ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ ဇင်ယော်နီ မှ
July 14, 2020 နေ့
ကျန်းမာရေးနှင့် စီးပွားရေးဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ကျွန်ုပ်ငယ်စဉ်ကအကြောင်းအရာလေးတစ်ခုကို ယနေ့ထက်တိုင် သတိရနေမိဆဲ ဖြစ်ပါ၏။ ကျွန်ုပ်၏ အဘိုးသည် တစ်ခါတစ်ရံ၌ အိမ်နောက်ဖေးဘက်သို့ အပြေးကလေးဝင်သွားကာ မီးဖိုခန်းထဲမှ ကြောင်အိမ်ကို ခြေထောက်ဖြင့် ကန်လေ့ရှိ၏။ တစ်ခါတစ်ရံ ကျွန်ုပ်တို့အား ထိုသို့ ကြောင်အိမ်ကို ခြေထောက်ဖြင့် ကန်ရန် စေခိုင်းလေ့ရှိလေ၏။ ကျွန်ုပ်တို့က –
“ အဘိုး ဘာလို့ အဲ့လိုလုပ်ရတာလဲ” ဟု မေးမိလျှင် အဘိုးက –
“ အကြောင်းရှိလို့ပေါ့ကွာ” ဟု ပြန်၍ ပြောလေ့ရှိ၏။ နောင်တွင်မှ အကြောင်းဆိုက်၍ ရှင်းပြဖူးသည်မှာ –
“ဒီလိုကွဲ့ ကိုယ့်အိမ်ရှေ့မျက်နှာစာတို့၊ ခေါင်းရင်းဘက်တို့ ဆိုတာတွေဟာ မင်္ဂလာယူရတဲ့ အရပ်တွေကွဲ့။ ဣဋ္ဌအရပ်တွေလို့ ခေါ်တာပေါ့ကွယ်။ မကောင်းသော ဖြစ်ရပ်တွေ၊ အသံတွေ၊ မြင်းကွင်းတွေကို အနိဋ္ဌလို့ ခေါ်တယ်ကွဲ့။


ကောင်းသော ဣဋ္ဌအရပ်တွေမှာ မကောင်းသော အနိဋ္ဌ တစ်စုံတစ်ရာ ကြုံခဲ့ရင် အိမ်မှာ လာဘ်ပိတ်တာတို့၊ ခိုက်တာတို့ ဖြစ်တတ်တယ်ကွဲ့။ အဲ့လိုမဖြစ်ရအောင်ဆိုရင် အိမ်နောက်ဖေးဘက်မှာ ဆူဆူညံညံအသံတွေ ထွက်သွားအောင် ခြေထောက်နဲ့ ကန်လိုက်ရတယ်။
ခြေထောက်နဲ့ ကန်လို့ ဆူညံသွားတယ်ဆိုတော့ အနိဋ္ဌသဘောဘဲပေါ့ကွယ်။ အဲ့ဒီလို အနိဋ္ဌ နှစ်ခုပေါင်းသွားရင်လည်း ဣဋ္ဌ ပြန်ဖြစ်သွားတယ်ကွဲ့။ ဒီအတိုင်းထားလိုက်ရင် အိမ်မှာ ခိုက်တာတို့၊ လာဘ်ပိတ်တာတို့ ကြုံလာနိုင်တဲ့ နိမိတ်ဆိုးဟာ အခုလို သတိထားပြီး တုန့်ပြန်လိုက်တော့ နိမိတ်ကောင်း ဖြစ်သွားတာပေါ့ကွယ်…..” ဟု ရှင်းပြဖူးလေ၏။


အဘိုးပြောပြသည့်အတိုင်းလေး ထိုသို့ ပြုလုပ်ပြီး မကြာမီမှာပင် တောင်းရန်အကြွေးများ ပြန်ရလာခြင်း၊ စားစရာသောက်စရာရောက်လာခြင်း စသည်တို့ကြုံရတတ်သည်ကို သတိထားမိပါ၏။


နောင်သော် ကျွနု်ပ်သည် အဘဆရာကြီး မင်းသိင်္ခထံ၌ ဗေဒင်သင်ခွင့် ကြုံသောအခါ ထိုအကြောင်းအရာများကို အသေးစိတ် မှတ်သားရလေတော့၏။
အမှတ်တမဲ့ဆိုပါလျှင် မိမိတို့၏ နေအိမ်၊ ရုံးခန်း၊ အလုပ်ခန်း၊ ဈေးဆိုင်များ၌ အခိုက်ဓာတ်ပေါ်ပေါက်လာစေမည့် နိမိတ်ဆိုးသည် သတိကလေးထားကာ ပြုပြင်လိုက်ရုံဖြင့် မခိုက်တော့သည့်အပြင် ကောင်းကျိူးချမ်းသာများပင် ရရှိလာစေနိုင်ပေသည်။
သို့ပါသောကြောင့် စာရှုသူများအနေနှင့် မိမိတို့၏ အိမ်ရှေ့၊ ခေါင်းရင်းဘက်တို့တွင် ဆဲသံ၊ ဆိုသံ၊ ငိုကြွေးသံ၊ ရန်ဖြစ်သံ စသည်ဖြင့် မကောင်းသောအရာတို့ကို ကြားခဲ၊ မြင်ခဲ၊ ကြုံခဲပါသော် နောက်ဖေးဘက်၌ ကောင်းကျိုးချမ်းသာများ ပေါ်ပေါက်လာစေမည့် အကြောင်းကြုံလာတိုင်း သတိရတော် မူနိုင်ကြပါစေကုန်သတည်း။

Photo Credit – Internet


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

အလှမွေးငါးကန်ဖြင့် လာဘ်ခေါ်ခြင်း

ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

ဖုန်းရွှေနှင့် မီးဆိုင်းအကြောင်း သိမှတ်သားဖွယ် (၈) ချက်

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၂)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)