Month: May 2017

ads

ကိုယ့်ရဲ့အိမ်လေးမှာ အလှစိုက်သစ်ပင်၊ ပန်းပင်တွေစိုက်ထားမယ်ဆိုရင် ပိုပြီးလှပနွေးထွေးစေပါတယ်။ ပြီးတော့ ကိုယ့်ရဲ့အိမ်လေးကို စိုစိုပြည်ပြည်ရှိစေပြီး လေကောင်းလေသန့်လည်း ပိုရစေပါတယ်လေ။ အိမ်အလှ စိုက်သစ်ပင်၊ ပန်းပင်တွေက စိုက်ရတာလည်းလွယ်ကူပါတယ်။ ဒါပေမယ့်ဂရုတစိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက် ပေးဖို့တော့ လိုတာပေါ့နော်။ ပန်းပင်တွေ၊ သစ်ပင်တွေရှင်သန်ကြီးထွားဖို့အတွက်အရေးကြီးဆုံးက ရေနဲ့ အလင်းပဲဖြစ်ပါတယ်။ ပြီးတော့ ရေငွေ့ပမာဏနှင့်အပူချိန်ကလည်း အပင် ရှင်သန်ကြီးထွားဖို့ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ် ခုမှာ ပါတယ်လေ။ အပူပိုင်းဒေသမှာပေါက်တဲ့ သစ်ပင်၊ ပန်းပင်တွေကိုစိုက်မယ်ဆိုရင်တော့ ပတ်ဝန်းကျင်ကို နွေးထွေးစေပါတယ်။ ပတ်ဝန်းကျင်ကိုလည်း အစိုဓာတ်ပေးစွမ်းနိုင်ပါသည်။ ကန္တာရဆူးပင်တွေနဲ့ succulents တွေကတော့ ပူပြီးချောက်သွေ့တဲ့ ပတ်ဝန်းကျင်တွေမှာ စိုက်သင့်ပါတယ်။ ဒါကြောင့် အပင်တိုင်းကို သင့်အိမ်မှာ မစိုက်သင့်ပါဘူး။ အိမ်ရဲ့အနေအထား ပတ်ဝန်းကျင်အပေါ်မှု တည်ပြီး အပင်ကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။

သစ်ပင်၊  ပန်းပင်လေးတွေကို ရွေးချယ်စိုက်ပျိုးကြည့်ရအောင်

ပထမဦးဆုံးစဉ်စားရမှာက ကိုယ့်အိမ်မှာ အပင်ကိုဘယ်နေရာမျိုးမှာ စိုက်မလဲဆိုတာပါပဲ။ ကိုယ့်စိုက်မယ့် အပင်ရဲ့အရွယ်အစားနဲ့ အပင်စိုက်မယ့်နေရာလေးနဲ့က အဆင်ပြေမှုရှိမရှိ။ အပင်ကကြီးပြီး အပင်စိုက်မယ့်နေရာလေးက နည်းနေရင် အဆင်မပြေဘူးလေ။ ပြီးတော့ အလင်းရောင်ရော လုံလုံလောက်လောက်ရရဲ့လား။ အပင်စိုက်မယ့်နေရာက အလင်းဝင်နိုင်တဲ့ ပြတင်းပေါက်ရှိသလားဆိုတာတွေကို စဉ်းစားရမှာပါ။ ဒုတိယအချက်အနေနဲ့ စဉ်းစားရမှာက ကိုယ့်ရဲ့အိမ်မှာရိုးရိုးအပင်လေးတွေမစိုက်ပဲ အလှပန်းပင်တွေ၊ အစိမ်းရောင်သန်းနေတဲ့အပင်လေးတွေ စိုက်ချင်တယ်ဆိုပါတော့။ တချိုသောပန်းပင်လေးတွေက ရာသီပေါ်ပန်းပွင့်တွေဖြစ်တဲ့အတွက် ရာသီပြောင်းသွားတဲ့အခါမှာတော့ ညှိုးနွှမ်တက်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အိမ်မှာ ပန်းပင်လေးတွေ စိုက်မယ်ဆိုရင်လည်း ရာသီတိုင်းမှာလှနိုင်မယ့် ပန်းပင်လေးတွေရွေးချယ်သင့်ပါတယ်။

တတိယအချက်စဉ်းစားရမှာကတော့ ကိုယ့်စိုက်ရမယ့်အပင်ကို ဘယ်လို ထိန်သိမ်းရှောက်စောင့်ရှောက် မှုတွေပေးရမလဲဆိုတာပါပဲ။ ဥပမာ – ကိုယ်စိုက်မယ့်အပင်က ရွက်လှပန်းဆိုပါတော့။ ရွက်လှပန်းတွေကသိပ်ပြီး ယုယနေစရာမလိုပါဘူး။ ဒါပေမယ့် ရွက်လှပန်း နေရာမှာ သစ်ခွပန်းစိုက်ကြည့်ပါလား။ ရွက်လှပန်းလိုမျိုး ဖြစ်သလိုထားလို့ မရတော့ဘူး။ သစ်ခွပန်းဆိုတာက တော်တော်လေးကိုယုယုယယ ထိန်းသိမ်းစောင့်ရှောက် ရပါတယ်။ အချိန်လည်းတော်တော်ပေးရပါတယ်လေ။ အလုပ်ရှုပ်တဲ့လူတစ်ယောက်အတွက် သစ်ခွပန်းစိုက်တာအဆင်မပြေပေမယ့် အရမ်းကိုစိတ်ရှည်တဲ့သူ၊ သစ်ပင်၊ ပန်းပင် စိုက်တာဝါသနာပါတဲ့ သူအတွက်ကတော့ သစ်ခွပန်းစိုက်တာအဆင်ပြေသွားပြန်ရော။ ဒါကြောင့် အိမ်မှာ သစ်ပင်၊ ပန်းပင်စိုက်တော့မယ်ဆိုရင် ဘယ်လိုလူမျိုးက ဘယ်လိုအပင်မျိုးကိုစိုက်ချင်လဲ အဆင်ပြေမှုရှိမရှိဆိုတာကို စဉ်းစားသင့်ပါတယ်

ကဲ သစ်ပင်၊ ပန်းပင်တွေကတော့ အိမ်မှာစိုက်ပြီးသွားပါပြီတဲ့ အဲ့ဒီ အပင်လေးတွေကို ဘယ်လိုဂရုစိုက် မှုတွေ၊ ထိန်းသိမ်းမှုတွေ ပေးကြမလဲ။

