အိမ်တစ်လုံး၏အလှကို ပြောင်းလဲပစ်နိုင်သောသဘာဝကျောက်ပြားများ

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
March 14, 2020 နေ့
ဆောင်းပါး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

သဘာဝအလှဆင်ကျောက်ပြားများကို အိမ်တွင်းအိမ်ပြင်အလှဆင်ခြင်းဖြင့် အိမ်တစ်လုံး၏အလှကို ထူးခြားစွာပြောင်းလဲပစ်နိုင်ပါသည်။
သဘာဝကျောက်ပြားဆိုသည်မှာ များစွာသော ကျောက်တောင်များမှ သဘာဝကျောက်သားများအားခွဲထွင်းလျှာထုတ်ပိုင်းဖြတ်၍ လူအသုံးဆောင်တစ်ခုအဖြစ်သို့ ပြန်လည်ရုပ်လုံးဖော်ပြီး ကြမ်းခင်းကျောက်ပြားနံရံကပ်ကျောက်ပြားစသည်အားဖြင့် အမျိုးမျိုး တပ်ဆင်သုံးစွဲနိုင်သော အိမ်အလှဆင်ပစ္စည်းများဖြစ်ကြသည်။ ယင်းအိမ်အလှဆင်ကျောက်ပြားများထဲတွင် သင်ပုန်းကျောက်၊ မာဘယ်လ်၊ ထုံးကျောက်၊ ထရာဗက်တင်း၊ ဂရင်းနိုက်၊ သဲကျောက်စသည်ဖြင့် ရှိခဲ့ကြပြီး သဘာဝအားဖြင့်လည်း အနည်းငယ်စီကွဲပြားကြသည်။ ထို့ကြောင့် ၎င်းကွဲပြားနေသော ကျောက်သားများရဲ့ သဘောသဘာဝကို ကြိုတင်သိရှိထားပြီး မိမိအိမ်ကလေးမှာလိုအပ်လို့ ပြုပြင်မှာပဲဖြစ်ဖြစ်၊ အသုံးပြုဖို့ ဝယ်ယူလျှင်ပဲဖြစ်ဖြစ် သူ့နေရာနှင့်သူ သင့်တော်သလို ဆုံးဖြတ်သုံးစွဲနိုင်စေရန် တင်ပြလိုက်ပါသည်။


သဘာဝအိမ်အလှဆင်ကျောက်များသည် ဈေးကွက်တွင် သူ့ပင်ကို၌ကိုက လူတို့ ဖန်တီးထားသော အခြားအိမ်ဆောက်ပစ္စည်းများနှင့်စာလျှင် ဈေးနှုန်းနေရာ၌ မြင့်မားနေတာကို တွေ့ရမည်။ နောက်ပြီး ကျောက်သားအမျိုးအစားနှင့် အရင်းမြစ်ရှားပါးမှုကိုလိုက်၍ ဈေးကွာတာမျိုးလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ စစ်မှန်သောသဘာဝကျောက်ပြားများသည်အရည်အသွေး၊ အရောင်အဆင်း၊ နောက်ပြီး ကျောက်သားအပွေးအကွက် ဒီဇိုင်းများမှာ နှစ်ကာလမည်သို့ပဲပြောင်းလဲနေပါစေ၊ ဘယ်သောအခါမှ အရည်အသွေး ပြောင်းလဲကျဆင်းသွာလေ့ မရှိခြင်းက အလွန်နှစ်သက်စရာကောင်းလှသည်။


သဘာဝကျောက်ပြားများနှင့် အလှဆင်ခြင်းဖြင့် စွဲမက်ဖွယ်ကောင်းပြီး အသွေးရောင် တစိုစိုနှင့် ကျောက်သား၏သဘာဝအလှကို ထင်ဟပ်စေနိုင်သည်။ ဤအချက်သည် ဘယ်ဆိုက်၊ ဘယ်စီမံကိန်း၊ ဘယ်အိမ်တွေမှာပဲကြည့်ကြည့် ငြင်းလို့မရသော အချက်ဖြစ်သည်။


