ရန်ကုန် ဝါဆိုဦး
(၁)
တော်ပါသေးသည်။
အိမ်ရှေ့မှာ အုတ်နီရောင် လေးထပ်တိုက် အိမ်ရာရှိသည်။အိမ်ဘေးမှာလည်း လေးထပ်အိမ်ရာဟောင်း အချို့နှင့် အိမ်နောက်ဘက်မှာ နှစ်ထပ်မူလတန်းကျောင်းလေးရှိသည်။ ဝန်းကျင်တခို ကောင်းကင်တွင် ပြန့်ပြန့်ပြူးပြူးရှိနေသေးသည်။
စီးပွားရေးမြို့တော်ကြီးဧ။် ကောင်းကင်သည် ပြာလဲ့လဲ့မဟုတ်ပေ။ ငိုမဲ့မဲ့၊မှုန်မှုန်ရီရီ၊ အပြာတော့အပြာ၊ ကြည်ပြာလဲမဟုတ်။ နီလာလည်း မဟုတ်။ ခရမ်းပြာ မဟုတ်။ ပြာပြာမှိုင်းမှိုင်း၊ ရီရီဝေဝေ။ ညိုမှောင်ပြာရီ။ တိမ်ပလီ။
ဂေါ်ဂင်ရဲ့ အပြာ။
ပီကာဆိုရဲ့ အပြာ။
ပေါ်ဦးသက် အပြာ။ ခင်မောင်ရင် အပြာ၊ ဝင်းဖေ အပြာ။
ရှေးက သီချင်းလေးတစ်ပုဒ် ကျော်ကြားဖူးသည်။
‘တိမ်ပြာပြာ နေ့တစ်နေ့ Sunday မှာကွယ်’ . . .တဲ့။ တိုက်တိုက်ဆိုင်ဆိုင် . . .သည်နေ့ တနင်္ဂနွေ။ တိမ်ပြာပြာ ရန်ကုန်။ စီးပွားရေးမြို့တော် ရန်ကုန်။
‘ရန်ကုန်’က ‘ရန်ကုန်’ ပါပဲ . . . ။
‘စင်ကာပူ’နဲ့တူဖို့ မလိုပါဘူး။ ‘ဟောင်ကောင်’နဲ့တူဖို့ မလိုပါဘူး။ သည်လိုပဲ . . .တွေးထင်မိသည်။
ဒီမှာ
ဟောဒီမှာ
ရန်ကုန်အစွန် ငမိုးရိပ်ချောင်းစပ်နားက
ထားပါ
လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့
လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။
(မျှော်လင့်ခြင်း ထမင်းသိုးများ-မောင်ချောနွယ်)
ဟော . . .ပြောရင်းဆိုရင်း . . .။
ခရမ်းနုရောင် မိုးရေစက်ကလေးတွေ တဖွဲတဖွဲကြွေလို့။
မိုးရွာပါပြီ။
သိပ်မကြာပါ။ ပြောရင်းဆိုရင်း မိုးစဲသွားသည်။ ဟော . . .ရွာပြန်ပါပြီ။ ဟော . . .တိတ်သွားသည်။ အဲဒါ . . .ရန်ကုန်မိုးပဲဖြစ်သည်။

(၂)
သည်တစ်နေ့တော့ . . .