ရေ

 အလှစိုက်ပန်းပင်၊ သစ်ပင်တွေက အလင်းတို့၊ အပူချိန်တို့ မလုံလောက်ရင်တောင်မှ ရေကိုတော့လုံလုံလောက်လောက်ပေးထားရပါတယ်။ ရေကိုလုံလုံလောက်လောက်မပေးနိုင်ရင် အပင်ကသေ သွားနိုင်ပါတယ်။ ဒါပေမယ့် ရေလုံလုံလောက် လောက်ပေးတယ်ဆိုပေမယ့် အပင်အခြေအနေအပေါ်မူတည်တာ ပေါ့နော်။ ရေကြိုက်တဲ့အပင် ကို ရေများများလောင်းတာအဆင်ပြေပေမယ့် ရေမကြိုက်တဲ့အပင်ကို ရေများ များလောင်းရင် အဆင်မပြေနိုင်ဘူးလေ။ အပင်သေသွားနိုင်တယ်။ အပင်တိုင်းက ရေကြိုက်တာချင်း မတူဘူး။ ဒါကြောင့် အပင်တစ်ပင်စီအတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ကလည်း သီးခြားစီရှိပါတယ်။ အပင်စိုက်ထားတဲ့ မြေကြီးတွေက အပင်ရဲ့အစိုဓာတ်ကို ထိန်းပေးနိုင်တယ်။ စိုစွတ်စေတာတော့ မဟုတ်ပါဘူး။ ရေနဲ့တော့မတူဘူးပေါ့။ ရေက မြေကြီးကိုစိုစွတ်စေတာပါ။ ပြီးတော့ မြေကြီးကို အရမ်းစိုစွတ်နေအောင်လည်း ရေမလောင်းပါနဲ့။ အရမ်းခြောက်သွေ့အောင်လဲ ရေမလောင်းဘဲမနေပါနဲ့။ စိုလွန်းခြောက်လွန်းရင်လည်း အပင်ရဲ့အမြစ်ကို သေသွားစေနိုင်ပါတယ်။ အပင်တစ်ပင်ရဲ့ရေလုံလောက်မှုရှိ်၊ မရှိ စဉ်းစားနိုင်ဖို့ အချက်တွေအများကြီးရှိပါတယ်။ သစ်ပင်၊ ပန်းပင်စိုက်ထားတဲ့ မြေကြီးရဲ့အရောင်က နည်းနည်းလေးမွဲနေပြီ ဆိုရင် အဲဒီအပင်က ရေလိုအပ်နေပါပြီ။ ရေမလောင်းခင် မြေကိုဆွပေးရပါမယ်။ မြေကိုဆွပေးတဲ့အတွက် အစို ဓာတ်ဘယ်လောက်ကျန်သေးလဲဆိုတာလဲ သိနိုင်တယ်။ ပြောရမယ်ဆိုရင် အပေါ်ယံမျက်နှာပြင်က မြေဆီလွှာ တွေက ခြောက်နေပေမယ့် အောက်အလွှာမှာ စိုချင်စိုနိုင်တဲ့အတွက်ပါ။ မြေကိုဆွပေးလိုက်တော့ အစိုဓာတ် ဘယ်လောက်ကျန်လဲဆိုတာလဲ သိရတာပေါ့။

အပင်တစ်ပင်အတွက် ရေလုံလောက်မှု လိုအပ်တာထက်နည်းသွားပြီဆိုရင်

  • အရွက်ကြီးထွားမှု နှေးကွေးခြင်း
  • သစ်ရွက်များ၊ ပန်းပွင့်များ ကြွေချိန်ထက်စော၍ ကြွေခြင်း
  • အရွက်ရဲ့ထောင့်စွန်တွေမှာအဝါရောင်၊ အညိုရောင်သန်းနေခြင်း

အပင်တစ်ပင်အတွက် ရေလုံလောက်မှု လိုအပ်တာထက် များသွားပြီဆိုရင်

  • အပင်စိုက်ထားသောမြေကြီးပေါ်တွင် မှိုတို့ရေညှိတို့ပေါက်နေခြင်း
  • အပင်စိုက်တဲ့ အိုးရဲ့အောက်ခြေတွင် ရေဝပ်နေခြင်းကြောင့် အမြစ်များ ပုပ်သိုးသွားနိုင်ခြင်း
  • အရွက်အသစ်နဲ့ အရွက်ဟောင်း တပြိုင်နက်တည်း ကြွေခြင်း

အိမ်မှာ စိုက်ထားတဲ့ ပန်းပင်၊ သစ်ပင်တွေကိုလောင်းမယ့်ရေဟာ အပင်ကို မထိခိုက်စေနိုင်တဲ့ရေကိုလောင်းတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ပန်းပင်၊ သစ်ပင်တွေက မိုးရေနဲ့နှင်းရေတွေကို သဘောကျကြပါတယ်။ (မိုးဆိုးမှ အက်ဆစ်မိုးကိုတော့မဆိုလိုဘူးနော်။ ရိုးရိုးမိုးရေကိုပြောတာပါ)။ နောက်ပြီး ဆိုဒီယံဓာတ်ပါတဲ့ရေနဲ့ ပန်းပင်၊ သစ်ပင်များအား ရေမလောင်းမိအောင် သတိထားဖို့လိုပါတယ်။

ပန်းပင်၊ သစ်ပင်များကို ရေဘယ်လိုလောင်းမလဲ

ပန်းပင်များအား ရေလောင်းတဲ့အခါမှာ ရေပုံးအား အထက်မှအောက်သို့လောင်းပေးခြင်းဖြင့်လည်း ကောင်း၊ အောက်မှအပေါ်သို့ပင့်လောင်းပေးခြင်းဖြင့်လည်းကောင်း လောင်းပေးနိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရေလောင်းပါ။ မှတ်ရမှာက အပင်ရဲ့အိုးအောက်ခြေမှာ ရေထွက်ဖို့ အပေါက်တော့ရှိရမယ်။ ဒါမှ ရေတွေအပြင်ကို ထွက်သွားနိုင်မှာလေ။

ရေစီးဆင်မှုစနစ်

အပင်ရှင်သန်မှုသည် ရေစီးဆင်းမှုအပေါ်အများကြီးမှုတည်ပါတယ်။ ဒါကြောင့် ပန်းအိုး၊ အပင်ထည့် မယ့်အိုးကိုရွေးချယ်တဲ့အခါမှာ အိုးရဲ့အောက်ခြေမှာ ရေထွက်ပေါက်ပါတဲ့အိုးတွေ ရွေးချယ်ပေးရမယ်။ ဒါ့အပြင် တခါတလေမှာ ရေထွက်တဲ့အပေါက်ကလေးတွေက ပိတ်နေတတ်ပါတယ်။ ဒါကြောင့် မကြာခဏဆိုသလို ပန်းအိုး၊ ဒါမှမဟုတ် အပင်စိုက်ထားတဲ့အိုးကို စစ်ဆေးပေးပါ။

အလင်းရောင်၊ နေရောင်

အပင်ရှင်သန်မှုတွင် ရေနည်းတူနေရောင်၊ အလင်းရောင်သည်လည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ်။ အပင်များဟာ နေရောင်တိုက်ရိုက်ထိတွေ့ပေးနိုင်ရင်အကောင်းဆုံးပါ။ ဒါကြောင့်နေရောင်တိုက်ရိုက် မထိနိုင်တဲ့အခန်းတွေမှာ အပင်များကိုမစိုက်တာ အကောင်းဆုံးပါပဲ။ အပင်များကို နေရောင်၊ အလင်းရောင် အလုံလောက်ရနိုင်တဲ့ ပြတင်းပေါက်နားမှာ စိုက်ထားတော့အပင်အတွက်လည်း အလင်းရောင်ရစေတာပေါ့။

ပန်းပင်များ

များသောအားဖြင့် ပန်းပင်၊ သစ်ပင်တွေက  နေရောင်ရတာများလေကောင်းလေပါ။ ဒါကြောင့် ပန်းပင်သစ်ပင်များကိုစိုက်မယ်ဆိုရင် အိမ်ရဲ့တောင်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက်တွေမှာ စိုက်ရင်တော့ အလင်းရောင်ပိုရစေပါတယ်။

