Month: May 2018

ကယ်လီဖိုးနီးယားမှသက်ရှိနံရံဆေးရေးပန်းချီ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ အမရာ မှ
May 20, 2018 နေ့
အိမ်တွင်း အလှဆင် နည်းလမ်းများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

ကယ်လီဖိုးနီးယားမှသက်ရှိနံရံဆေးရေးပန်းချီ


ဓာတ်ပုံကိုကြည့်လိုက်တာနဲ့ ပရောဂျပ်တစ်ခုလုံးပြီးစီးဖို့အတွက် မျက်နှာပြင်နှစ်ဘက်လုံးကိုအသုံးပြုဖို့လိုအပ်မယ် ဆိုတာ Myanmar Home & Decor Magazine ပရိတ်သတိတို့ကို ဗဟုသုတဝေမျှပေးလိုက်ပါတယ်။  ရှု့မျှော်ခင်းဒီဇိုင်နာနဲ့ဒေါင်လိုက်နံရံအလှဆင်ကျွမ်းကျင်ပညာရှင်က သက်ရှိနံရံဆေးရေးပန်းချီကိုဘယ်လိုပုံဖော်ခဲ့တယ်ဆိုတာ ပြသပေးခဲ့ကြပါတယ်။


ပုံမှာမြင်တွေ့ရတာကအမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ် လာဂူနာကမ်းခြေကမျက်နှာပြင်နှစ်ဖက်သက် ရှိနံရံပဲဖြစ်ပါတယ်။ပေ ၃ဝ အလျားရှိပြီး ရ ပေမြင့်ပါတယ်။အိုဘာဂီအရေးပြားကျန်းမာရေးဆေးရုံနဲ့နေအိမ်ကိုပိုင်းခြားထားတဲ့ နံရံဖြစ်ပြီးတော့ ခြေနင်းကျောက်တုံးတွေပေါ်ကလျှောက်လာလိုက်တာနဲ့နံရံပေါ်ကသစ်ပင်တွေနဲ့ပုံဖော်ထားတာကို မြင် တွေ့ရမှာဖြစ်ပါတယ်။အစိမ်းရောင်နုနုလေးကနေအစိမ်းရင့်ဖြစ်သွားပြီးအဲဒီကနေမှတစ်ဆင့် ခရမ်းရောင်နဲ့လိမ္မော်ရောင် ဖြစ်သွားပုံအဆင့်ဆင့်ကို အနုပညာပန်းချီကားတစ်ချပ်လိုမြင်တွေ့ရမှာဖြစ်ပါတယ်။ခရမ်းရောင်ပန်းပင်တွေက အမေရိကန် Heucheraပင်တွေဖြစ်ပြီးတော့ အဲဒီအောက်ကမျိုးကွဲApteniaပင်ပါ။အဲဒီရဲ့အောက်မှာတော့ မဒူဆာဖန်းပင်ဖြစ်ပြီးတော့ အောက်ဆုံးကတော့ Muehlenbeckiaပင်ပါ။ထောင့်စွန်းကအရောင်အရင့်ဆုံးအပင်ကတော့ FicusElasticaDecoraပဲဖြစ်ပါတယ်။
နံရံပေါ်ကအရွက်တွေကအားလုံးတစ်ညီတည်းရှိနေတာမဟုတ်ဘဲတချို့အလွှာကအပင်တွေရဲ့အရွက်တွေကထိုးထွက်နေပြီးအရောင်နဲ့ပုံစံအနေအထားကလည်းမတူတာကြောင့် အနားကပ်သွားလေလှိုင်းတွေတက်လာသလိုဖြစ်နေတဲ့ခံစားချက်ကိုရလေလေပါပဲ။ဓာတ်ပုံမှာဆိုရင် အပင်တွေရဲ့အရွက်တွေကအရွယ်အစားမတူတဲ့အပြင် ပုံသဏ္ဍာန်လည်းမတူတာကို မြင်တွေ့ရမှာပါ။
အောင်မြင်စွာဖန်တီးနိုင်တဲ့သက်ရှိနံရံတစ်ခုမှာ အဓိကအစိတ်အပိုင်းသုံးခုပါဝင်ပါတယ်။စနစ်ရယ်၊ရွေးချယ်တဲ့အပင် ရယ်နဲ့ပြုပြင်ထိန်းသိမ်းမှုတွေပဲဖြစ်ပါတယ်။ဒီနေရာမှာအသုံးပြုထားတဲ့စနစ်က Seasons ထည့်သွင်းအပင်စိုက်စနစ်ပါ။အဲဒါ ကတော့ မြေကြီးအစားအဟာရဓာတ်ကြွယ်ဝတဲ့နေရာမှာအပင်စိုက်ပျိုးခြင်းပါ။

