အာဇာနည်ဗိမာန်၏ ဗိသုကာဒီဇိုင်း

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ မေတန်ခူး မှ
July 17, 2018 နေ့
ဆောင်းပါးများအင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

44

အာဇာနည်ဗိမာန်၏ ဗိသုကာဒီဇိုင်း


မြန်မာ့လွတ်လပ်ရေးသမိုင်းကြောင်းမှာ မည်သည့်အခါမှ ဖျောက်ဖျက်၍မရနိုင်သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်များကျဆုံးခဲ့သော ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်နေ့ အဖြစ်သတ်မှတ်ခဲ့ကြပြီး ဂူဗိမာန်တည်ဆောက်ကာ ဂါရဝပြုခဲ့ကြပါသည်။ ထို ဂူဗိမာန်တည်ရှိရာ နေရာကို အာဇာနည်ဗိမာန်ဟုခေါ်ဝေါ်ခဲ့ကြသည်။  အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို အားလုံးသိရှိထားသည့် နည်းတူ အာဇာနည်ဗိမာန်၏ဗိသုကာဒီဇိုင်းနှင့်အတူ ၎င်း၏သမိုင်းကြောင်းကိုလည်း ဗိသု ကာပညာကို ချစ်မြတ်နိုးသော စာဖတ်ပရိသတ်တို့သိချင်နေပေမည်။ ထို့ကြောင့်အာဇာနည်ဗိမာန်၏သမိုင်းကြောင်းနှင့်အတူ ဗိသုကာဒီဇိုင်းဖြစ် ပေါ်လာသော အကြောင်းခြင်းရာများကို မျှဝေပေးနိုင်မည့် စက်မှုတက္ကသိုလ်ဗိသုကာဌာန အာဇာနည်ဗိမာန်ပုံစံထုတ်အထူးဖွဲ့တွင်ပါဝင်ခဲ့သော ဗိသုကာ ဆရာဦးဆန်းဦးထံသို့ သွားရောက်တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါသည်။

မေး။        ။ဆရာရှင့်အာဇာနည်ဗိမာန်ရဲ့ ဗိသုကာ ဒီဇိုင်းနဲ့ပက်သက်ပြီးတော့ စာဖတ်ပရိသတ်ကို မျှ ဝေပေးချင်တဲ့ ဆန္ဒလေးဖြစ်လာတာနဲ့ဆရာ့ဆီအရောက်လာခဲ့တာပါ။ အာဇာနည်ဗိမာန် ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို ပြောပြပေးပါဆရာ။

ဖြေ။        ။အာဇာနည်ဗိမာန် အဆောက်ဦဟောင်းဟာ ၁၉၈၃ မှာ ဗုံးပေါက်ပျက်စီးခဲ့ပါတယ်။ ဒီ အာဇာနည်ဗိမာန် ကို အသစ်ပြန်လည်တည်ဆောက်ဖို့အတွက် ၁၉၈၄ ဖေဖော်ဝါရီလမှာ concept  ကို စတင်ခဲ့ပါတယ်။  ဧပရယ်မှာ ဒီဇိုင်းအတည်ပြုခဲ့ပြီး ဇူလိုင်လမှာတော့ဗိသုကာအထူးဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။ ဇူလိုင်မှစက်တင်ဘာလအတွင်း Drawing တွေထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက် အောက်တိုဘာလ မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။  ၁၉၈၅ ဇူလိုင်လမှာ အခုလက်ရှိ အာဇာနည်ဗိမာန် ကို တည်ဆောက်ပြီးစီးခဲ့ပါတယ်။ ဆရာတို့ ရေးဆွဲခဲ့တဲ့ လက်ရှိအဆောက်အဦရဲ့ သက်တမ်းက ၂၉နှစ်ရှိပြီပေါ့။ ဒီဇိုင်းရေးဆွဲတဲ့နေရာမှာ ဒီဇိုင်းထုတ်ဖို့ညွှန် ကြားခဲ့တဲ့ ဌာနာရဲ့လမ်းညွှန်မှုနဲ့အဆောက်အဦဟာ ခေါင်မိုး၊ အကာအကွယ်မပါရဘူး၊ ရင်ပြင်နဲ့ဒီဇိုင်း ဖြစ်ရမယ်၊ ရှင်းလင်းတဲ့ဒီဇိုင်းဖြစ်ရမယ်ဆိုတဲ့အချက်တွေနဲ့ရေးဆွဲပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဇိုင်းမှာ ဘာမှမပါရင်လည်း မကောင်းတာမို့ ဒီဇိုင်နာက နောက်ခံကားချပ်ရယ်၊ အလေးပြုတဲ့ရင်ပြင်ရယ် ဖန်တီးပေးလိုက်ပါတယ်။  အဝင်လှေကားကနေတက်၊ ရင်ပြင်မှာအလေးပြုပြီးတဲ့အခါ နောက်ခံကားချပ်ရဲ့ ဘေးတစ်ဖက်စီကနေ ဘယ်ညာခွဲပြီးဆင်းရတဲ့ဒီဇိုင်း မျိုးရေးဆွဲခဲ့ပါတယ်။