ရွက်လှပင်များ

ရွက်လှပင်တွေကို သူတို့ရဲ့ လိုအပ်တဲ့နေရောင်ပေါ်မူတည်ပြီး အမျိုးအစားသုံးမျိုးခွဲထားပါတယ်။ ပထမ တစ်မျိုးကတော့ အလင်းရောင်ကိုနည်းနည်းပဲလိုအပ်တဲ့ ရွက်လှပင်တွေပါ။ အဲ့ဒီရွက်လှပင်ကိုစိုက်မယ်ဆိုရင် အလင်းရောင်နည်းတဲ့ခပ်မှောင်မှောင်အခန်းထဲမှာ စိုက်တာကောင်းပါတယ်။ ရွက်လှပန်း နောက်တစ်မျိုးက တော့ နေရောင်မနည်းမများလိုအပ်တဲ့ ရွက်လှပန်းတွေပါ။ အဲ့ဒီရွက်လှပန်းတွေကိုစိုက်မယ်ဆိုရင် မြောက်အရပ် မျက်နှာမူထားတဲ့တံခါးနားလောက်မှာစိုက်တာ ကောင်းပါတယ်။ အလင်းရောင်အမြင့်ဆုံးလိုအပ်တဲ့ ရွက်လှပန်း ကို စိုက်မယ်ဆိုရင်တော့ တောင်အရပ်ကိုမျက်နှာမူထားတဲ့ တံခါးနားလောက်မှာပဲဖြစ်ဖြစ်၊ နေရောင်တိုက်ရိုက်ထိ တဲ့ နေရာမှာပဲဖြစ်ဖြစ် စိုက်ပျိုးရင်တော့ အကောင်းဆုံးပါပဲ။

အပူချိန်

အိ်မ်တွေမှာ သစ်ပင်၊ ပန်းပင်တွေကိုစိုက်မယ်ဆိုရင် နေ့အပူချိန် ၅၅-၆ဝကြား၊ ညအပူချိန် ၆၅-၇၅ ကြားရှိတဲ့အပူချိန်မှာစိုက်ရင်တော့ အဆင်ပြေဆုံးပါပဲ။ အပူပိုင်းဇုံမှာပေါက်တဲ့ သစ်ပင်၊ ပန်းပင်တွေကို စိုက်မယ် ဆိုရင်တော့ အပူချိန် ၉ဝနှင့်အထက်ရှိရင်အဆင်ပြေပါတယ်။ တခြားသောသစ်ပင်တွေကို စိုက်မယ်ဆိုရင်တော့ အပူချိန်နည်းလေကောင်းလေပါပဲ။

ရေငွေ့ပမာဏ

သစ်ပင်၊ ပန်းပင်တွေက ရေငွေ့ပမာဏမြင့်မားကြတယ်။ ရေငွေ့ပမာဏအနေနဲ့ ၈ဝရာခိုင်နှုန်းအထိ ရှိကြတယ်။ ဒါကြောင့် သစ်ပင်၊ ပန်းပင်စိုက်ထားတဲ့ အိမ်တွေမှာရှိတဲ့ အိမ်နံရံတွေ၊ ကြမ်းပြင်တွေက ခြောက်သွေ့ မှုပိုဖြစ်တယ်။ အထူးသဖြင့် ဆောင်းရာသီတွေမှာဆိုရင် အိမ်ကိုပိုပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် အပင်စိုက်ထားတဲ့အိမ်တွေမှာ ရေနွေးငွေ့ထုတ်တဲ့ကိရိယာလေးသုံးသင့်ပါတယ်။ အဲဒီရေနွေးငွေ့ကိရိယာလေးက လေထဲမှာရှိတဲ့ မကောင်းတဲ့ဓာတ်တွေကိုစုတ်ပေးတဲ့အပြင်၊ အစိုဓာတ်ကိုတိုးပွားစေတယ်။ ဒါကြောင့် အိမ်ကိုလည်းအစိုဓာတ်ပေးနိုင်သလို အပင်ကိုလည်းအစိုဓာတ်ပေးနိုင်တယ်လေ။

မြေဩဇာ

အိမ်တွေမှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေရဲ့ မြေဆီလွှာတွေမှာ အမြဲတမ်းလိုလို မြေဩဇာထည့် ကြပါတယ်။ အိမ်မှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေက အပြင်မှာစိုက်ထားတဲ့ အပင်တွေနဲ့မတူဘူးလေ။ အိမ်အပြင် မှာစိုုက်ထားတဲ့ သစ်ပင်၊ ပန်းပင်တွေက တစ်နည်းမဟုတ် တစ်နည်း မြေဩဇာကိုရရှိဖို့လွယ်ကူပါတယ်။ ဥပမာ – တီကောင်တွေကနေ မြေဩဇာရတာတို့ကိုပြောတာပါ။ အိမ်မှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေကတော့ အပြင်မှာစိုက်တဲ့အပင်တွေနဲ့မတူဘူးလေ။ ဒါကြောင့် အိမ်မှာစိုက်တဲ့သစ်ပင်၊ ပန်းပင်တွေက မြေဩဇာကို ၁လမှာ ၁ခါလောက် ထည့်ပေးသင့်တယ်။ ဆောင်းရာသီမှာဆိုရင် အပင်ကြီးထွားမှုနှေးကွေးတဲ့အတွက် မြေဩဇာကိုသုံးရတာပါ။ အကယ်လို့ အပင်တစ်ပင်မှာ အရွက်ကြွေချိန် မရောက်သေးဘဲနှင့် အရွက်ကြွေတာတို့၊ အပင်ကြီးထွားမှုနှေးကွေးတာတို့၊ သစ်ရွက်တွေက ဝါစိမ်းရောင်ဖြစ်နေတာတို့ ဆိုရင်တော့ မြေဩဇာသုံးသင့်ပါတယ်။ အပင်တစ်ပင်ကိုမြေဩဇာထည့်တဲ့အခါမှာ  အပင်အား အလင်းများများရတဲ့ နေရာတွင်ထားကာ မြေဩဇာနဲ့အတူရေနည်းနည်းရောကာ မြေဩဇာထည့်ပေးနိုင်ပါတယ်။ တကယ်လို့ ညိူး နွမ်းနေတဲ့အပင်ဖြစ်ခဲ့မယ်ဆိုရင် ရေအရင်လောင်းပြီးမှ မြေဩဇာထည့်ရင် ပိုအဆင် ပြေပါတယ်။