 ဒီနည်းစနစ်မှာမြေကြီးအစားAquafeltအပြားတွေကိုအသုံးပြုထားပါတယ်။အပင်တွေရဲ့အောက်မှာအလွှာပေါင်း များစွာပါဝင်ပြီးတော့ ပထမဆုံးအလွှာကအလူမီနီယံပြွန်ဂရစ်ကွက်ပါ။ ဒုတိယကပလတ်စတစ်ပြားဖြစ်ပြီးတော့ တတိယကတော့ ရေစိမ့်ဝင်နိုင်တဲ့သက္ကလတ်အပျော့စားပဲဖြစ်ပါတယ်။သက္ကလတ်စကမြေကြီးထက်အလုပ်လုပ်ဆောင်မှုပိုမိုကောင်းမွန်ပြီးအဟာရဓာတ်ကြွယ်ဝတဲ့ရေကိုလျင်မြန်စွာစုပ်ယူပေးတဲ့အပြင် အောက်ဆီဂျင်ကိုလည်းအမြစ်ဇုန်ထဲအထိရောက် အောင်ပို့ဆောင်ပေးပါတယ်။အပင်တွေရဲ့အမြစ်တွေဖြတ်သန်းဝင်ရောက်ဖို့ သက္ကလတ်စထဲမှာလေအလုံအလောက်ရှိတာကြောင့် သက္ကလတ်စနဲ့ဆိုရင် အမြစ်ကနံရံတစ်ခုလုံးကိုပျံ့နှံ့သွားနိုင်ပါတယ်။တခြားစနစ်တွေလိုအမြစ်ကိုပိတ်ပင်ထားဆီးထားတဲ့ပြဿနာမျိုးမရှိနိုင်ပါဘူး။
ပြုပြင်ထိန်းသိမ်းမှုအပိုင်းမှာအရေးကြီးတာက ပြဿနာတွေကိုသတိထားရှာဖွေဖို့ပါ။ဥပမာ-ညိုးနေတဲ့ဒေါင်လိုက် အပင်လိုင်းတစ်ခုကိုတွေ့ပြီဆိုရင် ထုတ်လွှတ်စက်မှာပိတ်ဆို့နေပြီဆိုတဲ့သဘောပါ။အပင်နံရံကကိုယ်ပိုင်ဂေဟစနစ်ကိုဖန် တီးနိုင်သွားပြီးအမြစ်တွေလည်းတွယ်သွားပြီဆိုတာနဲ့ အရင်ဆုံးတစ်ပတ်တစ်ခါစောင့်ကြည့်ပါ။ပြီးရင်တော့ တစ်ပတ်ခြား တစ်ခါစောင့်ကြည့်ပေးပါ။ရေပြန်လည်ပတ်တဲ့ကန်ထဲမှာအမှိုက်တွေရှိနေရင်လည်း ရှင်းပစ်ရမှာဖြစ်ပြီးတော့ ရေရဲ့ pH ကို အမြဲစစ်ဆေးပေးခြင်း၊လိုအပ်တဲ့အဟာရဓာတ်တွေကိုထပ်မံဖြည့်သွင်းပေးခြင်းတို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒီဇိုင်းမှာHeucheraပင်တွေကိုအမျိုးအစားအများကြီးအသုံးပြုထားပါတယ်။ဓာတ်ပုံထဲမှာအပင်နံရံကိုအတောက်ပဆုံးအနေအထားနဲ့မြင်တွေ့ရပေမယ့် ဆောင်းတွင်းမှာတော့ အပင်တွေကကျဲသွားတတ်ပါတယ်။ဒါပေမဲ့ Heucheraပင်တွေကတော့ တစ်နှစ်ပတ်လုံးအရွက်တွေဝေဆာနေတတ်ပါတယ်။နောက်တစ်ခုကမြေကြီးပေါ်မှာစိုက်တဲ့ အပင်တွေလိုပဲတချို့အပင်တွေကို အစားထိုးလဲလှယ်ပေးဖို့လိုအပ်ပါတယ်။မှိုနဲ့ပိုးကျခြင်းတို့ဖြစ်လာပြီဆိုရင် အပင်လေးတွေကိုလှဲလှယ်ပေးရမှာဖြစ်ပါတယ်။ အခုဆိုရင် ဖော်ပြထားတဲ့ သက်ရှိနံရံတစ်ခုကို မိမိအိမ်မှာ ရာသီဥတုနဲ့ကိုက်ညီတဲ့အပင်လေးတွေကို စိုက်ပျိုးရင်း Myanmar Home & Decor ပရိတ်သတ်ကြီး သာယာပျော်ရွှင်ဖွယ်အိမ်ဂေဟာလေးကို ပိုင်ဆိုင်နိုင်ကြပါပြီ။

