အကောင်းဆုံးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုရခဲ့တဲ့ “Secretariat”

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
January 12, 2021 နေ့
အင်တာဗျူး ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အတွင်းဝန်ရုံးဟာ ထင်ရှားလှတဲ့ အဖြစ်အပျက်များတည်ရှိရာနေရာ၊ တန်ဖိုးမဖြစ်နိုင်တဲ့ ရှေးဟောင်းဗိသုကာလက်ရာများနှင့် ပြည့်နှက်နေတဲ့ နှစ်ပေါင်း ၁၃၂ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထင်ရှားလှတဲ့ အဆောက်အအုံကြီးဖြစ်ပါတယ်။ အတွင်းဝန်ရုံးကို ဝန်ကြီးများရုံးလို့လည်း လူသိများခဲ့ကြပါတယ်။ Anawmar Art Group ကပြုပြင်ထိန်းသိမ်းထားသော Secretariat Yangon  ၂၀၂၀ခုနှစ်တွင် PropertyGuru မှ ပေးအပ်ချီးမြှင့်တဲ့ Best Heritage Renovated Property (အကောင်းဆုံး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆု) ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒါ့ကြောင့် စိတ်ဝင်စားစရာကောင်းတဲ့ အတွင်းဝန်ရုံးနဲ့ ပတ်သက်ပြီး Nang Si Monn Tip (Associate Director, Secretariat Yangon) နဲ့ စကားစမြည်ပြောဖြစ်ခဲ့တာကတော့ ….

အတွင်းဝန်ရုံးရဲ့ သမိုင်းအကြောင်းနဲ့ပတ်သက်ပြီး အကျဉ်းချုံးလေး ပြောပြပေးပါရှင့်။ 

  • ဝန်ကြီးများရုံးဟောင်း (ယခင်အတွင်းဝန်များရုံး)ကို ဗိသုကာပညာရှင် Henry Hoyne-Fox ကဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၈၈၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ထိုနေရာမှ ဗြိတိသျှကိုလိုနီက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်လည်း အထင်ကရနေရာအဖြစ် ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ အခြေခံဥပဒေမူကြမ်းကို ၎င်းနေရာတွင်ရေးဆွဲခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများလည်း ယင်းနေရာတွင်ကျဆုံးခဲ့ပါတယ်။ ၁၉၄၈ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ချိန်မှာ အင်္ဂလိပ်အလံကို ဖြုတ်ချပြီးတော့ လွတ်လပ်သော မြန်မာနိုင်ငံတော်အလံကိုလည်း ပထမဆုံးအကြိမ်အဖြစ် လွှင့်ထူခဲ့ပါတယ်။ ဝန်ကြီးများရုံးဟောင်းသည် ၁၆ ဧကနီးပါးကျယ်ဝန်းသော မြေနေရာပေါ်မှာ တည်ရှိပြီး စုစုပေါင်း ပျမ်းမျှအကျယ်အဝန်း ၂၂၀၀၀၀ စတုရန်းပေခန့် ကျယ်ဝန်းပါတယ်။ 

မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်တဲ့ အတွင်းဝန်ရုံးကို ပြုပြင်မွမ်းမံဖြစ်ခဲ့တာ ဘယ်ခုနှစ်လောက်ကစပြီး ပြုပြင်ခဲ့တာပါလဲရှင့်။

  • ၂၀၁၇ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေး ကော်မတီအား ဖွဲ့စည်းပေးခဲ့ပြီး ပြုပြင်မွမ်းမံမှုများ စတင်ပြုပြင်ခဲ့ပါတယ်။ ဤရှေးဟောင်းအဆောက်အဦ ပြုပြင်ဖို့အတွက် Becca နှင့် Meinhardt ကဲ့သို့သော နိုင်ငံခြားအခြေစိုက် အဆောက်အဦကြံ့ခိုင်ရေး ကျွမ်းကျင်ပညာရှင်များ၊ အဆောက်အဦ ကျွမ်းကျင်ပညာရှင်များအပြင် အခြားကျွမ်းကျင်သော ပညာရှင်များထံမှ အကြံဉာဏ်ရယူခဲ့ပါသည်။ YHT ကလည်း ပူးပေါင်းပါဝင်၍ အကြံဉာဏ်ပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ 

ရှေးဟောင်းအမွေအနှစ်ကို ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းတွေလုပ်တဲ့အခါမှာ သတိပြုရတဲ့ အချက်လေးတွေကို ပြောပြပေးပါရှင့်။

  • ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းလုပ်ငန်းတွေမှာ အရေးကြီးဆုံးအချက်က ရှေးမူမပျက် မူလလက်ရာအတိုင်း မူလအသုံးပြုထားသော ပစ္စည်းများကို အကောင်းဆုံးအစားထိုးခြင်း ဖြစ်ပါတယ်။ ထို့ပြင် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သို့ပြုပြင်ခဲ့ကြောင်း မှတ်တမ်းများကို ပြုစုရခြင်းဖြစ်ပါတယ်။

လက်ရှိမှာ အတွင်းဝန်ရုံးကို အများပြည်သူအတွက် ဘယ်လိုအစီအစဉ်တွေနဲ့ ဖွင့်လှစ်ပေးထားတာရှိပါသလဲရှင့်။

  • ဝန်ကြီးများရုံးဟောင်းကို မြန်မာနိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းပြသထားရာ နေရာတစ်ခုအဖြစ် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် စီစဉ်ဖွင့်လှစ်ပေးထားပါတယ်။ သမိုင်းပြတိုက်များအနေနဲ့ လွတ်လပ်ရေးသမိုင်းပြတိုက်နှင့် အာဇာနည်ပြတိုက်များကို ထားရှိမှာဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ ပြပွဲပြခန်းများ၊ ဟောပြောပွဲများ၊ မြန်မာ့ရိုးရာလက်မှုအနုပညာများဖြစ်တဲ့ ရက်ကန်းရက်ခြင်း၊ ယွန်းထည်ပြုလုပ်ခြင်း အစရှိတဲ့ အစီအစဉ်များကို ဖွင့်လှစ်ထားရှိပေးသွားမှာ ဖြစ်ပါတယ်။

Property Guru ကကြီးမှူးတဲ့ Myanmar Property Award 2020 in partnership with Shwe Property မှာ ဝင်ရောင်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံလေးကို ပြောပြပေးပါရှင့်။

  • Property Guru Asia Property Award ကိုရှေးဟောင်းအမွေအနှစ် ပြုပြင်ထိန်းသိမ်းနေတဲ့ developer တစ်ယောက်အနေနဲ့သာ ဆုရရှိခဲ့မယ်ဆိုရင် နောင်လာမယ့်လုပ်ငန်းတွေမှာလည်း အားတက်စရာ ဂုဏ်ယူစရာတစ်ခု အနေနဲ့ ကျန်ရစ်မှာဖြစ်တဲ့အတွက်ကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ 

Property Guru ကချီးမြှင့်တဲ့ အကောင်းဆုံးရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းပြုပြင်ဆုကို ရရှိခဲ့တာ ဘယ်လိုအချက်တွေကြောင့်ရတယ်လို့ ပြောလို့ရမလဲ။

  • အဓိကအချက်အနေနဲ့ကတော့ 3P ပါပဲ။ 
  • Preparedness – ဖြစ်ပေါ်လာတဲ့ အခြေအနေတိုင်းကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်ရန် ပြင်ဆင်ထားရှိမှု
  • Persistence – စဉ်ဆက်မပြတ်ကြိုးပမ်းမှု
  • Peak Performance – အကောင်းဆုံးစွမ်းဆောင်နိုင်အောင် ကြိုးပမ်းနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ 

Myanmar Home & Décor စာဖတ်ပရိတ်သတ်ကို ဆုရရှိခြင်းနှင့် ပတ်သက်ပြီး ဘာပြောချင်ပါသလဲရှင့်။ 

  • Property Guru Asia Property Award ဆုရရှိခဲ့တဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပြီး နောင်လာမယ့်နှစ်တွေမှာလည်း ထိုက်တန်တဲ့ အခြားခြားသော ဆုများစွာကို ရရှိနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 


ဆက်စပ်ဆောင်းပါးများ

Best Wellness ဆုရတဲ့အလှအပတွေဖန်တီးရာနေရာ

Best Wellness ဆုရတဲ့အလှအပတွေဖန်တီးရာနေရာ

မလဲ့ဖြူဝင်းရဲ့ Interior Designer ဘဝဖြတ်သန်းမှုများ

မလဲ့ဖြူဝင်းရဲ့ Interior Designer ဘဝဖြတ်သန်းမှုများ

ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ

ဒီဇိုင်းပညာရပ်ကို ရူးသွပ်လို့ ဗိသုကာဖြစ်ခဲ့အောင်ကြိုးစားခဲ့တဲ့ မကျော်လင်းစုစံ

အိမ်မက်တစ်ခုအကောင်အထည်ဖော်ခြင်း Crystal Residence Condo

အိမ်မက်တစ်ခုအကောင်အထည်ဖော်ခြင်း Crystal Residence Condo