သဘာဝကျောက်သည် လူတို့ဖန်တီးထုတ်လုပ်ထားသော ကျောက်ပြားတုများထက် ပိုမိုတာရှည်ခံသည်။ ဒီအချက်က မာကျောမှု၊ တာရှည်ခံနိုင်မှုများနှင့် တိုင်းတာသုံးစွဲရမည့်နေရာများတွင် အထူးသင့်တော်သည်ဟု ဆိုရမည်ပင်။ ဥပမာ- မီးဖိုစင် စားပွဲကောင်တာများတွင် ရွေးချယ်ချင်စရာ အရောင်စုံကျောက်ပြားများနှင့်အလှဆင်ခြင်းဖြင့် အခြားပစ္စည်းများထက် မာကျောကျစ်လစ်မှု၊ တာရှည်ခံသော အဆင်အကွက်၊ အမြင့်မားဆုံးသောအရည်အသွေးကို ရရှိပိုင်ဆိုင်နိုင်လေသည်။


နှစ်လိုဖွယ်အမြင်ရှိခြင်းကြောင့် အလှဆင်ကျောက်များသည် သဘာဝမှာကိုက တည်းကအလွန်လှပပြီး အေးမြသောဓာတ်ခံရှိကြသဖြင့် သဘာဝပစ္စည်း စစ်စစ်ဖြင့် အလှဆင်လိုသူအိမ်ရှင်များအတွက် အကောင်းဆုံးရွေးချယ်ရမည့် အရာတစ်ခုဖြစ်သည်။
မာကြောအကြမ်းခံမှုအပိုင်းတွင်လည်း မတော်တဆထိမိ၊ ခြစ်မိသည့်အရေးအကြောင်းများအား တစ်ဖန်ပေါ်လစ်တင်နိုင်သည်ကို ထူးခြားချက်တစ်ခုအဖြစ် သဘာဝကျောက်ပြားများတွင် တွေ့မြင်နိုင်ပါသည်။


သဘာဝကျောက်ပြားများသည်ဆိုခဲ့သည့်အတိုင်း အခြားဖန်တီးထားသောဆောက်လုပ်ရေးသုံးအလှဆင်ပစ္စည်းများနှင့် နှိုင်ယှဉ်ကြည့်လျှင် ဈေးပိုပေးရသည်မှန်သော်လည်း တကယ်တမ်းရရှိလိုက်သည့် သူမတူသောရလဒ်များက သုံးစွဲသူတိုင်းကို ကျေနပ်ပီတိရရှိစေမည်မှာအမှန်ပါပဲ။
ခြုံ၍ပြောရလျှင် သဘာဝကျောက်ပြားများသည်အသုံးပြုရာတွင်လည်း တီထွင်အသုံးပြုသည့်ကြွေပြား၊ ကျောက်ပြားများနှင့်နှိုင်းယှဉ်ပါက အသုံးပြုတပ်ဆင်ရာတွင်လည်း သိပ်အခက်ကြီးတော့ မဟုတ်လှပါ။ ကျောက်သားက လွှာယူသည့် ကျောက်ပြားမို့ အနည်းငယ်လေးလံပြီး မျက်နှာပြင်တပြေးညီအရယူရန် အခက်အခဲရှိနိုင်သည်မှအခြားအချက်များ၌ အခြားကြွေပြား၊ ကျောက်ပြားများနှင့် အလားတူပင်ဖြစ်သည်။ အခြားကြွေပြား၊ ကျောက်ပြားများကဲ့သို့ပင် ဘယ်အနေအထားရလိုသည်။ ဘယ်ပုံစံအကွက်ဖော်ခင်းမည်စသည့်အချက်များက တူညီစွာရှိကြသည်။ သဘာဝကျောက်ပြားများသည် ကုန်ကျစရိတ်အပိုင်းတွင်လည်း သူ့အရည်အသွေးနှင့် သူအစားစားရှိကြသည့်မို့ ရွေးချယ်ခွင့်များစွာရှိသည်။