Source – Internet, Photo – Internet

Copyright © Myanmar Home & Décor Magazine
For advertising – 09 9635 999 68

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

Sonora Stadium ရဲ့ ခမ်းနားခြင်းများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 19, 2018 နေ့
အခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

Sonora Stadium ရဲ့ ခမ်းနားခြင်းများ


နိုင်ငံတကာစံနှုန်းတွေအတိုင်းတည်ဆောက်ထားပြီး မက်စီကိုနိုင်ငံရဲ့ဂုဏ်ယူစရာတစ်ခုဖြစ်လာခဲ့တဲ့ Sonora Stadium အကြောင်းကို Myanmar Home & Decor Magazine ချစ်သူများကို ဝေမျှပေးချင်ပါတယ်။ Sonora Stadium ကို ဗိသုကာပညာရှင်ဖြစ်တဲ့ 3Arquitecturaက တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီကစားကွင်းကြီးက မက်စီကိုနိုင်ငံ Hermosillo မြို့မှာတည်ရှိပြီး ၂၀၁၃ခုနှစ်မှာတည်ဆောက်ပြီးဆုံးခဲ့တာဖြစ်ပါတယ်။
Sonora အားကစားကွင်းက El Colorado မီးတောင်ကိုယ်စားပြုဒေသရဲ့ iconographic element အဖြစ်ကျော်ကြားပြီး El Pinacate လို့ခေါ်တဲ့ ဇီဝထုကန့်သတ်ထားတဲ့နေရာမှာတည်ရှိပါတယ်။ မြို့အနေနဲ့ဆိုရင် တော့ Hermosillo မြို့ရဲ့အနောက်ဘက်ဂိတ်မှာတည်ရှိပါတယ်။ Sonora အားကစားကွင်းက Hermosillo မြို့ မှာရှိတဲ့ ‘Puerta Oeste’ မြို့သစ်ဖွံ့ဖြိုးတိုးတက်မူအတွက် ပထမဆုံးအဆောက်အဦဖြစ်ပြီး အဓိကကျတဲ့အရာ တစ်ခုပဲဖြစ်ပါတယ်။

 

ဒီအားကစားကွင်းရဲ့ဒီဇိုင်းက မေဂျာလိဂ်အဆင့်မီတယ်လို့ ဆောက်လုပ်နေစဉ်အချိန်ထဲက Arizona Diamond Backs နဲ့ MLB ကိုယ်စားလှယ် ဘုတ်အဖွဲ့ကအတည်ပြုခဲ့ပါတယ်။ ကစားကွင်းအတွင်းပိုင်း ဖွဲ့စည်း တည်ဆောက်ခြင်းနဲ့အတူ ကွင်းရဲ့အောက်ခြေမျက်နှာပြင်မှာလည်း နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်း အဆင့် မြင့်နည်းပညာပစ္စည်းတွေကိုအသုံးပြုပြီး ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ နောက် သဲ၊ ကျောက်စ ရစ်၊ ရွှံ့၊ မြက်ပင်၊ ရေနှုတ်မြောင်း ၊ ဆည်မြောင်းတွေကို တိကျစွာစုံစမ်းရှာဖွေပြီး ၎င်းတောင်စောင်းနဲ့ မျက်နှာပြင် ပေါ်မှာ ထိပ်ဆုံးအဆင့်ဘေ့(စ်)ဘောအားကစားအတွက် အကောင်းဆုံးအခြေအနေများလည်း ဖန်တီးခဲ့ပါတယ်။

ဒီအဆောက်အဦကြီးမှာဆိုရင် ပရိတ်သတ်ပေါင်း ၁၆၀၀ဝရဲ့အထူးလိုအပ်ချက်တွေကိုအပြည့်အဝပြု လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်၊ သီးသန့်ပြုလုပ်ထားတဲ့ထိုင်ခုံ၊ ဈေးသက်သာတဲ့အလူမီနီယံထိုင်ခုံနှင့် ပျမ်းမျှအ နေနဲ့ခန့်မှန်းခြေ ၁၅မိနစ်အတွင်း အလွယ်တကူကယ်ဆယ်ရေးအဖွဲ့လာရောက်နိုင်တဲ့လမ်းကြောင်း ဒီဇိုင်းများပါရှိပါတယ်။