ကိုနေဝင်းရေးတဲ့ ကိုခိုင်ထူးသီဆိုတဲ့ “ ခတ္တာ” ကိုလွမ်းမိပြန်ပေါ့။ “ သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ခတ္တာရေ ” . . .တဲ့။ ခတ္တာ . . .ခတ္တာ . . .။
(၃)
မိုးဦးလေဦးမှာ လျှပ်စီးလျှပ်နွယ်တွေ လင်းလက်တတ်သည်။ ထစ်ချူန်းမိုးတွေ သဲကြီးပြီး ရွာသွန်းတတ်သည်။ မိုးသီးလည်း ကြွေကျနိုင်သည်။ မိုးကြိုးလည်း ပစ်နိုင်သည်။ ရေကြီးရေလျှံတာလည်း မကြာမကြာဖြစ်တတ်သေး။ ဆိုင်းဘုတ်ကြီးတွေ၊ သစ်ပင်သစ်ကိုင်းတွေ အလဲလဲအပြိုပြို ဖြစ်နိုင်သည်။
ဓာတ်ကြိုးတွေပြုတ်ကျ။ ပျက်ကျ။ ဓာတ်လိုက်နိုင်သည်။
ရှင်သန်ခြင်းမှာလည်း အကြောက်တရားတွေက ရှိနေသေးသည်။ အိမ်က “ ရှင်မ” က မိုးတွေသဲကြီးမဲကြီးရွာလျှင် ကြောက်တတ်သည်။ လျှပ်စီးလက်လျှင်လည်းကြောက်သေး။ မိုးချုန်းလျှင်တော့ နေစရာကို မရှိ။ အကာအကွယ်နေရာလေးတွေမှာ ခိုပုန်းနေတတ်သည်။ ပျိုမျစ်စအရွယ်ကဆိုရင်တော့ “ ဖက်ထားစမ်းပါ အချစ်ရယ်” . . .လို့ ပြောဖြစ်မည်လားမသိ။
မိုးတွေသည်းလျှင် နဂိုထက် အလုပ်တွေ ပိုမိုရှုပ်ယှက်ခပ်ကုန်သည်။ နံပါတ်တစ် . . .
မီး(လျှပ်စစ်)ပျက်မည်။ မီးပျက်လျှင် “ အင်ဗက်တာ” ပာင်းတပ်ရသည်။ ခဏနေတော့. . .ကိုရွှေမိုးက ပြန်လာသည်။ သည်တော့တခါ. . .အီးပီစီလိုင်း ပြောင်းရပါသည်။လူကသည်းခံနိုင်သော်လည်း
ကွန်ပျူတာတွေက သည်းမခံနိုင် “ တီတီ..တီတီ” ထအော်မြည်သည်။
(သည်းခံပါ. . .ကွန်ပျုတာတို့ရေ. . .)။ မီးပျက်လျှင် စိတ်မပျက်ဖို့လိုသည်။
ဖွင့်ထားသော ပြတင်းရွက်တွေ ပိတ်ရသေးသည်။ ဝရန်တာမှာလှန်းထားသော အဝတ်ရှိလျှင် ရုပ်သိမ်းရသေးသည်။ တကယ့် တကယ် မိုးတွေ အလွန်သည်းလျှင်တော့ “ မောင်ငိုမယ် မိုးသည်းထဲမှာ” ဖစ်တတ်သည်။ အလူမီနီယံ ပြတင်းပေါက်တွေက မိုးရေစိမ့်တတ်သည်။
စိမ့်ပြီးလျှင် မပြီးသေး၊ နံရံမှတဆင့် ကြမ်းခင်းတွေပေါ်ကျကုန်သည်။ အဲဒါမှ. . . “ ဒုက္ခစစ်စစ်နဲ့ ကြုံတွေ့ရခြင်း” ဖြစ်သည်။ ကျွန်းပါကေးဆိုရင်တော့ ခံနိုင်ရည် အသင့်အတင့်ရှိသည်။ ပေါလစ်တော့ ကွက်နိုင်သည်။ ကိုရီးယားပါကေးခင်း ဆိုရင်တော့ “ ကြွ” ပီ။ ပျက်စီးပြီ။