ဂရင်းနိုက်
ဂရင်းနိုက်ကျောက်ပြားများသည် အိမ်အလှဆင်ကျောက်ပြားများအုပ်စုများထဲတွင် နာမည်ကျော်သည်။ မီးဖိုစားပွဲကောင်တာရှည်များ၊ စသည့်ဖြင့် အိမ်အလှဆင်သူတွေကြိုက်ကြသည်။ ဂရင်းနိုက်တွေဟာ တခြားကျောက်ပြားတွေထက် ပို၍ လည်းဈေးကြီးပြီး တာရှည်ခံမှုမှာလည်း နှစ်ဆပိုသာသည်ဟု ဆိုနိုင်ပါသည်။ စားပွဲကောင်တာများတွင်အသုံးပြုပါက သဘာဝကျောက်၏ အဆင်အကွက်များ နှင့်သန့်သန့်လေး၊ သေသေသပ်သပ်ရှိသည်။ တော်ရုံခြစ်ရာစင်းရာများနှင့် မီးပူဆီပူအိုးများ၏ အပူရှိန်ကိုလည်း ကောင်းကောင်းကြီးခံနိုင်သည်။ ရေငွေ့နှင့် အစွန်းအထင်းများကိုလည်း ခံနိုင်ရည်ရှိသည်။ အေးမြမှုရှိသည်။
ဂရင်းနိုက်၏သဘောသည် မီးဖိုဆောင်မှာ ဘယ်အရောင်ဘယ်ပုံစံနှင့်အလှဆင်ထားလေဦး ကျောက်ပြားရောင်နှင့်မတူနေစေဦးတော့ အစဉ်လိုက်ဖက်မှုရှိသည်။ ဤ သည်ပင် သဘာဝ၏ဂုဏ်သတ္တိ တစ်ခုဟု ဆိုရမည်လားမသိ။
မာဘယ်လ်
မာဘယ်လ်ကိုတော့ လူတော်တော်များများက သိပြီးသာဖြစ်ကြမည်။ ယေဘုယျအားဖြင့်ထုံးကျောက်နှင့် သဘာဝချင်းတူညီမှုရှိပြီး အဖြူ၊ အနက်၊ ဝါဖန့်ဖန့်၊ အနီရောင်၊ အစိမ်းရောင်၊ စသဖြင့် အမှိန်၊ အကြည်မှစ၍ အမျိုးစုံအောင်လာသည်။ ကြမ်းခင်းအဖြစ်အသုံးပြုရန် အလွန်ကောင်းသည်။ ဗိသုကာများ၊ ဆောက်လုပ်ရေးသမားများ အသုံးများပြီး ကျွန်တော်တို့ကိုယ်တိုင်လည်း အိမ်အတော်များများ၏ပတ်ပတ်လည်တွေမှာ မကြာမကြာတွေ့ရတတ်၏။
သူ့မှာ အားနည်းချက်ကအသားနုတာ၊ ဒါ့ကြောင့် အစင်းကြောင်းထင်တာ၊ အစွန်းအထင်းနှင့် ပွတ်တိုက်မိတာ၊ ထိန်းသိမ်းရတဲ့နေရာမှာလည်း အခြားအလှဆင်ကျောက်ပြားတွေထက် ပိုမိုဂရုစိုက်ရတာတော့ ရှိမည်။