Sonora အားကစားကွင်းက Caribbean စီးရီး၊ Classic ဖြစ်တဲ့ ကမ္ဘာ့ဘေ့(စ်)ဘော (သို့မဟုတ်) ဘော လုံးပွဲတွေမှာ မေဂျာလိဂ်အသင်းကိုလက်ခံကျင်းပနိုင်တဲ့အရည်အချင်းတွေရှိပါတယ်။ Sonora အားကစားကွင်း က နိုင်ငံမှာ နိုင်ငံတကာအရည်အသွေးမှီတဲ့အသွင်အပြင်တွေနဲ့အတူပေါ်ထွက်လာတဲ့ ပထမဆုံးမျိုးဆက်သစ် ဘောလုံးပန်းခြံဖြစ်ပါတယ်။
Sonora အားကစားကွင်းရဲ့ပုံစံအနေအထားကြောင့် Lobby Level ကနေ အစိမ်းရောင်ကွင်းပြင်ကို ပြတ်ပြတ်သားသား မြင်တွေ့ရပါတယ်။ဒါ့ကြောင့် အဝင်အထွက်တွေကိုလည်း အပေါ်ကနေတွေ့မြင်နိုင်သလို မော်နီတာကနေလည်းလှုပ်ရှားမူတွေနဲ့ ကစားပွဲရဲ့တိုးတက်မူတွေကိုလည်း အချိန်တိုင်းစောင့်ကြည့်နိုင်ပါတယ်။


အဓိကအဆောက်အဦဖြစ်တဲ့ Private Suites နဲ့ Events Area ရဲ့ထူးခြားချက်က မိုးကုတ်စက်ဝိုင်းပေါ် ကနေ မြို့ရဲ့ Skyline ကိုဘယ်နေရာကနေပဲဖြစ်ဖြစ်မြင်နိုင်တာဖြစ်ပါတယ်။ မြေအောက်ခန်းထဲမှာဆိုလည်း ဒေ သခံအသင်းရဲ့နေအိမ်ကို အနားယူနိုင်တဲ့နေရာ၊ massage ပြုလုပ်တဲ့နေရာ၊ GYM ကစားနိုင်တဲ့နေရာ၊ batting tunnel၊ ဝန်ဆောင်မူတွေရရှိနိုင်တဲ့နေရာ၊ ကားပါကင်နှင့် စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်နိုင်တဲ့နေရာတို့ကို အပြည့်အစုံထည့်သွင်းပြီးဆောက်လုပ်ထားတာဖြစ်ပါတယ်။
Sonora အားကစားကွင်းရဲ့နည်းပညာဆိုင်ရာပစ္စည်းကိရိယာတွေမှာ 17 x 14 မီတာရှိတဲ့ LED Screen lighting towers ၆ခုအတွက် MUSCO System၊ ပတ်ဝန်းကျင်ကိုလှည့်ပတ်သွားတဲ့ စွမ်းရည်စနစ်ပါဝင်တဲ့ Sound Circuit၊ မီဒီယာတွေထုတ်လွှင့်နိုင်ဖို့အတွက်နေရာငယ်တစ်ခု၊ နိုင်ငံတကာစံနှုန်းတွေနဲ့ပြုလုပ်ထားတဲ့ ဓါတ်ပုံရိုက်ကူးရန်နေရာတို့ပါဝင်ပါတယ်။

Sonora Stadium/ 3Arquitectura
Architects- 3Arquitectura
Location- Bulevar Luis Donaldo Colosio, Hermosillo, Son, Mexico
Project Area- 93624.0 m2
Project Year- 2013

Ref::: Archdaily
Photo : internet

Translated by Myanmar Home & Décor Magazine
For advertising – 09 9635 999 68

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar

မိုးရာသီကို ကြိုဆိုနေမယ့် အိမ်ကလေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
May 12, 2018 နေ့
ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ads

မိုးရာသီကို ကြိုဆိုနေမယ့် အိမ်ကလေး

——————————————–

 