မြေဩဇာအမျိုးအစား

အပင်တစ်ပင်မှာ အာဟာရပြည့်စုံနိုင်ဖို့အတွက် ဓာတ်ပေါင်း ၁၃ခု လိုအပ်ပါတယ်။ အဲ့ဒီဓာတ်တွေ ပြည့်စုံမှလည်း အပင်က အာဟာရပြည့်ဝနိုင်မယ်လေ။ အဲ့ဒီဓာတ်ထဲကမှ အပင်တွေအာဟာရဖြစ်စေနိုင်ဖို့အ တွက် အဓိကအရေးကြီးဆုံးဓာတ်တွေကတော့ နိုက်ဒရိုဂျင်ဓာတ်၊ ပိုတက်ဆီယံဓာတ်၊ ဖော့စ်ဖရပ်စ်ဓာတ်တွေပဲ ဖြစ်ပါတယ်။ အဲ့ဒီဓာတ်တွေပြည့်စုံနိုင်ဖို့အတွက် အပင်တွေကို မြေဩဇာတွေထည့်ပေးရတာပါ။ အိမ်မှာစိုက်တဲ့ သစ်ပင်၊ ပန်းပင်တွေအတွက် မြေဩဇာရွေးချယ်တာကလည်း အရေကြီးလှပါတယ်။ မြေဩဇာဝယ်ယူ တဲ့အခါမှာလဲ အညွှန်းအား သေချာစွာဖတ်ဖို့လိုအပ်ပါတယ်။ မြေဩဇာကိုသဘာဝကရတဲ့ မြေဩဇာနဲ့ ဓာတု ပစ္စည်းတွေနဲ့ပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ မြေဩဇာဆိုပြီး အဓိကအနေနဲ့ အမျိုးအစား၂မျိုးခွဲထားပါတယ်။ ဓာတုပစ္စည်းတွေနဲ့ပေါင်းစပ်ပြီးထုတ်လုပ်ထားတဲ့ မြေဩဇာထက်စာရင် သဘာဝကရတဲ့ မြေဩဇာတွေကိုသုံးရင် တော့ အပင်ပျက်စီးမှုနည်းစေပါတယ်။ မြေဩဇာထည့်တဲ့အခါမှာလဲ မြေဩဇာပမာဏ အချိုးအစားမှန်ကန်ဖို့ လည်းလိုအပ်ပါတယ်။ ယေဘုယျအားဖြင့် မြေဩဇာကို ၁လ ၁ကြိမ်ထည့်ပေးရပါတယ်။ အကယ်လို့ အပင်က မြေဩဇာကလိုအပ်တယ်လို့ထင်ရင်တော့ ၂ပတ် ၁ခါလောက် မြေဩဇာကိုထည့်ပေးနိုင်ပါတယ်။ သစ်ပင်၊ ပန်းပင်တွေ  မြေဩဇာလိုအပ်နေပြီဆိုတာကို သိနိုင်တဲ့အချက်တွေကိုကတော့ အရွက်သစ်လေးတွေက အစိမ်း ရင့်ရောင်ဖြစ်နေတာတို့၊ သစ်ရွက်လေးတွေကြီးထွားရမယ့်အရွယ်အစားထက်ငယ်နေတာ၊ အရွက်သစ်ထွက်ဖို့ လိုအပ်တာထက်နောက် ကျနေပြီဆိုရင် အဲ့ဒီအပင်ဟာ မြေဩဇာလိုအပ်နေပါပြီ။ အရေးကြီးဆုံးက မြေဩဇာဝယ်ယူရာမှာ အညွှန်းကို သေချာစွာဖတ်ပြီး ဝယ်ဖို့တော့လိုအပ်ပါတယ်။

အလှစိုက် သစ်ပင်၊ ပန်းပင်တွေ ကိုယ့်ရဲ့အိမ်လေးတွေမှာစိုက်တော့မယ်ဆိုရင် ဘယ်လို ပန်းပင်၊ သစ် ပင်မျိုးကိုစိုက်မှာလဲ။ ဘယ်မှာစိုက်မှာလဲ။  ဘယ်နေရာမှာစိုက်မှာလဲ။ စတာတွေကိုတော့ စဉ်းစားရတော့မယ်။ အဲလိုစဉ်းစားရာမှာ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ဘယ်လိုပန်းအိုးမျိုးနှင့် အပင်စိုက်မလဲ ဆိုတာပါပဲ။ သစ်ပင်၊ ပန်းပင်စိုက်မယ့်အိုးက ကြီးလေကောင်းလေပါပဲ။ ဘာကြောင့်လဲဆိုတော့ အိ်ုးထဲမျာစိုက် ထားတဲ့ အပင်တွေရဲ့အမြစ်တွေကြောင့်ပါ။ ပန်းအိုးကြီးလေးကောင်း လေပါပဲ။ ဘာကြောင့်လဲဆိုတော့ အိုးထဲ မှာစိုက်ထားတဲ့အပင်တွေရဲ့အမြစ်တွေကြောင့်ပါ။ ပန်းအိုးကြီးတော့ အမြစ်တွေကြီးထွားရာမှာလဲ မဟန့်တော့ ဘူးပေါ့။ အကယ်လို့ ပန်းအိုးကသေးနေပါပြီတဲ့ အမြစ်တွေကြီးထွားတောင် မကြီးထွားနိုင်တော့ဘူးလေ။ အမြစ်ကြီးထွားမှုကိုဟန့်တားသလိုဖြစ်နေတာပေါ့။ အဲ့လိုသာဖြစ်လာရင် အိုးအကြီးထဲသို့ အမြန်ဆုံးပြောင်းပေး သင့်ပါတယ်။ အပင်တစ်ပင်ကို အိုးအသစ်ပြောင်းပေးမယ်ဆိုရင်နဂိုအိုးထက်ကြီးဖို့လိုအပ်ပါတယ်။ အရမ်းကြီးဖို့ လည်း မလိုအပ်ပါဘူး။  အိုးကအရမ်းကြီးနေရင်လဲ အိုးထဲမှာရှိတဲ့ ပန်းပင်၊ သစ်ပင်တွေကို လိုအပ်တာထက် ရေပိုလောင်းမိတဲ့အတွက် အပင်ရဲ့အမြစ်ကိုထိခိုက်မှာလဲစိုးရိမ်ရသေးတယ်လေ။ အိုးပြောင်းထည့်တဲ့အခါမှာလဲ အပင်အား ဂရုစိုက်ကိုင်ပြီးပြောင်းသင့်ပါတယ်။ အမြစ်ဘေးမှာကပ်နေတဲ့မြေတွေ ကွာမကျအောင် ဂရုတစိုက် ကိုင်ပြီးပြောင်းသင့်ပါတယ်။ အမြစ်ဘေးမှာကပ်နေတဲ့မြေတွေ ကွာမကျသွားအောင် ဂရုတစိုက်ပြောင်းပေး ရပါမယ်။ အိုးထဲမှာရှိတဲ့ မြေဆီလွှာမျက်နှာပြင်ပေါ်မှာနေရာလေးနည်းနည်းချန်ထားရပါမယ်။ ရေစီးဆင်းနိုင်ဖို့ အတွက်ပါ။

ကိုယ့်ရဲ့အိမ်လေးမှာ သစ်ပင်၊ ပန်းပင်တွေနဲ့ လှပတဲ့ဥယျာဉ်လေးတစ်ခု ဖန်တီးနိုင်ကြပါစေ။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ads