မေး။ ။ အာဇာနည်ဗိမာန်အတွက် ဒီဇိုင်းအဖွဲ့မှာ ဆရာနဲ့အတူ ဘယ်သူတွေပါဝင်ခဲ့တယ်ဆိုတာ လေး ပြောပြပေးပါဦး ဆရာ။

ဖြေ။ ။ ဆရာအရှေ့မှာပြောခဲ့တဲ့အတိုင်းပါပဲ ဒီဇိုင်းရေးဆွဲဖို့အတွက်ကို ၁၉၈၄ ဇူလိုင်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ဗိသုကာဌာန အာဇာနည်ဗိမာန်ပုံစံထုတ်အထူးဖွဲ့ဆိုပြီး တရားဝင်ဖွဲ့ပေးခဲ့ပါတယ်။  ဒီအဖွဲ့မှာ အကြံပေး-ဦးအောင်ကြည်(ပါမောက္ခချုပ်)။ လမ်းညွှန်ကြီးကြပ်သူများအဖြစ်- ဒေါက်တာ မောင်ကျော်(ပါမောက္ခ္ခ၊ ဗိသုကာဌာန)။ ဦးကျော်သိန်း(ကထိက၊ မြို့ပြအင်ဂျင်နီယာဌာန)။ ဒေါက်တာလွင်အောင်(ကထိက၊ ဗိသုကာဌာန)။ ဦးလှမြင့်(ကထိက၊ ဗိသုကာဌာန) တို့ပါဝင်ပြီး နောက်ထပ် ဆရာဦးဆောင်ပါဝင်တဲ့ဗိသုကာ ၁၂ ယောက် အဖွဲ့နဲ့စုပေါင်းဖန်တီးခဲ့ကြပါတယ်။ အခု ဆရာနဲ့အတူရှိနေတဲ့ ဆရာဦးခင်မောင်လတ် လည်း အပါ အဝင်ပေါ့။

မေး။       ။ အာဇာနည်ဗိမာန်အတွက် ဒီဇိုင်းဆွဲတဲ့အခါမှာ အချိန်ဘယ်လောက်ကြာမြင့်ခဲ့ပါသလဲဆရာ။

ဖြေ။        ။ ကြာမြင့်ချိန်အနေနဲ့ကတော့ ဒီဇိုင်းဆွဲတာ ၂ လ၊ အဆောက်အဦ ဆောက်လုပ်တာ ၉ လ စုစုပေါင်း (၁၁) လ ဆရာတို့အချိ်န်ယူခဲ့ရပါတယ်။

မေး။     ။ အာဇာနည်ဗိမာန်ရဲ့ဗိသုကာဒီဇိုင်းမှာ အရေးပါတဲ့ concept ကိုသိခွင့်ပေးပါဦးဆရာ။

ဖြေ။        ။အာဇာနည်ဗိမာန်ဆိုတာ အထိမ်းအမှတ်အဆောက်အဦဖြစ်တဲ့အတွက် သမိုင်းကို မော်ကွန်းတင် ကဗ္ဗည်းထိုးနိုင်မယ့် နောင်လာနောက်သားတွေမှတ်မိတဲ့ပုံစံ၊ ကျဆုံးသွားတဲ့ခေါင်းဆောင် ကြီးများရဲ့ ဂုဏ်သိက္ခာ တွေနဲ့ညီတဲ့ ခန့်ညားမှု၊ တည်ငြိမ်မှုတို့လည်းထင်ဟပ်နေမယ်ပုံစံ၊ ရေရှည်ခံတဲ့ ပုံစံလည်းဖြစ်ရမယ်ပေါ့ အဲ့ဒါတွေ အားလုံးကိုပေါင်းစပ်ပြီး concept ယူခဲ့တာဖြစ်ပါတယ်။