လွန်ခဲ့သောရက်သတ္တပတ်က ဖြစ်သည်။ နေ့ခင်းနေ့လယ် ထမင်းစားနားချိန်မှာ ရန်ကုန်မိုး. . . အညိုးကြီးစွာ ရွာသွန်းချသည်။ မြို့တော်ခန်းမနား ရေတွေကြီး၊ မင်္ဂလာတောင်ညွှန့် ရေတွေကြီး၊ ယုဇနပလာဇာရှေ့နားတွေ ရေကြီးကုန်သည်။ လှေစီးသွားရမည့်ကိန်း ဆိုက်သွားသည်။
သည်ရေကြီးသည့် ဒဏ်ကို ရှစ်လွှာ ဒိုင်းမွန်းကွန်ဒို ကမာရွတ်က အခန်းတခန်းမှာလည်း ခံစားရသည်။
ရင်မှာ တရှိုက်ဖြစ်သည်။ နောက်ဖေးဝရန်တာ ရေဆင်းပိုက်ပိတ်ဆို့ပြီး တစ်အိမ်လုံးရေတွေ ဝင်ကုန်ခြင်းဖြစ်သည်။ ဧည့်ခန်းဆောင်၊ အိပ်ခန်းနှစ်ခန်း၊မီးဖိုချောင်၊ရေချိူးခန်း၊အိမ်သာများပါမကျန် ရေပြင်ကြီးဖြစ်သွားသည်။ အခန်းပိုင်ရှင်မှာ ကျွန်တော်ပင်ဖြစ်í ရင်ခုန်နှုန်းတွေမြန်သွားသည်။
သွေးတွေတိုးချင်လာသည်။ အိမ်ရာပြင်ထိန်းဌာနမှ ဝန်ထမ်းကတော့ အားပေးရှာသည်။
အခြားအခန်းတွေလည်းသည်လို ရေကြီးရေလျှံမှု ပြဿနာများ ကြုံဖူးသတဲ့. . .။
မရှိခြင်းသည်လည်း ဒုက္ခ္ခ္ခ္ခပင်ဖြစ်ကြောင်း နှလုံးသွင်းရသေးသည်။
မိုးရွာရင် မိုးရေချိုးမယ်. . .
ဖေဖေလာရင် အုန်းသီးခွဲစားမယ်
ကိုင်ဇာတို့လိုပဲ ကျွန်တော်တို့လည်း ငယ်ငယ်က ‘မိုး’ သီချင်းတွေသီဆို ဟစ်ကြွေးခဲ့ကြသည်။ မိုးရွာထဲမှာ ဘောလုံးကန် ကြသည်။ ၄ရ လမ်းမှာ ဘောလုံးကန်ကြသည်။ မိုးရွာပြီးရင် လမ်းမပေါ်မှာ ရေတွေလည်း မရှိ။
အမှိုက်သရိုက်လည်း မရှိ။ ဗွက်မရှိ။ ညစ်ထေးသောရေများ မရှိ။ ရေစီးရေလာ ကောင်းမွန်သေးသည်။ လူဦးရေလည်း သည်လောက်မများသေးပေ။ အထက(၅)ဗိုလ်တထောင်မှာ ရှစ်တန်းတစ်နှစ်၊
အထက(၆)ဗိုလ်တထောင်မှာ ကိုးတန်း၊ ဆယ်တန်း နှစ်နှစ် ကျောင်းနေဖူးသည်။ ကလေးဘဝနေရက်တွေက စိမ်းမြနေသေးသည်။ လတ်ဆတ်နေသေးသည်။ ပျော်ရွှင်စွာ၊ လွတ်လပ်စွာပင် ဖြတ်သန်းခဲ့ရသည်။ အနော်ရထာလမ်းမပေါ်က ကိုလိုနီအငွေ့အသက် အထက်တန်းကျောင်းများကိုတော့ ယခုတိုင် လွမ်းရပါသေးသည်။ ခရစ်နှစ် (ဗိုလ်မြတ်ထွန်းလမ်း)က ပိတောက်၊ စိန်ပန်းတိ်ု့သည် ကျွန်တော်တို့အတွက် ကဗျာတပုဒ်၊ နှစ်ပုဒ်ဖြစ်ခဲ့ရသည်။ သိမ်ဖြူလမ်းက ခရေတန်းသည်လည်း တေးတပုဒ်ဖြစ်ခဲ့ရသည်။
ဝါဆိုဝါခေါင် ရေတွေကြီးလို့. . .