           တစ်ပေါက်ပြီးတစ်ပေါက်ကျနေတဲ့ မိုးစက်လေးတွေရဲ့ ကိုယ်ပိုင်အသံ တစ်ဖျောက်ဖျောက်ကို အိမ်လေး ထဲကနေ ကြားနေရရင်း မွှေးပျံတဲ့သင်းရနံ့လေးက နှာခေါင်းဖျားမှာ ကြိုင်လှိုင်နိုးဆွနေတာကို သတိပြုမိလာခဲ့ တယ်။ မီးဖိုချောင်ထဲက ထွက်လာတဲ့ ကော်ဖီသင်းနံ့လေးကြောင့် အိမ်ပြင်မှာမိုးလေတွေနဲ့ အေးစက်စက်ဖြစ်နေ တာကနေ ချက်ချင်း ရင်ထဲထိနွေးထွေးသွားပြန်တယ်။ နှပ်ထားတဲ့ ကော်ဖီစက်ထဲက တထောင်းထောင်းထနေ တဲ့ အငွေ့တွေနဲ့အတူ ကော်ဖီနံ့လေးက တစ်အိမ်လုံးကို သင်းပျံ့ထုံလွှမ်းသွားတယ်။ ကော်ဖီတခွက်ကို စိတ်ကြိုက်သွားဖျော်လာခဲ့ပြီး ဧည့်ခန်းထဲပြန်ထွက်လာတော့ ဧည့်ခန်းပြတင်းပေါက်မှန်မှာ တသွင်သွင်စီးကျ နေတဲ့ မိုးစက်မိုးပေါက်တွေကို ကြည့်မိရင်း မိုးရာသီတောင် ရောက်ပြန်လာချေပြီပေါ့လို့ တစ်ကိုယ်တည်း မှတ် ချက်ချလိုက်မိတယ်။

မိုးရာသီမြင်ကွင်းနဲ့ပတ်သက်ပြီး သတိမထားဖြစ်ခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် ဒီ မိုးဦးအစလေးမှာ ရုံးပိတ်ရက်နဲ့တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာ တကိုယ်တည်းရှိနေတာမို့ အိမ်ပြင်က မိုးစက်မိုးပေါက်လေးတွေကို ဒီတစ်ခါမှာတော့ ရင်ထဲလှိုက်ခနဲဖြစ်သွားအောင်ကို အမြင်အာရုံနဲ့ အတွေးအာရုံတို့ တပြိုင်နက်တည်း ချိတ်ဆက် ခံစားမိလိုက်ပါတော့တယ်။ မိုးစက်မိုးပေါက်တွေ ဘယ်လိုပဲ တစ်သောသော ရွာသွန်းဖြိုးနေပေမယ့်လည်း ဟန် မပျက် ကော်ဖီလေးတစ်ခွက်နဲ့ ဧည့်ခန်းထဲ ဇိမ်ကျကျနှပ်နေနိုင်အောင် အဓိကအကာအကွယ်ပေးထားတဲ့ ကျေး ဇူးရှင်လေးက ကိုယ့်ရဲ့အိမ်လေးပါလားလို့ ဆက်စပ်တွေးမိသွားတယ်။ တကယ်တမ်း မုတ်သုံမိုးတွေ စတင် သွန်းဖြိုးရွာပြီဆိုတာနဲ့ မြေပြင်ပေါ်ကနေ ဆွတ်ပျံ့ကြိုင်လှိုင်ထွက်လာတဲ့ မြေသင်းနံ့လေးတွေက ခုနက ကော်ဖီ ခွက်ထဲက ကော်ဖီနံ့တွေကြား တချက်ချက် တိုးဝင်ရောနှောလာလို့ အေးမြတဲ့ရာသီနဲ့ နွေးထွေးတဲ့ခံစားချက်က ရောနှောယှက်တင်သွားပြန်တယ်။ သဘာဝနဲ့ ဆက်စပ်နေတဲ့ ခံစားချက်တွေကို ဒီအိမ်လေးထဲကနေပဲ အားပါး တရကြိုဆိုလိုက်မိပါတော့တယ်။ “ ကြိုဆိုပါတယ် မိုး…။ ”