ဒါပေမယ့် အမှန်တကယ် ဂရုစိုက်နိုင်မယ် ဆိုလျှင်တော့ နှစ်သက်စရာအရောင်အသွေးကို နှစ်ရှည်ခံတယ်ဆိုတာကတော့ ဧကန်မလွဲပါပဲ။ မာဘယ်လ်သည် မျက်နှာပြင်၌ ပေါ်လစ်တင်ထားသည့် ပမာဏအလျှောက်အေးမြမှုရှိသည်။ ပိုမိုပေါ်လစ်တင်ထားလေလေ မျက်နှာပြင်က ပို၍ ညီညာချောမွေ့နေသဖြင့် ကျွန်တော်တို့ ထိတွေ့ရသည့် ဧရိယာများပြားသည့် အလျှောက်သဘာဝမာဘယ်လ်ကျောက်၏ အေးမြမှုကိုထိတွေ့ခံစားရလေဖြစ်ပါသည်။ ဂရင်းနိုက်နှင့် နှိုင်းယှဉ်ကြည့်လျှင်တော့ ဂရင်းနိုက်က မာဘယ်လ်ထက်ပိုမိုအေးမြသည်ဟုပင်ဆိုရမည်။
သင်ပုန်းကျောက်
သင်ပုန်းကျောက်သည်လည်း သဘာဝကျောက်အမျိုးအစားထဲမှာပါဝင်ပြီး အရောင်အားဖြင့် အစိမ်းရင့်ရင့်မှ အစပြုကာ သက်တမ်းအနုအရင့်လိုက်ရှိကြသည်။ သင်ပုန်းကျောက်မှာ ကောင်းတာက စားပွဲကောင်တာများ၊ အတွင်းပိုင်းနံရံများ၊ အတွင်းပိုင်းကြမ်းခင်းများ၊ လျှောက်လမ်း၊ ကားပါကင်အဝင်အထွက်၊ ပေါ်တီကို၊ မြေထိန်းနံရံတွေအတွက် များစွာသင့်တော်ပါသည်။ ရေစိမ့်မှုမရှိသဖြင့် အမိုးပြားများတွင် မိုးရေစိမ့်ခြင်း၊ မှိုနှင် ရေညှိရေမှော် တော်ရုံမတက်သကဲ့သို့ ထိန်းသိမ်းကိုင်တွယ်ရသက်သာပြီး အိမ်တွင်းအိမ်ပြင်နှစ်မျိုးစလုံး၌ စိတ်တိုင်းကျအသုံးပြုအလှဆင်နိုင်ပါသည်။
သင်ပုန်းကျောက်ကို ရေချိုးခန်းနဲ့ Spa တွေမှာလည်း အသုံးများကြသည်။ သင်ပုန်းကျောက်အရည်အသွေးကိုစစ်ဆေးလိုလျှင်တော့ ဦးစွာပထမ သင်ပုန်းကျောက်သားတစ်ခုကို မိနစ်အနည်းငယ်ခန့်ရေဆေးချလိုက်ပြီး ရှာလကာရည် (သို့မဟုတ်)သံပုရာရည်လို အချဉ်ဓာတ်ပါဝင်သော အရည်တစ်မျိုးမျိုးနှင့် ခပ်ပါးပါးလေးသုတ်ကြည့်ပါ။ အရောင်ကျသွားပြီး အခြေအနေတစ်ရပ်တစ်ရပ်ပြောင်းလဲပုံကိုကြည့်၍ အရည်အသွေး ခန့်မှန်းနိုင်ပါသည်။


ထုံးကျောက်
ထုံးကျောက်သည် ပင်လယ်နေသတ္တဝါများ၏ အရိုးအစွယ်များ၊ ခရုကမာကောင်တို့၏ အခွံများအား သဘာဝအလျောက်ပျက်စီးလျက် ပင်လယ် သမုဒ္ဒရာကြမ်းပြင်တွင် အနည်ထိုင်စုပုံဖွဲ့စည်းမိရာမှ ဖြစ်ပေါ်လာသော ကျောက်အမျိုးအစားတစ်ရပ်ဖြစ်သည်။ ထုံးကျောက်ပြားတွင် အမျိုးအစားများစွာရှိပြီး အရည်အသွေး လည်းစုံသည်။ ကိုင်တွယ်အသုံးပြုရကောင်းမွန်ပြီး၊ မာကြောမှုအားကောင်းသဖြင့် ထုံးကျောက်ကို အဆောက်အဦပိုင်းအလှဆင်သည့်အပြင်၊ ရုပ်ထုပုံစံများလုပ်ကိုင်ရာတွင်လည်း အသုံးများသည်။ အပြာရောင်၊ အဝါ၊ အနက်၊ အညိုစသဖြင့်အမျိုးမျိုးလာသည်။ ထုံးကျောက်ပြားများနှင့် အလှဆင်ရာတွင် သိထားရမည့်တစ်ခုကတော့ ဂရင်းနိုက်ကျောက်ပြားများကဲ့သို့ နောက်ထပ် ပေါ်လစ်မတင်နိုင်ခြင်းပါ။ အကြောင်းမှာ ထုံးကျောက်၏သဘာဝကိုက အစိုင်းအခဲသတ္တိ ဖြင့်ဖွဲ့စည်းထားခြင်း မဟုတ်သောကြောင့်ဖြစ်သည်။
ထရာဗတ်တင်း
မာဘယ်လ်အနွယ်ဝင်အမျိုးအစားဖြစ်ပြီး အပေါက်ငယ်ကလေးများပါဝင်သည်မှအပ အနည်းငယ်နုသော ကျောက်သားမျိုးဖြစ်ပြီး အဆင်၊ ဒီဇိုင်းစုံအောင်လာသည်။ အသုံးများသည်မှာ မီးဖိုဆောင်ကြမ်းခင်းများ၊ ရေချိုးခန်းနှင့် ရေချိုးခန်းနံရံများတွင်အသုံးများသည်။ အချို့ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်သူများကတော့ ဂန္တဝင်မြောက်သောအလှအတွက် ထရာဗတ်တင်းကျောက်အမျိုးအစားများကို အပြင်ဘက်နံရံများမှာပါ ရွေးချယ်အသုံးပြုတတ်ကြသည်။