လူနေမှုဘဝတွေမြင့်မားတိုးတက်လာတာနှင့်အမျှ လူသားတွေဟာ နွေးထွေးပြီးပျော်ရွှင်စရာကောင်းတဲ့ မိမိရဲ့အိမ်ထက် စိတ်ဖိစီးမှုတွေများပြီး အပြိုင်အဆိုင်တွေကြားမှာ လှုပ်ရှားရုန်းကန်နေရတဲ့ လုပ် ငန်းခွင်ထဲမှာပဲ မိမိရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေကိုမြှုပ်နှံထားရတော့တာပါပဲ။ လုပ်ငန်းခွင်ထဲမှရရှိလာတဲ့ မိမိရဲ့စိတ်ဖိစီးမှုတွေ ကို ဘယ်လိုနည်းတွေနဲ့ပဲ ဖြေရှင်းပြီး လျှော့ချပါစေ ပြေပျောက်နိုင်တယ်လို့ကိုမရှိပါဘူး။ သူငယ်ချင်းတွေနဲ့ shopping ထွက်၊ မုန့်စား၊ spa သွား၊ လျှောက်လည်တာမျိုးတွေလုပ်ပြီး စိတ်ပင်ပန်းဖြေခြင်းနဲ့လည်း ရာနှုန်း ပြည့်စိတ်ကျေနပ်မှု မရရှိနိုင်ပါဘူး။ ဘယ်လိုပဲအပြင်မှာ ဖြေဖျောက် နေပေမဲ့လည်း အချိန်တန်တဲ့အခါ မိမိရဲ့ နားခိုရာအိမ်ကိုတော့ ပြန်ရတာပါပဲ နွေးထွေးပြီးပျော်စရာကောင်းတဲ့အိမ်မှာ ပြည်ဝစွာအနားယူပြီး နောက် နေ့ သစ်တွေ အတွက် အင်အားသစ်တွေမွေးကြပါစို့လား။

မိမိ၏နေ့စဉ်ဘဝအတွက်အင်အားသစ်တွေ ဖြစ်လာအောင်ရိုးရှင်တဲ့ မိမိနေထိုင်ရာပတ်ဝန်းကျင်ကို လှပ ပြီးနေချင်စရာကောင်းတဲ့နေရာလေးတစ်ခုဖြစ်အောင်ဖန်တီးနိုင်တဲ့ အချက်အလက်လေးတွေကို ဖော်ပြပေးလိုက် ပါတယ်။

စိမ်းလန်းစိုပြေတဲ့ အပင်တွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ပန်းများ

သစ်ပင်တွေက ကျွန်ုပ်တို့အတွက် လတ်ဆတ်တဲ့အောက်စီဂျင်ကို ထုတ်ပေးတယ်ဆိုတာ လူတိုင်းသိ ကြပါတယ်။ ဒါတင်မကသေးပါဘူး အဲဒီသစ်ပင်တွေက ကျွန်ုပ်တိုအတွက် ဘေးဥပါဒ်ဖြစ်စေတဲ့ အဆိပ်အ တောက်တွေကိုလည်း ဖယ်ရှားပေးပါသည်။ မိမိမြင်သာတဲ့ ပြတင်းပေါက်လေးတွေရဲ့ရှေ့မှာ အစိမ်းရောင်ရှိတဲ့ အပင်လေးတွေကို ထားရှိမယ်ဆိုရင် သန့်ရှင်းတဲ့လေထုကို ရရှိစေပြီး မိမိရဲ့အမြင်အာရုံကိုလည်း ပိုပြီးကောင်းမွန် လာစေမှာပါ။ မိမိရဲ့လုပ်စားပွဲမှာလည်း အစိမ်းရောင်အပင်လေးတွေကို ထားမယ်ဆိုရင် စိတ်ကြည်လင်မလန်း ဆန်းစေပြီး အကြံကောင်းတွေကိုလည်း အမြဲရနိုင်မှာပါ။ အပင်လေးတွေက အပွင့်လေး တွေပွင့်လာပြီ ဆိုရင်တော့ စိတ်ဖိစီးမှုတွေပါ လျော့ကျပြီး ကြည်နူးမှုပါထပ်ပြီး ရလာပြီးပေါ့။

စိတ်အရမ်းပင်ပန်းနေတဲ့အခါတီဗီကြည့်ခြင်းကိုရှောင်ပါ

တခါတလေ စိတ်အရမ်းပင်ပန်းတဲ့အခါ တီဗီကြည့်ခြင်းကိုရှောင်ပါ။ တီဗီကြည့်ခြင်းထက်သာယာညိမ့် ညောင်းတဲ့ တေးဂီတကိုနားထောင်ခြင်းက သင့်စိတ်ကိုပိုပြီးလန်းဆန်းလာစေမှာ ဖြစ်ပါတယ်။

သဘာဝရဲ့ရှိရင်စွဲ အလှတရားကို ဖော်ထုတ်ပြီးခံစားပါ

သင့်ရဲ့အိမ်ခန်းမှာ အပြင်ကရှုခင်းကို မြင်ရမယ့်ပြတင်းပေါက်သို့မဟုတ် ဝရန်တာတစ်ခုရှိမယ်ဆိုရင် အဲဒီအနားမှာ အနားယူအပန်းဖြေစရာနေရာငယ်လေးတစ်ခုဖန်တီးလိုက်ပါ။ အဲဒီနေရာငယ်လေးမှာ သာယာ ညိမ့်ညောင်းတဲ့ တေးဂီတလေးဖွင့်ပြီး မိမိနှစ်သက်တဲ့ စာအုပ်တွေကိုဖတ်ပြီး စိတ်ကိုပြန်လည်လန်းဆန်းလာ အောင် အနားယူလို့ရပါတယ်။ အကယ်၍သင်ဟာပန်းချီဆွဲရင်းစိတ်အပန်းဖြေနိုင်ပါသေးတယ်။

ညဖက်အိပ်ယာဝင်တဲ့အခါ အိပ်ခန်းဆောင်မီးက ို မှိန်မှိန်လေးထွန်းပါ

နေဝင်သွားလို့သဘာဝရဲ့အလင်းရောင်ကုန်သွားတဲ့အခါလူသားတွေဟာလျှပ်စစ်မီးကိုသုံးစွဲရပါတယ်မ အိပ်ခင်အချိန်အထိ ပြည့်ဝတဲ့လျှပ်စစ်မီးရောင်ကို သုံးစွဲတဲ့အခါကိစ္စမရှိပေမယ့် ညဘက်အိပ်ယာဝင်တဲ့အခါ မှာတော့ လျှပ်စစ်မီးရောင်မှိန်မှိန်လေးထွန်းပြီး အိပ်သင့်ပါတယ်။ စူးရှတဲ့မီးရောင်အရောင်တောက်ပတဲ့ မီးလုံး တွေက ညဘက်အိပ်ရာဝင်တဲ့အခါနှစ်ခြိုက်စွာအိပ်မပျော်စေနိုင်တဲ့အတွက်ကြောင့်ပါ။

အလုပ်နှင့်အိမ်အကြားနယ်နိမိတ်သတ်မှတ်ပါ။

ခေတ်မီတိုးတက်တဲ့ ခေတ်ကာလရဲ့အခြေအနေအရ အလုပ်ခွင်အချိန်အပြင် မိမိရဲ့ကိုယ်ပိုင် အချိန် တွေမှာလည်း အလုပ်ကို မဖြစ်မနေလုပ်ဆောင်ရပါတယ်။ ဒါပေမယ့်မိမိရဲ့ (မိသားစု) ကိုယ်ပိုင် အနားယူချိန် ကိုလည်းမပျက်စီးအောင် ထိန်းသိမ်းသင့်ပါတယ်။ ဘယ်လောက်ပဲ အလုပ်များများ ည ၉နာရီ အထိလောက်ပဲ အလုပ်လုပ်သင့်ပါတယ်။ နောက်ကနေ့ အလုပ်ခွင်ပြန်ဝင်ဖို့အတွက် အင်အားတွေပြန်ရအောင်လို့ပါ။