သပြေသီးမှည့်ကောက်စို့ကွယ်. . .တဲ့။
ကလေးဘဝက ဆိုဖူးသော တေးတချို့ဖြစ်သည်။ ရှေးက ‘ဝါဆိုဝါခေါင် ရေဖောင်ဖောင်. . . ’။ ဝါဆိုဝါခေါင်မှ ရေကြီးရေလျှံ ဖြစ်တတ်သည်။ ခုများတော့…သဘာဝပတ်ဝန်းကျင် ပျက်ယွင်းလာသည်။ ကဆုန်နယုန် လများမှာလည်း ရေကြီးရေလျှံမှုတွေ ခဏခဏ ကြားနေရသည်။ ဗိုလ်မြတ်ထွန်းလမ်းမှာ ရေကြီးသည်။ မဟာဗန္ဓုလလမ်းမှာ ရေကြီးသည်။ အနော်ရထာလမ်းမှာ ရေကြီးသည်။ တကယ်တော့ ‘ မိုးမကျမီ မြောင်းဖော်ထား ’ သင့်သည်။ မြို့တော်စည်ပင်က ရေစီးရေလာ ကောင်းအောင်လို့ ကြိုးစားတော့ ဆောင်ရွက်ရသည်။ စီမံအုပ်ချုပ်သူများက Master Plan ရေးဆွဲပြီး လုပ်ဆောင်မည်ဟု ပြောဆိုဖူးသည်။

(၄)
တစ်နှစ်တွင် ၁၂ လရှိသည်။ ၁၂ လကို တစ်လစီ ဝိသေသရေးပြုပြီး ခေါ်ဝေါ်တာရှိသည်။ ၄ လစီခွဲခြား ဥတုသုံးဟု ခေါ်တာလည်းရှိသည်။ ဗေဒင် ပညာရှင်တွေကတော့ ၂လစီခွဲခြားပြီး ဥတု ၆ ပါးဟုခေါ်သည်။ ဥတုသုံးလီမှာ ဂိံမန္တ (နွေဥတု) တပေါင်းလပြည့်ကျော် တရက်မှ ဝါဆိုလပြည့်နေ့အထိ၊ ဝသန္တ(မိုးရာသီ)ဝါဆိုလပြည့်ကျော်တစ်ရက်မှ တန်ဆောင်တန်မုန်းလပြည့်နေ့အထိ၊ ဟေမန္တ (ဆောင်းဥတု) တန်ဆောင်မုန်းလပြည့်ကျော်မှ တပေါင်းကျော်တစ်ရက်မှ တပေါင်းလပြည့်ကျော်တစ်ရက်အထိ ဖြစ်သည်။
ဥတု ၆ ပါးမှာ နေ၊လ၊ နကတ်တို့၏ လှည့်ပတ်သွားလာသည့် အနေအထားအရ ခွဲခြားသတ်မှတ်ခြင်းဖြစ်သည်။
သတိရ-သတိရ ရတု၊ နိန္ဒြ-ဝသန္တရတု၊ ဂိံမန္တ-ဟိန္ဒရတု၊ ဝသန္တ-ဝဿနရတု၊ သာရဒ-ရသဒရတု၊ မောမ- ဟေမန္တ ရတု တို့ဖြစ်သည်။
ရှေးက ဝါဆိုကို မြွယ်တာ ၊ တော်သလင်းကို သစ်ဆင်း၊ သီတင်းကျွတ်ကို သံတူလို့ခေါ် ကြသည်။ မိုးသည် တဖွဲဖွဲရွာတတ်သလို ရံဖန်ရံခါ သဲကြီးမဲကြီး ရွာတတ်သည်။ အဆိုတော် စိုင်းထီးဆိုင်ကတော့ ‘သေအောင်သာရွာပါမိုး’ . . .လို့ အော်ဆိုဖူးသည်။ စိုးပိုင်ကတော့ ‘မောင်ငိုမှာ မိုးသည်းထဲမှာကွယ်’. . .လို့ လွမ်းလွမ်းဆွတ်ဆွတ် ကြွေကြွေကွဲကွဲဆိုဖူးသည်။ ဂျေညီညီကလည်း ‘ဒီမိုး’ဆိုပြီး တိုးတိုးညှင်းညှင်း။ မိုးရွာပုံက အဆန်းသား၊ တစ်ခါနဲ့တစ်ခါ မတူ၊ တစ်လနဲ့တစ်လ မတူ။ စာဆိုရှိသည်။
ဝါဆိုတကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။
ဝါဆိုတကြောင်း၊ ထနောင်းကြောင်ခြစ်၊ဆူးရစ်ပွင့်သာ၊ မိုးမရွာ ရွာပါသော်လည်း၊မိုးမသည်း။
တော်သလင်း တိမ်ညို၊ စဖိုဆင်းရဲ၊ မိုးမစဲ။
သီတင်းကျွတ်တွင်၊ ပလ္လင်ဆေးမိုး၊ ရွာသွန်းဖြိုး။
တန်ဆောင်မုန်းအတွင်း၊ ဆီးနှင်းတပြိုက်၊ မိုးတလိုက်။
၁၂လရာသီတွင် လစဉ်ပွဲတော်များ ကျင်းပလေ့ရှိသည်။ ရှေးကတော့ အုပ်ချုပ်သူဘုရင်ကိုယ်တိုင် ကြီးမှူးကျင်းပလေ့ရှိသည်။ တန်ခူးလ နှစ်သစ်ကူး၊ ကဆုန်လ …ညောင်ရေသွန်း၊ နယုန်လ …စာပြန်ပွဲ၊ ဝါဆိုလ …ရဟန်းခံ။
မြန်မာလများဖြစ်ပေါ်လာရပုံ အကြောင်း အရင်းမြစ်အတိအကျရှိကြသည်။ အကြောင်းအရာ တစ်စုံတစ်ရာကို အခြေပြု၍ ခေါ်တွင်ခြင်းဖြစ်သည်။ လတိုင်းတွင် ဝိသေသများ ရှိကြသည်။
ဝါဆိုလ
ဝါ-မှာ ဝါသ-ဟူသော ပါဠိမှ လာသည်။ နေခြင်းဖြစ်သည်။ ဆို-မှာ ရွတ်ဆိုသည့် အဓိပ္ပာယ်ရှိသည်။ ရဟန်းတော်များ မိုးသုံးကာလပတ်လုံး ကျောင်း၌ သိတင်းသုံးပါမည်ဟု ရွတ်ဆိုကတိနေသောလဖြစ်သည်။ ရှေးက ဝါဆိုလကို “ မြွယ်တာလ” ဟုခေါ်ရာ “ မြွက်” မှာ လယ်မြေဖြစ်၍ “ တာ” မှာ တိုင်းတာခြင်းဖြစ်သည်။ “ လက်ခြေတိုင်းတာသော” ဟု အဓိပ္ပာယ်ရရှိသည်။
ဝါဆိုလ၏ပွဲ၊ ပန်း၊ နက္ခတ်တာရာနှင့် ရာသီရုပ်ပုံများမှာ. .ကရကဋ် ရာသီ၊ ဝါဆိုလ၊ ပဉ္စင်းခံပွဲသဘင်၊ ဓမ္မစကြာခါတော်သဘင်၊ အလောင်းတော် သန္ဓေတည်သောလ၊ တောထွက်သောလ၊ ပုန်းညက်ပန်း၊ အာသဋ္ဌိခေါ် ဥတ္တရာ သန်နက္ခတ်နှင့် စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ပုစွန်လုံး ကဏန်း သတ္တဝါပုံ။ ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့အဖြစ် သတ်မှတ်ထားသည်။ သက္ကရာဇ် ၁၀၃ ဝါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာနသီပြည် မိဂဒါဝုန်တောတွင် ပဉ္စဝဂီ္ဂငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့သည်။ ‘သန္ဓေ-တောထွက်-ဓမ္မစက်- ဟောမြွက်လဝါဆို’ ဟု ဝါဆို-ဝါလ ဝိသေသကို ဆိုစမှတ်ပြုသည်။ ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရားအလောင်းတော် သန္ဓေတည်သည်။ ထိုနေ့မှာပင် တောထွက်တော်မူသည်။ ထိုနေ့မှာပဲ ဓမ္မစကြာတရားတော်ထူးဟော်ကြားတော်မူသည်။ ဝါတွင်းကာလအတွင်း ရဟန်းတော်များဝါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ဖြစ်သည်။ အကြောင်းမှာ-မြတ်စွာဘုရား ရာဇဂြိုလ်ပြည် ဝေဋုန်ကျောင်းမှာ သီတင်းသုံးစဉ်က ဖြစ်သည်။ ထိုစဉ်က ရဟန်းတော်များ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီ ခရီးသွားလာနေကြသည်။ မိုးလရာသီ သွားလာကြရာ ပြည်သူများစိုက်ပျိုးထားသော သီးနှံများကိုနင်းမိသည်လည်းရှိခဲ့သည်။ ထိုအခါ သီးနှံများပျက်စီးရသည်။ ပြည်သူများက မိုးကာလမှာ အယူလွဲမှား မိစ္စာဒိဋ္ဌိများပင် ခရီးသွားကြ၊ ဌက်များအသိုက်မပြောင်း၊ ရဟန်းများကား နွေမိုးမရှောင် ခရီးသွားလျက် အများပြည်သူစိုက်ပျိုးထားသော သီးနှံများနင်းချေမိနေသည်ဟု အပြစ်တင်ပြောဆိုကြလေသည်။ ဤသည်ကိုအကြောင်းပြု၍ မြတ်စွာဘုရားက ဝါတွင်းကာလပတ်လုံး ရဟန်းတော်များ ညဉ့်အိပ်ညဉ့်နေ ခရီးမထွက်ရန် ပညတ်တော်မူခဲ့ ခြင်းဖြစ်သည်။
ကာလမှာ ဝါဆိုလပြည့်ကျော်တစ်ရက်မှ သီတင်းကျွတ် လပြည့်နေ့အထိဖြစ်သည်။ ဝါတွင်းအတွင်း ဝါပန်၍ ညဉ့်အိပ်ညဥ့်နေ ၇-ရက်ကျော်
၍မသွားနိုင်ပေ။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့တွင် ဝါဆိုပန်းကပ်ခြင်းနှင့်ဝါဆိုသင်္ကန်း ကပ်လှုပူဇော်လေ့ရှိကြသည်။

(၅)
မိုးရေစက်တွေက အနော်ရထာလမ်းမကြီးပေါ်ကျသည်။
မိုးရေစက်တွေက စိမ်းမြသော သစ်ရွက်ကလေးတွေပေါ်ကျသည်။
မိုးရေစက်တွေက ဖဆပလရပ်ကွက်ကြီးပေါ်ကျသည်။
မိုးရေစက်တွေက စီးပွားရေးမြို့တော်ကြီးပေါ်ကျသည်။
မိုးရေစက်တွေက . . .
မိုးရက်စက်တွေက. . .
မိုးရေစက်တွေက မေတ္တာမိုးဖြစ်နိုင်သည်။
မိုးရေစက်တွေက သစ္စာမိုးဖြစ်နိုင်သည်။
မိုးရေစက်တွေက အကြင်နာမိုးလည်းဖြစ်နိုင်သည်။
မိုးရေစက်တွေက အိမ်ခေါင်မိုးတွေပေါ်ကျသည်။ အိမ်ခေါင်မိုးတွေက အမျိုးမျိုး။ အုတ်ကျွတ်မိုး၊ သွပ်မိုး၊ ဓနိမိုး၊ သက္ကယ်မိုး။ မိုးလုံလေလုံ ဖြစ်နိုင်သလို၊ မိုးရေယိုစီးတာလည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ်. . .ခေါင်မိုးကတော့ မိုးလုံဖို့ အရေးကြီးသည်။