မေး။ ။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ခေါင်းဆောင်ကြီးတွေရဲ့ဂူဗိမာန်ကို ဖန်တီးပုံဖော်တဲ့နေရာမှာ ဆရာတို့အနေနဲ့အထူးရည်ညွှန်းခဲ့ကြ တာလေးတွေလည်း ပြောပြပေးပါဦး ဆရာ။

ဖြေ။        ။အာဇာနည်ဂူဗိမာန်ဟာ မြန်မာနိုင်ငံသမိုင်းအဖြစ်အပျက် ဖြစ်ခဲ့တဲ့အတွက် မြန်မာမှုမြန်မာ့ဟန်တွေ  ထင် ဟပ် နိုင်စေဖို့ဆရာတို့  ကြိုးပမ်းခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်က မြန်မာပြည် ၁၉၄ဝ အင်္ဂလိပ်လက်အောက် ကိုလိုနီခေတ်၊ နေရာကတော့ မြန်မာပြည်လည်းဖြစ်တယ်၊ ဒါ့ကြောင့်ပုဂံခေတ်၊ ကုန်းဘောင်ခေတ်ကဟန်တွေ ကိုထည့်ဖို့လည်း မဖြစ်၊ ကိုလိုနီဟန်လည်း မဖြစ်သင့်တဲ့အတွက် အမျိုးသားဟန်ကို တိတိကျကျမဖော်ထုတ် ပဲ အပြောက်အမွှန်း (Decoration) နည်းပြီးအဖြူထည်အလှကိုဖော်ထုတ် ပြဖို့ကြိုးပမ်းခဲ့ပါတယ်။ သင်္ကေတအ နေနဲ့ ကြယ်ပွင့်တစ်ခုပဲရှိပါတယ်။ ဒီကြယ်ပွင့်ကတော့လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအလံက ကြယ်ပွင့်ဖြူကို ယူထားတာ ဖြစ်ပါတယ်။ နိုင်ငံကို ကိုယ်စားပြု၊ ခေါင်းဆောင်ကြီးတွေကို ကိုယ်စားပြုပြီး ကြယ်ပွင့်ဖြူကို ထည့် ပါတယ်။ အပြောက်အမွှန်းမပါပေမယ့် မြန်မာ့ဗိသုကာလက်ရာရဲ့အနှစ်သာရတွေကို ထည့်သွင်း ဖွဲ့စည်းပေးထားပါတယ်။ ဥပမာ – မြန်မာ့အထွတ်အမြတ်ထားရာ အဆောက်အဦများရဲ့ ပန္နက်ဖွဲ့စည်းပုံကို အခြေခံထားပါတယ်။ စောင်းတန်းပုံစံ၊ ရင်ပြင်တော်ကိုတက်တဲ့လှေကားတွေလိုပဲ လှေကားကနေတဆင့် တက်ဖို့စီစဉ်ထားတယ်၊ တန်စောင်းများနဲ့စေတီများ နှစ်ခုကြားရှိ ရင်ပြင်တော်ကဲ့သို့ ကွက်လပ်(သို့) ဗိသုကာဟင်းလင်းပြင်ကို အလေးပြုရင်ပြင်အဖြစ် ဖွဲ့စည်းပေး ထားတာမျိုးတွေ   ထည့်သွင်းထားပါတယ်။ အပြောက်အမွှန်းဆိုတာက ခေတ် တစ်ခု ဒါမှမဟုတ် လူမျိုးတစ်မျိုး ဒါမှမဟုတ်အကြောင်းအရာကိုဖော်ညွှန်းတဲ့ ဒီဇိုင်းအခြေခံတွေဖြစ်ပါတယ်။ ဗိသုကာတွေ၊ Interior ဒီဇိုင်နာတွေဟာ ဒီအပြောက်အမွှန်း ကို သုံးခြင်းအားဖြင့် လိုချင်တဲ့ဖော်ပြချင်တဲ့ဒီဇိုင်းအရသာကို ပေးစွမ်းနိုင်တယ်။  အသုံးပြုရလွယ်ကူတယ်။ အပြောက်အမွှန်းမပါပဲ လိုချင်တဲ့ဒီဇိုင်းအရသာကို ပေးစွမ်းနိုင်ဖို့က ခက်ခဲပါတယ်။ အာဇာနည်ဗိမာန်မှာ ဘာအ ပြောက်အမွှန်းမှ မထည့်ပဲနဲ့လိုချင်တဲ့ ဒီဇိုင်း ရသနဲ့ခံစားမှုကိုပေးစွမ်းနိုင်အောင် ဒီဇိုင်းအဖွဲ့က ကြိုးစား ပုံထုတ်ခဲ့ပါတယ်။