မိသားစုနှင့် ညစာစားတဲ့အခါ ထမင်းစားပွဲကို ကြည်နူးဖွယ်ရာဖြစ်အောင် ပြင်ဆင်ပါ။

မိသားစုစုံစုံလင်လင်နဲ့ ထမင်းစားတဲ့အခါ စားပွဲခင်းအသစ်လေးတွေ၊ လက်သုတ်ပဝါအသစ်လေးတွေ၊ ပန်းကန်အစုံလိုက် အသစ်လေးတွေခင်းပြီးတူတူ ထမင်းလက်ဆုံစားတဲ့အခါမှာလည်း စိတ်အပန်းဖြေရာရောက် ပါတယ်။ တခါတလေမှာ အဟောင်းတွေသုံးနေရတာထက် ပစ္စည်းအသစ်တွေပြောင်းလဲ အသုံးပြုရတာက စိတ် ကို ပြန်လည်လန်းဆန်းစေနိုင်လို့ပါပဲ။

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း

ads

အတိတ်ကာလ၏ ဖြစ်ရပ်မျိုးစုံအဖုံဖုံတို့ကိုလှစ်ဟပြသနေသည်ရန်ကုန်မြို့တော်ရှိအဆောက်အအုံများ အနက် ကမ်းနားလမ်းရှိ Strand ဟိုတယ်ကအထင်ရှားဆုံးအဆောက်အအုံကြီးလည်းဖြစ်သည်။ ခေတ်ကာလ အလျောက် ကသောင်းကနင်းဖြစ်ရပ်များဖြင့် ရန်ကုန်မြို့တော်တွင် အဆောက်အအုံအများအပြား ပျက်စီးယို ယွင်းမှုများဖြင့် ရင်ဆိုင်ခဲ့ကြရသော်လည်း ကိုလိုနီခေတ်လက်ရာအဆောက်အအုံများတွင် ယနေ့တိုင် ပကတိ အကောင်း တိုင်းနီးပါး ထိန်းသိမ်းကျန်ရစ်ခဲ့သော အဆောက်အအုံကြီးလည်း ဖြစ်သည်။

အတိတ်ကာလ

၁၈၈၆ခုနှစ်တွင် အထက် ဗမာပြည်ကို ဗြိတိသျှတို့ တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီ ဟူသည့်သတင်းက ဗြိတိသျှတို့ ခြေကုပ်ရယူထားခဲ့ပြီးသားဖြစ်သည့် အောက်ဗမာပြည်မှ ရန်ကုန်မြို့တော်ကြီးတွင် ပွက်လောညံ သွားခဲ့သည်။ နိုင်ငံတကာမှကုန်သည်များကလည်း အထက်ဗမာပြည်ကိုပါ ဗြိတိသျှတို့သိမ်းပိုက်လိုက်နိုင်ပြီ ဆိုုသဖြင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ဗမာပြည်ကြီးကိုအာရုံစိုက်လာကြပြီး ဆိပ်ကမ်း မြို့ဖြစ်သည့် ရန်ကုန်မြို့ကြီးတွင် အပြိုင်အဆိုင် ဝင်ထွက်သွားလာနေကြတော့သည်။ သို့ရာတွင် တရှိန်တိုးစုပြုံးရောက်လာကြသော နိုင်ငံတကာမှကုန်သည်များအတွက် တည်းခိုနားနေစရာနေရာ ရန်ကုန်မြို့ ကြီးတွင် အလုံအလောက်မရှိသေးပေ။ ထိုစဉ်က စင်ကာပူနိုင်ငံတွင် Raffles ဟိုတယ်ကြီးကိုဖွင့်ကာ အောင်မြင်မှုရနေခဲ့သည့် အာမေးနီးယားမှ မိသားစုစီးပွားရေးလုပ်ငန်း ဖြစ်သည့် Sarkies Brothers က ရန်ကုန်မြို့တွင်လည်း အလားတူ ဟိုတယ်တစ်လုံးဖွင်ကာရင်းနှီးမြှုပ်နှံဖို့ရာ ရန်ကုန်မြို့တွင် နေရာကောင်း ရှာဖွေရန်ဆုံးဖြတ်ခဲ့တော့သည်။ နောက်ဆုံးတွင် လက်ရှိနေရာကို စိတ်တိုင်းကျရွေးချယ်ဖြစ်သွားခဲ့ပြီး ဆိပ်ခံတံတားမှရောက်လာမည့် နိုင်ငံခြားသားကုန်သည်ကြီးများ ဟိုတယ်ကြီးကိုချက်ချင်းမြင်တွေ့ကာ အလွယ် တကူရောက်ရှိ ခိုးနားနိုင်စေရန် မြစ်ကမ်းကိုမျက်နှာပြုနေသည့်ပုံစံမျိုးကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ မှုလက ယင်းအဆောင်အအုံမှာ သစ်သားပျဉ်းချပ်များဖြင့်သာတည်ဆောက်ထားသည် ခပ်ဟောင်းဟောင်းအဆောက် အအုံငယ်သာဖြစ်သည်။ ဟိုတယ်အတွက်ဒီဇိုင်းကို ဗိသုကာပညာရှင်  John Darwood  က Serkies Brothers အတွက် ရေးဆွဲပေးခဲ့ပြီး ရန်ကုန်၌ပင် မွေးဖွားကြီးပြင်းလာခဲ့သည် တူရကီ-အာမေးနီးယားနွယ်ဖွား ဆောက်လုပ်ရေးလုပ်ငန်းရှင် Tigran Nirces Joseph Catchatoor က တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ (၎င်းသည် မြန်မာနိုင်ငံတွင်သာ ကွယ်လွန်သည်အထိနေထိုင်သွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ဗိုလ်အောင် ကျော်လမ်းရှိ အာမေးနီးယားသုဿန်တွင် မြှုပ်နှံသင်္ဂြုံဟ်ထားကြောုင်းသိရသည်။) ဟိုတယ်ဆောက်ရန် စီစဉ်နေကြသည့်ကာလ၌ catchatoor သည် ရန်ကုန်တစ်မြို့လုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနက် အတွေအကြုံအရင့်ဆုံးဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်သည်။ catchatoor ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က ရန်ကုန်မြို့တွင် အဆောက်အအုံ အတော်များများမှာ သစ်သားအဆောက်အအုံများသာ ဖြစ်နေဆဲပင် ဖြစ်သည်။

