခန်းလုပ်တဲ့ အဝတ်အစားနဲ့ ပစ္စည်းကိရိယာတွေအတွက် သီးသန့်နေရာလုပ်ပါ – တစ်ပတ်ကိုအကြိမ်ပေါင်းများစွာ လေ့ကျင့်ခန်းလုပ်ဖြစ်ဖို့ ရည်မှန်းထားတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တဲ့အဝတ်အစားနဲ့သဘက်တွေအတွက် နေရာသီးသန့်တစ်ခုလုပ်ဖို့ စဉ်းစားပါ။ အဝတ်အစားရှာဖွေနေဖို့ အချိန်ပေးစရာမလိုတော့အောင် အားလုံးကိုတစ်နေရာတည်းမှာ စုထားပါ။ မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ချင်ပေမယ့် ရတဲ့တစ်မိနစ်လောက်လေးကိုလည်း အိပ်နေချင်သေးတယ်ဆိုရင် ဒီလိုအချိန်မကုန်တဲ့နည်းက အကောင်းဆုံးပါပဲ။


      အလားတူပဲ ယောဂဖျာ၊ အလေးတုံးတွေ၊ လေ့ကျင့်ခန်းဘောလုံးတွေနဲ့ တီဗီကို တစ်နေရာတည်းမှာပဲ စုထားပါ။ နေကာမျက်မှန်၊ ဦးထုပ်၊ လက်အိတ်၊ နားကြပ်၊ နေရောင်ကာခရင်မ်လို အပြင်ထွက်ရင် ယူသွားရမယ့်ပစ္စည်းတွေကို အိမ်အဝင်ဝက အံဆွဲထဲမှာစုထည့်ထားတာ အကောင်းဆုံးပါပဲ။။ ခန်းမမှာ လေ့ကျင့်ခန်းသွားလုပ်တတ်တဲ့သူဆိုရင် လေ့ကျင့်ခန်းအိတ်တစ်ခုထဲမှာ ရေချိုးခန်းသုံးပစ္စည်းတွေကို တစ်ခါတည်းစုထည့်ထားပါ။ ဒီပစ္စည်းတွေကို လျှော်ဖွပ်ပြီးရင်လည်း အားကစားခန်းမ သွားရင်ယူသွားမယ့် အိတ်ထဲကို ချက်ချင်းပြန်ထည့်ဖို့ အမေ့ပါနဲ့။


      ၃။ အာဟာရဓာတ်ပြည့်ဝစွာစားသုံးခြင်း
      ရေခဲသေတ္တာနဲ့ မီးဖိုချောင်ကိုရှင်းလိုက်ပါ – ဟင်းတစ်ခွက်လုပ်ဖို့အတွက် ပါဝင်ပစ္စည်းတွေအများကြီးကို ရှာဖွေနေရတယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဟင်းလျာကိုဖန်တီးဖို့ အချိန်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ လွယ်ကူပြီး အာဟာရဓာတ်မပြည့်ဝတဲ့ဟင်းလျာတွေကိုပဲ ရွေးချယ်ချက်ပြုတ်မိသွားပါလိမ့်မယ်။ ဒါကြောင့်ရေခဲသေတ္တာထဲမှာ ပစ္စည်းတွေအများကြီးနဲ့ ရှုတ်ထွေးမနေပါစေနဲ့။ မကောင်းတော့တဲ့ အစားအသောက်တွေကို လွှင့်ပစ်လိုက်ပြီးရင် ကျန်တဲ့ပစ္စည်းတွေကို ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ အသားငါး၊ ဟင်းအရသာဖြည့်စွက်ပစ္စည်းတွေနဲ့ မနက်စာဆိုပြီး အမျိုးအစားခွဲခြားထားလိုက်ပါ။ ကိုယ်အများဆုံးစားတတ်တာက ဟင်းသီးဟင်းရွက်သုတ်တွေဆိုရင် အသုတ်ထဲမှာထည့်မယ့်ပါဝင်ပစ္စည်းတွေကို လင်ဗန်း သို့မဟုတ် ခြင်းငယ်တွေထဲမှာ တခါတည်း ထည့်ထားလိုက်ပါ။ အလားတူပဲ ဆန်းဒွစ်ရှ်နဲ့ အသီးဖျော်ရည်တွေအတွက်လည်း ထည့်မယ့် ပစ္စည်းတွေကိုတစ်အုပ်စုစီသီးသန့် ခွဲခြားထားလို့ရပါတယ်။