မိုးရာသီနဲ့ ပတ်သက်လို့အိမ်လေးမှာ ကြိုတင်ပြင်ဆင်ထားနိုင်တာတွေ၊ မိုးရာသီလွန်ပြီးသွားရင်လည်း တစ်ရာသီလုံး ရွာသွန်းဖြိုးထားတဲ့ မိုးဒဏ်လေဒဏ်တွေကြောင့် ကိုယ့်အိမ်လေး အကြီးအကျယ်မပျက်စီးသွား စေဘဲ သက်တမ်းကြာရှည်ခံနိုင်စေမယ့်နည်းတွေလည်း အတွေးထဲ ဆက်စပ်မျောပါလာပြန်တော့တယ်။ တစ်နှစ်လုံးမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလရာသီလို့ သတ်မှတ်ရမယ့် မိုးအခါမှာ သက် ရောက်မှုအများဆုံးခံရတဲ့နေရာတွေက ခေါင်မိုးနဲ့ ဘေးနံရံတွေပဲဖြစ်ပါတယ်။         မိုးစက်တွေကြောင့် စိုထိုင်းဆတွေများလာတဲ့လေကြောင့် အိမ်ခန်းထဲက ပရိဘောဂတွေလည်း ထိခိုက်ပျက်စီးမှု အနည်းနဲ့အများရှိ တတ်ပါတယ်။ ပျက်စီးမှုတွေအကြီးအကျယ်ဖြစ်မသွားရေလေအောင် ကြိုတင်ကာကွယ်ထားတဲ့အခါ နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ရမယ့် စရိတ်စကတွေခြိုးခြံချွေတာပြီးသားလည်း ဖြစ်သလို လူပင်ပန်းလည်း သက်သာစေပါတယ်။ မိုးရာသီနဲ့ပတ်သက်ပြီး ကြိုတင်သတိပြုပြင်ဆင်ထားနိုင်မယ့် အချက်လေးတွေလည်း တစ်ဆက် တည်း စီတန်းပြီး သုံးသပ်မိပြန်တာကြောင့် စာဖတ်သူတွေလည်း ကိုယ့်လိုပဲ လုံခြုံလှပတဲ့အိမ်လေးထဲကနေ မိုးရာသီကို အားပါးတရ ကြိုဆိုနိုင်စေဖို့ ဒီနေရာမှာ ပြန်လည်ဝေမျှလိုပါတယ်။

ကြိုတင်စစ်ဆေးခြင်း

မိုးကျတော့မယ်ဆိုတာနဲ့ ကိုယ့်အိမ်လေးမှာ ဘာတွေယိုယွင်းစပြုနေသလဲဆိုတာ အသေအချာစေ့ငှ အောင် လိုက်လံစစ်ဆေးထားသင့်ပါတယ်။ နံရံတွေနဲ့ ကြမ်းခင်းတွေမှာ အက်ကွဲကြောင်းတွေရှိနေလား၊ ကြမ်း ခင်းကြွေပြားတွေပျက်စီးနေသလားကြည့်ထားပြီး မိုးအရွာ ရေစိမ့်ဝင်မလာစေဖို့ ကာကွယ်ပြင်ဆင်ထားရမှာပါ။

ယိုပေါက်များ

ခေါင်မိုးနဲ့ တံစက်မြိတ်တွေမှာ အက်ကြောင်းတွေနဲ့ မိုးရေယိုလာနိုင်စေမယ့် ယိုပေါက်တွေရှိမရှိကို ကြည့်ထားပါ။ အက်ကြောင်းတွေရှိနေခဲ့ရင် ရေခံသုတ်ဆေး (Waterproof Coating)သုံးပြီး ပြင်ဆင်ထား နိုင်ပါတယ်။ ခေါင်မိုးရေတံလျှောက်မှာ အမှိုက်တွေ၊ သစ်ရွက်ဆွေးတွေ ပိတ်ဆို့နေတာတွေကို ကြိုပြီး ဖယ်မ ထားမိဘူးဆိုရင်လည်း မိုးတွေဖြိုင်ဖြိုင်ရွာချတဲ့အခါ ရေတံလျှောက်မှာ ရေလျှံပြီး ခေါင်မိုးစပ်တွေကနေ ရေတွေ ယိုဝင်လာတတ်တာကိုလည်း သတိရပါ။

ဆေးသုတ်ခြင်း

အိမ်အပြင်ဘက်နံရံက မိုးဒဏ်လေဒဏ်အခံရဆုံးနေရာတွေဖြစ်ပြီး အိမ်ရဲ့ကြံ့ခိုင်မှုကို ထိခိုက်မသွားစေ ဖို့အတွက် မိုးမကျမီကတည်းက နံရံတွေပေါ် ဆေးတွေသုတ်ပြီး ကာကွယ်ထားပါ။ နံရံထဲမိုးရေစိမ့်ဝင်မှုမရှိစေ ဖို့လည်း အကောင်းဆုံးအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နံရံတွေပေါ် ရေတားဆေးတွေ၊ ရေခံသုတ်ဆေး တွေကို ရွေးချယ်သုတ်ထားပေးတာက မိုးရာသီအတွက် အသင့်လျော်ဆုံးသုတ်ဆေးရွေးချယ်မှုပဲဖြစ်ပါတယ်။