သဲကျောက်
တန်ဖိုးနည်းအိမ်ရာတွေ၊ ဘုရာရှိခိုးကျောင်းတွေမှာအညိုပျော့ပျော့သဲကျောက်ပြားများဖြင့် ရှေးအရင်က အလှဆင်ခဲ့ကြသော်လည်း ယခုအခါလူကြိုက်လည်း နည်းသွားကြပြီဖြစ်သည်။ ယခုခေတ်မှာတော့ သဲကျောက်အနုအရင့်မာကျောမှုအနေအထား၊ အကြမ်းခံနိုင်မှုအခြေအနေပေါ်တွင်သာ စဉ်းစားအသုံးပြုကြသည်။ သဲကျောက်တွင်ပါဝင်သော အပေါက်ငယ်ကလေးများမှ ရေစိမ့်နိုင်သည်။
အမှန်စင်စစ် သဘာဝကျောက်စစ်စစ် ကျောက်ပြားများသည် အိမ်အတွင်းပိုင်းမှာ အသုံးပြုရန်အထူးသင့်တော်သည်။ ဒါဆို အိမ်ပြင်ဘက်တွေမှာ အသုံးမပြုရတော့ဘူးလားဟုတော့ မဆိုလိုပါ။ အပြင်ဘက်နံရံများ၊ အပူရှိန်မြင့်မားသောနေရာများ အိမ်ပြင် Landscaping တွေမှာအသုံးပြုခြင်းဖြင့် ပြီး ပြည့်စုံသောအလှကိုရရှိစေပါသည်။ ကျောက်သားတိုင်း ကျောက်သားတိုင်းတွင် သဘာဝ၏ထူးခြားကောင်းမွန်သော ဝိသေသတစ်မျိုးစီကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အဆောက်အဦးတစ်ခုကိုသမားရိုးကျမြင်ကွင်းမျိုးမှ ပိုမိုစွဲဆောင်မှုရှိသော အနုပညာမြောက်ဂေဟာလေးတစ်ခုအဖြစ်သို့ အချိန်ကာလ၏စိန်ခေါ်မှုကို ကြံ့ကြံ့ခံနိုင်ရည်ရှိသော သဘာဝကျောက်သားကျောက်ပြားများဖြင့် ဂုဏ်ယူစွာအလှဆင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၁)

အိမ်မှအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းများ (၁)

ဝန်ဆောင်စရိတ်သက်သာစေသော အိမ်အလှဆင်ခြင်း

ဝန်ဆောင်စရိတ်သက်သာစေသော အိမ်အလှဆင်ခြင်း

စိတ်ဖိစီးမှု လျှော့ချစေနိုင်မည့်အချက် ၆ချက်

စိတ်ဖိစီးမှု လျှော့ချစေနိုင်မည့်အချက် ၆ချက်