      ကျန်းမားရေးနဲ့ မညီတာတွေကို လွှင့်ပစ်လိုက်ပါ – ကိုယ့်ကိုဖျားယောင်းနေတဲ့ အရာတွေများနေရင် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို ရွေးချယ်ရခက်သွားပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ရည်မှန်းချက်နဲ့ မကိုက်တဲ့ အစားအသောက်တွေကိ တခါတည်း စွန့်ပစ်လိုက်ပါ။ အဲဒီထဲကမှ စားလို့ရသေးတဲ့ ပစ္စည်းတွေကို လုံးဝလွှင့်ပစ်တာမျိုးမဟုတ်ဘဲ မရှိဆင်းရဲသားတွေအတွက် လှူဒါန်းလိုက်ပါ။ အဖုံးဖွင့်ထားပြီးပေမယ့် သက်တမ်းကုန်သွားတဲ့ အစားအသောက်တွေဆိုရင်တော့ ဘူးခွံတွေသုံးလို့ ရသေးရင် ပြန်သုံးပါ။
      ဈေးဝယ်တဲ့ အလေ့အကျင့်ကို ပြင်ပါ – ပစ္စည်းတွေကို တခါတည်းဝယ်တဲ့အခါ အပိုရအောင် တခါတည်း စုပြီးဝယ်လေ့ရှိတဲ့အကျင့်က တကယ်ရော အသုံးဝင်ရဲ့လား။ တကယ်ချွေတာရာ ရောက်ပါရဲ့လား။ အများကြီးဝယ်ထားပြီးမှ သက်တမ်းကျော်သွားလို့ စားလို့မရတော့တဲ့ အစားသောက်တွေပုံနေမယ်ဆိုရင် တစ်ခါတည်းနဲ့ အများကြီးဝယ်တတ်တဲ့အကျင့်က ဘာအဓိပ္ပာယ်မှ မရှိတော့ပါဘူး။ ဥပမာ- ဆလက်ရွက် ၅ ပေါင်ကို ၅ ဒေါ်လာနဲ့ ဝယ်လာပြီး ၂ ပေါင်လောက်ပဲ ကုန်အောင်စားနိုင်မယ်။ ကျန်တဲ့ဟာက နွမ်းသွားမယ်ဆိုရင် ၂ ပေါင်ကို ၃ ဒေါ်လာနဲ့ ဝယ်လိုက်တာက အကောင်းဆုံးပါပဲ။ ကိုယ့်ရေခဲသေတ္တာထဲမှာ နေရာချွေတာရာရောက်သလို ပိုက်ဆံလည်း ချွေတာပြီးသားဖြစ်သွားပါလိမ့်မယ်။
      ၄။ အားလပ်ချိန်
      ရှုပ်ပွနေတာတွေကို ရှင်းဖို့ အချိန်ပေးပါ – စိတ်ပျော်ရွှင်မှုအတွက် ကိုယ့်အတွက်ကိုယ်သီးသန့်အချိန်ပေးသင့်တယ်ဆိုပေမယ့် တကယ်တမ်းအချိန်ဆိုတာ ရှာဖွေဖို့ အရမ်းခက်ခဲပါတယ်။ ကလေးတွေ ငယ်သေးရင် ပိုဆိုးပါတယ်။ အဲ့ဒီကြားကမှရတဲ့ ရှားရှားပါးပါးအချိန်လေးမှာ ကိုယ်ဘာလုပ်မယ်ဆိုတာ သေချာစဉ်းစားပါ။ အိမ်ရှင်းမှာလား။ လေ့ကျင့်ခန်းလုပ်မှာလား။ စာအုပ်ဖတ်မှာလား။ ဈေးဝယ်ထွက်မှာလား။ အချိန်မဖြုန်းမိအောင် ရွေးချယ်နေတဲ့ကြားကပဲ ဘာမှမလုပ်လိုက်ရဘဲ အချိန်ကုန်သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ ကိုယ်အားတဲ့အချိန်တွေကို ပြက္ခဒိန်ပေါ်မှာ သေချာရေးချလိုက်ပါ။ အဲ့ဒီအချိန်မတိုင်ခင် ဘာလုပ်မယ်ဆိုတာကို အပြီးစဉ်းစားပါ။ အဲဒီလိုမှပဲ ဖြစ်နိုင်ခြေတွေနဲ့ အချိန်ကုန်မသွားတော့မှာပါ။


      အိမ်ထဲမှာ ရှုပ်ထွေးနေတာကြောင့် ကိုယ့်အားလပ်ချိန်မှာ အပန်းမဖြေနိုင်ဘူးဆိုရင် ဒီအားလပ်ချိန်မှာပဲ ရှုပ်နေတာတွေကိုရှင်းပစ်လိုက်ပါ။ ရှင်းလင်းတယ်ဆိုတာ လူပင်ပန်း၊ စိတ်ပင်ပန်းတဲ့အပြင် အချိန်လည်းပေးရတာကြောင့် ဖြည်းဖြည်းချင်းပဲ လုပ်သွားပါ။ ကိုယ့်ပစ္စည်းတွေကို လွှင့်ပစ်မလား၊ သိမ်းထားရမလားဆိုတာ တစ်ရက်ကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ဆုံးဖြတ်နိုင်တယ်ဆိုရင်တောင် အခြေအနေကောင်းနေပါပြီ။ တစ်ခါတစ်လေ ရုပ်ပိုင်းဆိုင်ရာရှင်းလင်းမှုက စိတ်ရှုပ်ထွေးမှုတွေပါ ဖြစ်လာတတ်ပါတယ်။ ရှုပ်နေတာတွေကို ရှင်းပြီးပြီဆိုရင် ကိုယ့်အတွက် သီးသန့်အပန်းဖြေဖို့ အချိန်ထပ်ပေးပါ။ တစ်ယောက်တည်းရှင်းလင်းရခက်နေတယ်ဆိုရင် နေအိမ်တွင်းမှာ စီမံခန့်ခွဲပေးတဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက် ငှားရမ်းနိုင်ပါတယ်။ ဒီလိုပညာရှင်တွေက ကိုယ့်ရည်မှန်းချက်အတိုင်းလည်းဖြစ်အောင်လုပ်ပေးနိုင်တယ်။ ကိုယ့်ဆုံးဖြတ်ချက်ကိုဝင်မစွက်ဖက်ဘဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်အောင် လမ်းညွှန်နိုင်တယ်။ ကိုယ့်ရဲ့နေ့စဉ်လူနေမှုဘဝပုံစံအတွက် သီးသန့်နေရာလေးတွေလည်းဖန်တီးပေးနိုင်ပါတယ်။ နောက်ပြီး အတူတူပူးပေါင်းလုပ်ဆောင်ခြင်းက ပန်းတိုင်ကို မြန်မြန်ရောက်စေပါတယ်။

      Download eBook version as a FREE!

      လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်