တံခါးများ

သတ္တုဘောင်ကွပ်တွေ၊ သံပန်းတွေပါတဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေမှာလည်း မိုးရေကြောင့်သံချေး တက်ပြီးမပျက်ဆီးရလေအောင် ဆေးပြန်သုတ်ပေးထားသင့်ပါတယ်။ သစ်သားတံခါးရွက်တွေနဲ့ သစ်သား ပြတင်းတံခါးရွက်တွေကိုလည်း သေချာမတပ်ထားဘူးဆိုရင် မိုးအခါပိုပြီး ပျက်စီးစေတတ်ပါတယ်။ မိုးရေတွေ သစ်သားထဲစိမ့်ဝင်တဲ့အခါ သစ်ထည်က ပွယောင်းလာတတ်တာမို့ သစ်ထည်ကို ပေါ်လစ်ဆီတိုက်တာတွေ၊ ဖ ယောင်းဆီတိုက်တာတွေ ဒါမှဟုတ် သင်္ဘောဆေးသုတ်တာတွေ ပြုလုပ်ထားသင့်ပါတယ်။

လျှပ်စစ်ဓာတ်ကြိုးများ

မိုးမတိုင်မီ အရေးအကြီးဆုံးပြင်ဆင်ထားသင့်တဲ့ထဲမှာ လျှပ်စစ်ဓာတ်ကြိုးတွေလည်း ပါပါတယ်။ မိုးရေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ အိမ်ပြင်ဘက်ခြမ်းက လျှပ်စစ်မီးခလုတ်ခုံတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းမှုတွေကို လျှပ်စစ်ကျွမ်းကျင်ပညာရှင်အကူအညီနဲ့ ကြိုတင်စစ်ဆေးပြင်ဆင်ထားပါ။ ရှော့ခ်မဖြစ်စေဖို့ မိုးရေလုံအောင်ဖုံး ထားသင့်တာတွေကို သေချာဖုံးပါ။ ပေါက်ပြဲနေတဲ့လျှပ်စစ်ဓာတ်ကြိုးတွေရှိရင် ချက်ချင်းပြင်ဆင်လဲလှယ်ထားပါ။

အင်းဆက်ကာကွယ်ခြင်း

မုတ်သုံမိုးနဲ့အတူ လိုက်ပါလာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ အဆိုးရွားဆုံး အင်းဆက်ပိုး မွှားအန္တရာယ်ကိုလည်း သတိပြုပါ။ ခြင်၊ယင်တွေသာမက ခြတွေ၊ ပုရွက်တွေကလည်း မိုးရှောင်တဲ့အနေနဲ့ အိမ် ထဲထိ ကျူးကျော်လာနိုင်ပြီး သူတို့လေးတွေကြောင့် အိမ်ကိုပျက်စီးစေတတ်ပါသေးတယ်။ အင်းဆက်တွေ အိမ် ထဲမရောက်လာစေဖို့ စောင့်ကြည့်နှိမ်နင်းပြီး လိုအပ်ရင်အင်းဆက်နှိမ်နင်းရေးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ကိုယ့် အိမ်လေးမပျက်စီးစေဖို့ ပြင်ဆင်ဆောင်ရွက်ပါ။

ပရိဘောဂများ

အိ်မ်ခန်းထဲက ပရိဘောဂတွေက မိုးအခါဆို မှိုတက်တာမျိုးကြောင့်ပျက်စီးတတ်ပြီး တခါတရံ ခြတွေ ကြောင့်လည်း ပျက်စီးတတ်ပါတယ်။ စိုထိုင်းမှုကြောင့် အိမ်ရဲ့တန်ဖိုးကြီးပရိဘောဂတွေ၊ အဝတ်အထည်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုမဖြစ်ရလေအောင် ပရုပ်လုံးတွေ၊ တမာရွက်တွေနဲ့ လေးညင်းပွင့်တွေ ဖြန့်ထားပေးပါ။ မှိုမစွဲအောင်နဲ့ ခြောက်သွေ့အောင် အမြဲသန့်ရှင်းပေးနေရမှာဖြစ်ပါတယ်။