 

မေး။       ။ အာဇာနည်ဗိမာန်အတွက် ဒီဇိုင်းစတင်ရေးဆွဲစဉ်က ထည့်သွင်းခဲ့ပေမယ့်တကယ်တမ်းမှာ မပါခဲ့တဲ့ အစိတ်အပိုင်းတွေရောရှိပါသလားဆရာ။

ဖြေ။ ။ဒီဇိုင်းစတင်ရေးဆွဲစဉ်က ဗိမာန်အဆောက်အဦတင်သာမကပဲ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ ဝင်ထွက် သွားလာမှုတွေကိုပါ စဉ်းစားဖြေရှင်းပေးခဲ့ပါတယ်။  ဗိမာန်နောက်ကျော အရှေ့ဖက်အရပ်မှာရှိတဲ့ကုန်းမြေကို အနည်းငယ်ဖဲ့ပြီး ရင်ပြင်ကြီးတစ်ခုတည်ဆောက်ရန် ပုံစံထုတ်ခဲ့ပါတယ်။ အဲဒီရင်ပြင်မှာတော့ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ အတွေးအခေါ်တွေကိုပြသမယ့် ပြတိုက်တစ်ခု တည်ဆောက်ရန် နေရာချထားပေးခဲ့ပါတယ်။ ဒါပေမယ့်ယနေ့ထိ မဆောက်လုပ်ဖြစ်သေးပါဘူး။ ထိုနည်းတူစွာပဲ အဝင်လမ်း တလျှောက်နဲ့ နားနေတဲ့ရင်ပြင်အဝိုင်းပတ်ဝန်းကျင်မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီး များရဲ့ရုပ်တု၊ သမိုင်းသရုပ်ဖော် ရုပ်ကြွတွေနဲ့တန်ဆာဆင်မယ့်လူထုအဝင် ပန်းခြံတစ်ခုကိုလည်း Mater Plan ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဒါလည်းမတည်ဆောက်ဖြစ်သေးပါဘူး။  ရင်ပြင်ပတ်ချာလည်မှာရှိတဲ့ ရင်တားလို့ ခေါ်တဲ့ လက်ရန်းတွေမှာ ကျဆုံးခဲ့တဲ့ခေါင်းဆောင်ကြီးများရဲ့ အတ္ထုပ္ပတိနဲ့ မိန့်ခွန်းများကို ကဗ္ဗည်းထိုးဖို့နေရာအဖြစ် ရည်ရွယ်ပုံထုတ်ပေးခဲ့ပါတယ်။ ဒါတွေကိုလည်း တစ်နေ့ဖြည့်စွက်ဖို့စီစဉ်ကြ လိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ဟုတ်ကဲ့ပါ ဆရာ။ အခုလို အာဇာနည် ဗိမာန်အကြောင်းကို ပြည့်ပြည့်စုံစုံလေး ပြောပြဖြေကြားပေးသွားတဲ့ အတွက် ဆရာ့ကို အထူးကျေးဇူးတင်ရှိပါတယ်။

စာဖတ်ပရိသတ်ကြီးလည်း ဗဟုသုတအဖြစ် သိရှိခွင့်ရတဲ့ အတွက် ကျေနပ်ကြလိ်မ့်မယ်လို့  မျှော်လင့်မိပါတယ်။

Myanmar Home & Decor Magazine ( Volume – 3, Issue – 3) 2012  မှ ရွေးချယ် တင်ပြပါသည်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

အိမ်နီးချင်းကြောင့် လာဘ်ပိတ်ခြင်း

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

Resort တစ်ခုအသွင်ခံစားရစေမည့် ဖန်တီးမှုများနှင့်အိမ်

သင့်ရုံးခန်းလေးအတွက် အပင်လေးများ

သင့်ရုံးခန်းလေးအတွက် အပင်လေးများ

နံရံကိုပစ္စည်းထားဖို့နေရာအဖြစ်ပြောင်းလဲခြင်း

နံရံကိုပစ္စည်းထားဖို့နေရာအဖြစ်ပြောင်းလဲခြင်း

ဖုန်းရွှေ နှင့် ညီသောအိမ်

ဖုန်းရွှေ နှင့် ညီသောအိမ်