ဟိုတယ်တည်ဆောက်ပြီးစီးသွားသည့်အခါ Serkies Brothers က ဟိုတယ်ခန်းငယ်ပေါင်း၆၀၊ ထမင်းစားခန်းမတစ်ခု၊ ပန်းချီခန်းမတစ်ခု၊ ဘိလိယက်ခန်းခြောက်ခန်းတို့ဖြင့် ရန်ကုန်မြို့တွင် အကောင်းဆုံးဝန် ဆောင်မှုပေးခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်မြို့တွင်းနေရာအနှံ့အပြားတွင် ဖယောင်းတိုင်မီးများ၊ ရေနှံဆီမီးအိမ် များဖြင့်သာ ညအချိန်မှိန်ပျပျဖြစ်ခဲ့သော်လည်း Serkies Brothers တို့၏ ဟိုတယ်ကြီးမှာမှု အဆောက် အအုံတွင်းမီးစက်ဖြင့် ဟိုတယ်တစ်ခုလုံးလျှပ်စစ်မီးထိန်ထိန်ညီးစေကာ ထင်ရှားခဲ့လေသည်။ ဟိုတယ်အတွက် အလွန်ကျွမ်းကျင်သည့်ပြင်သစ်စားဖိုးမှူးတစ်ဦးကိုပါ ငှားရမ်းကာ ဥရောပအထူးဟင်းလျာစာရင်းတစ်ခု ဖန်တီး စေခဲ့သည်။ ဟိုတယ်တွင် တည်ခင်းကျွေးမွေးသည့် ဟင်းလျာများအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းများကို လည်း ပါရှန်းအဆက်အသွယ်များမှတဆင့် ရေကြောင်း ကုန်သွယ်မှုဖြင့် ကမ္ဘာတဝှမ်းမှ မှာယူခဲ့သည်။ အလွန်တရာတန်ဖိုးကြီးသည်ကက်စပီယန် ပင်လယ်မှ ရှားပါးကာဗီယာငါးဥများကှိုပင် Serkies Brothers တို့ဟိုတယ်၌ ထိုအချိန်ကတည်းက တည်ခင်းဧည့်ခံနေခဲ့နှင့်ပြီးဖြစ်သည်။

ယင်းဟိုတယ်မှာ အောင်မြင်မှုများ အဆက်မပြတ်ရလာခဲ့ပြီး ဗမာပြည်၏အကျော်ကြားဆုံးဟိုတယ် ဖြစ်လာခဲ့လေသည်။ ရန်ကုန်မြို့တွင် ဟိုတယ်ဝန်ဆောင်မှုများ မကျယ်ပြန့်လာသေးမီအစောပိုင်းကာလများ ကတည်းကပင် Serkies Brothers က အာရှနှင့် ဥရောပပုံစံ ပေါင်းစပ်ဝန်ဆောင်မှုများဖြင့် အောင်မြင်မှု အထွက်အထိပ်ရောက်ခဲ့နှင့်ပြီးဖြစ်သည်။ ရန်ကုန်မှ Strand ဟိုတယ်နှင့်အပြိုင်အာရှ၏အကောင်းဆုံး ဟိုတယ် များအဖြစ် စင်ကာပူနိုင်ငံမှ Raffles ဟိုတယ်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှ Eastern & Oriental ဟိုတယ်တို့ကိုလည်း Serkies Brothers တို့ တပြိုင်နက်တည်း စီမံဆောင်ရွက်နိုင်ခဲ့ကြလေသည်။

အကောင်းဆုံး ဝန်ဆောင်မှုများကြောင့် Strand ဟိုတယ်ကြီး အရှိန်အဟုန်ဖြင့် အောင်မြင်ကျော်ကြား လာခဲ့ပြီးသည်နောက် ၁၉၁၃ ခုနှစ်တွင် ဧည့်သည်အများအပြား စုရုံးရောက်ရှိလာခဲ့ကြရာ ပိုမိုများပြားလာခဲ့သော ဧည့်သည်ပမာဏအတွက် ဘေးကပ်လျက်တွင် အဆောက်အအုံသစ် တိုးချဲခဲ့ရလေသည်။ အဆိုပါအဆောက်အအုံသစ်သည် နောက်ပိုင်းတွင်ဗြိတိသျှလေကြောင်းများဖြစ်သည့် Imperial Airways နှင့် Britsh Overseas Airways တို့မှ လေကြောင်းအရာရှိများနှင့် လေယာဉ်ဝန်ထမ်းများအတွက် ရုံးခန်းဖြစ်ခဲ့ လေသည်။ ယနေ့တွင်မှု ယင်းအဆောက်အအုံကို ဩစတြေးလျသံရုံးအဖြစ် ဆက်လက်အသုံး ပြုနေခဲ့သည်။

၁၉၂၅ခုနှစ်တွင် Sarkies Brothers က Strand ဟိုတယ်ကို ဒီဇိုုင်းဆန်းပြားလှပသည့် အာမေးနီးယားစားသောက်ဆိုင် Silver Grill ၏ ပိုင်ရှင် Peter Bugalar  Aratoon ထံ ပြန်လည်ရောင်းချခဲ့ လေသည်။ ၁၉၂ရခုနှစ်တွင်  ဟိုတယ်တစ်ခုလုံးကို အကြီးစားပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့ပြီး ဟိုတယ်၏နောက် ဘက်တွင် ရေကူးကန်ကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ ကွန်ကရစ်အဝင်လမ်းနှင့် ဆင်ဝင်အမိုးများကိုပါ ယနေ့ခေတ်မြင်တွေ့ရသည် ဒီဇိုင်းအသွင်မျိုးဖြင့် ပြောင်းလဲမွမ်းမံခဲ့ခြင်းဖြစ်သည်။

၁၉၃ရခုနှစ်တွင် နောက်တစ်ကြိမ် အကြီးစားပြင်ဆင်မွမ်းမံခဲ့ပြီး ဟိုတယ်ခန်းအရေအတွက်ကို ၁၀ဝအထိ တိုးချဲခဲ့သည်။ ရေကူးကန်ကို ပြန်လည်ဖုံးအုပ်ပေးလိုက်ပြီး ဟိုတယ်ကိုနောက်ဘက်တွင်ပါတိုးချဲ ခဲ့ခြင်းဖြစ်သည်။ နောက်ဘက်တိုးချဲ့ခဲ့ပြီးနောက် လူးစ်လမ်း (ယခုဆိပ်ကမ်းသာလမ်း) အတွင်းဘက်မျက်နှာ စာတွင် နောက်ထပ်ဟိုတယ်ဝင်ပေါက်တစ်ခုကိုပါ ထပ်မံဖွင့်ထားခဲ့လိုက်ကြသည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့က ဟိုတယ်ကိုသိမ်းလိုက်ကာ တိုကျိုအင်ပါယာဟိုတယ်မှ ဝန်းထမ်းများ ကိုခေါ်လာခဲ့ပြီး Strand ဟိုတယ်တွင်ထားကာ Yamato ဟိုတယ်အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ကြသည်။ သို့ရာတွင် ဂျပန်ခေတ်တွင်း ဟိုတယ်မှာ လျစ်လျူမှုများဖြင့် လုံးဝပျက်စီးယိုယွင်းသွားခဲ့ရသည်။ ဟိုတယ်ရှေ့ဧည့်ခန်းဆောင်မကြီးတွင်ပါ ဂျပန်အရာရှိများက ၎င်းတို့၏မြင်းများကို မြင်းစောင်သဖွယ်အသုံးပြု ခဲ့ကြသဖြင့် ပျက်စီးပြီးရင်း ပျက်စီးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် Aratoon သည် ၎င်းပိုင်ဆိုင်ခဲ့သည် Strand ဟိုတယ်သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။ ဟိုတယ်တစ်ခုလုံး အမှိုက်သရိုက်များဖြင့်ပြန့်ကျဲနေသည်ကို တွေ့  မြင်လိုက်ရသည်။ ထိုပြင် Arotoon ၏ ဟိုတယ်ရုံးခန်းလယ်တည့်တည့်၌ ပေါက်ကွဲခြင်းမရှိသေးသည့် ဗုံးတစ်လုံးကျနေသည်ကိုပါမြင်တွေ့လိုက်ရသည်။ နောက်တစ်ကြိမ်ဟိုတယ်ကြီးတစ်ခုလုံးကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရပြီး ၁၉၄၉ခုနှစ်တွင် Steel Brothers ကုမ္ပဏီကို ပြန်လည်ရောင်းချလိုက်သည်။ ထို Steel Brothers ကုမ္ပဏီမှာ ဗမာပြည်တွင် ၁၉၅ဝပြည့်လွန်နှစ်များအထိ ဆယ်စုနှစ်နှင့်ချီ  အောင်မြင်မှုရခဲ့သည်။