ရေနုတ်မြောင်း

အိမ်ပတ်လည်မှာရှိတဲ့ ရေနုတ်မြောင်းတွေမှာ အမှိုက်တွေ့ပိတ်ဆို့နေတာမျိုးမရှိအောင် ကြိုတင်စစ် ဆေးရှင်းလင်းထားပါ။ မိုးရွာတဲ့အခါ ရေနဲ့အတူ အမှိုက်တွေ ရေနုတ်မြောင်းထဲ ပြန်ဆို့နေတတ်တာကြောင့် ရေ နုတ်မြောင်းတွေထဲ မကြာမကြာစစ်ဆေးရှင်းလင်းပေးပါ။ အမှိုက်တွေကြောင့် မြောင်းတွေထဲ ရေပိတ်တဲ့အခါ ရေလျှံပြီး အိမ်ထဲဝင်လာတတ်သလို၊ ခြင်တွေလည်း ပေါက်ဖွားလာတတ်ပါတယ်။

အတွင်းပြင်ဆင်မှု

မိုးအခါ နေရောင်ရရှိမှုအလွန်ရှားပါးတာကြောင့် အိမ်ထဲက အပြင်အဆင်လေးတွေလည်း ပြောင်းလဲပေး ဖို့လိုပါတယ်။ ထူထဲပိတ်ပိန်းတဲ့ ခန်းဆီးစတွေက မိုးအခါ စိုထိုင်းဆကြောင့် အနံ့အသက်မကောင်းစေတတ်သလို အိမ်ထဲမှာလည်း မှောင်ရိပ်သန်းစေတာကြောင့် ရာသီဥတုအုံ့မှိုင်းသလို လူတွေလည်း ကြည်လင်လန်းဆန်းမှုမရှိ ဘဲ ထိုင်းမှိုင်းလာတတ်ပါတယ်။ ပေါ့ပါးရှင်းလင်းပြီး ပါးလွတဲ့အပြင်အဆင်လေးတွေလိုအပ်ပြီး မှုန်မှိုင်းတဲ့ဝန်းကျင် ရာသီဥတုမှာ လန်းဆန်းသွားစေဖို့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေကို အစိမ်းရောင်၊ လိမ္မော်ရောင်၊ အဝါ ရောက်တွေလိုမျိုး လန်းဆန်းပေါ့ပါးစေတဲ့ အရောင်တောက်တောက်တွေနဲ့ အလှဆင်ပေးပါ။

အောက်သိုးသိုးအနံ့ဆိုးတွေ ကင်းရှင်းစေဖို့ အမွှေးရနံဆီပါတဲ့ ဖယောင်းတိုင်၊ ဖယောင်းခွက်လေးတွေ ထွန်းညှိပြီး ဧည့်ခန်းမှာ အလှဆင်နိုင်ပါတယ်။ မိုးနဲ့အတူ လေအဝှေ့မှာ မိုးသံနဲ့စည်းချက်လိုက်ပေးမယ့် ဆည်း လည်းတန်ဆာလေးတွေ ပြတင်းပေါက်မှာ ချိတ်ဆွဲအလှဆင်ပါ။ သာယာငြိမ့်ညောင်းတဲ့ဆည်းလည်းသံလေးနဲ့ မှေးစက်အနားယူတာပဲဖြစ်ဖြစ်၊ စာဖတ်ရင်းအပန်းဖြေတာပဲဖြစ်ဖြစ် ထူးခြားတဲ့ မုတ်သုံခံစားချက်တွေကို ထပ် ပေါင်းဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီကဏ္ဍလေးမှာဖော်ပြပေးခဲ့တဲ့အချက်အလက်လေးတွေနဲ့ အိမ်လေးကို ဂရုစိုက်ရင်း မကြာမီရောက်လာတော့မယ့် မုတ်သုံမိုးတွေကို စိတ်ကြိုက်အားပါးတရ ကြိုဆိုကြနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

“ မိုး၊ မိုး… ရွာသာရွာပါ မိုး…။ ”

———— ။ ————-

 

Download eBook version as a FREE!

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • ကလေးအခန်းဖန်တီးတဲ့အခါ ....
  • SCG သည် မြန်မာနိုင်ငံအား ကျပ်သိန်း၂၅၀ တန်ဖိုးရှိ Positive Pressure Rooms များ ပေးအပ်လှူဒါန်း
  • Life Fitness & Reebok Promotion by Seara Sports Myanmar