၁၉၆၃ ခုနှစ်တွင်ဟိုတယ်ကို ဆိုရှယ်လစ်အစိုးရ နိုင်ငံပိုင်အဖြစ်သိမ်းယူလိုက်ပြီး နိုင်ငံခြားသားခရီးသည် များကို နိုင်ငံအတွင်း တစ်ရက်၊ နှစ်ရက် ခန့်သာနေခွင့်ပေးရမည်ဟု ကျပ်မတ်လိုက်သည့် အတွက် ယင်း ဟိုတယ်ကြီးကို ယာယီရပ်နားပိတ်သိမ်းလိုက်ရသည်။ ထိုစဉ်အခါက ၁၉၇ဝပြည့်လွန်နှစ်ပိုင်းတွင် ကမ္ဘာကျော် Lonely Planet ခရီးသွားလမ်းညွှန် စာအုပ်တည်ထောင်ခဲ့သူ  Tony Wheeler က Strand  ဟိုတယ်သို့ ရောက်လာခဲ့ပြီး ဟိုတယ်၏အခြေအနေကို သုံးသပ်ရေးသားသွားခဲ့ဖူးသေးသည်။ ပျက်စီးယိုယွင်းနေသော ဟိုတယ်ကြီးထဲ တည်းခိုနားနေသူဧည့်သည်များထက်ကြွက်များကပင် အရေအတွက်ပိုများနေသေးကြောင်း Tony က မှတ်ချက်ပြုသွားခဲ့သည်။ ဟိုတယ်၏ ဘားကောင်တာနှင့် စားသောက်ဆိုင်များမှာ ည ၉နာရီတွင် ပိတ်ကြသော်လည်း အနည်းငယ် သောက်စားလိုသေးသူများအတွက် ဧည့်ကြိုကောင်တာတွင်လျှို့ ဝှက်ရောင်းချ သော မန္တလေးတံဆိပ် ပြည်တွင်းထုတ် ဘီယာအနည်းငယ်ကို ဝယ်ယူသုံးဆောင်နိုင်သေးကြောင်း ၎င်း၏ လမ်းညွှန်စာအုပ်တွင်ထည့်သွင်းရေးသား အကြံပြုခဲ့သည်။ ည ၁၁နာရီဝန်းကျင်၌မူ ဟိုတည်ဧည့်ခန်းတွင် တစ်ဦးတည်း အထီးကျန်သလိုခံစားနေရမည် ဖြစ်သော်လည်း ကြမ်းပြင်ထက်တွင် ပြေးလွှားနေသည့် Strand ကြွက်များက အသုံးတော်ခံမည်ဖြစ်၍ အထီကျန်ခံစားမှုကို အနည်းငယ်ပြေလျော့သက်သာစေမည် ဖြစ်ကြောင်း Tony က ၎င်း၏အတွေ့အကြုံကိုပါ ထည့်သွင်း ရေးသားခဲ့လေသည်။

Tony ၏ ၁၉၇၉ခုနှစ် ခရီးသွားလမ်းညွှန်စာအုပ်တွင် Strand ဟိုတယ်၌ဧည့်သည်များအနေဖြင့် ပထမထပ် ဟိုတယ်ခန်းများထက် ဒေါ်လာ ၁၁.၅ဝတန် (ထိုစဉ်ကဝန်ဆောင်ခ) ဒုတိယထပ်အခန်းကိုသာ ဦးစားပေး ငှားရမ်းသင့်ကြောင်း အကြံပြုရေးသားထားခဲ့သည်။ နှစ်ထပ်စလုံးမှာ ဟောင်းနွမ်းနေကြသည် ချည်းသားဖြစ်သော်လည်း ပထမထပ်နှင့်ယှဉ်လျှင် ဒုတိယထပ်မှ ရေချိုးခန်းများက အနည်းငယ် ပိုသာသေးသည်ဟု ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ထိုနောက် ၁၉၉ဝပြည့်နှစ်တွင် မြန်မာအစိုးရနှင့် အင်ဒိုနီးရှားဟိုတယ်လုပ်ငန်းရှင် အန်ဒရီယန်ဇက်ချာ (Arman Resorts တည်ထောင်သူ) တို ပူးတွဲကာ Strand ဟိုတယ်ကို အကျိုးတူဆောင်ရွက်ခဲ့ကြသည်။ ပြန်လည်မွမ်းမံပြုပြင်ရေးအတွက် ဟိုတယ်ကို သုံးနှစ်ကြာ ပိတ်ထားခဲ့ပြန်သည်။ ပြုပြင်မွမ်းမံမှုများကြား၌ပင်ပင်မဆောင်၏ နောက်ဘက်ကိုမူ ဟိုတယ်၏ တစ်စိတ်တစ် ပိုင်းအဖြစ် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေခဲ့သည်။ တိုးချဲ့ မျက်နှာစာပြင်ချင်မှု ပြီးသွားခဲ့ပြီးနောက် အပြည့်အဝပြီးစီး ကောင်းမွန်သော ဟိုတယ်ခန်း ၃၂နှစ်ခန်းဖြင့် ၁၉၉၃ခုနှစ်ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။ ထိုနောက် Strand ဟိုတယ်ကြီးမှာ ကမာ္ဘ္ဘလှည့် ခရီးသွားများအကြိုက် ကိုလိုနီအငွေအသက်ထုံမွမ်းရာ ရန်ကုန်မြို့ တွင်းမှ နာမည်ကျော်နေရာတစ်နေရာအဖြစ် ယနေ့မြင်ရသည့်အဆောက်အဦးပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းထား နိုင်ခဲ့လေသည်။

ပစ္စုပ္ပ္ပန်ကာလ

လက်ရှိအချိန်တွင်မူ Strand ဟိုတယ်ကြီးကို မိုင်ယာမီ၊ ဘာလီ၊ ဗီယမ်နမ်၊တို့တွင် ဟိုတယ်ပေါင်း များစွာဖွင့်လှစ်ထားသော Globel GHM Luxury Hotels လုပ်ငန်းကစီမံဆောင်ရွက်လျက်ရှိသည်။      ရန်ကုန်မြို့လယ်ရှိ Strand ဟိုတယ်နှင့် တော်ဝင်လမ်းပေါ်ရှိ Governor’s Residence ဟိုတယ်တို့မှာ ခေတ်ဟောင်း အဆောက်အအုံနေရာများ၊ လက်ရာများ၊ ပြန်လည်မွမ်းမံမှုအနက်  အကောင်းဆုံးလက်ရာများဖြင့် ကျန်ရစ်ပြီး ရန်ကုန်ဟိုတယ်လုပ်ငန်းများအနက် ယနေ့တိုင်အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေကြဆဲပင်ဖြစ် လေတော့သည်။
Volume 4, issue 5

လူဖတ်အများဆုံး ဆောင်ပါး (၅)ပုဒ်

  • မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး
  • ၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့
  • အခန်းကျဉ်းမှ အခန်းကျယ်သယောင် အလှဆင်နည်း