ယနေ့တိုင် ရှင်သန်အသက်ဝင်နေဆဲဖြစ်သော ရန်ကုန် Strand ဟိုတယ်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ သံသာ မှ
မေ 30, 2017 နေ့
စွဲမက်ဖွယ် အိမ်ပုံစံလေးများဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

အတိတ်ကာလ၏ ဖြစ်ရပ်မျိုးစုံအဖုံဖုံတို့ကိုလှစ်ဟပြသနေသည်ရန်ကုန်မြို့တော်ရှိအဆောက်အအုံများ အနက် ကမ်းနားလမ်းရှိ Strand ဟိုတယ်ကအထင်ရှားဆုံးအဆောက်အအုံကြီးလည်းဖြစ်သည်။ ခေတ်ကာလ အလျောက် ကသောင်းကနင်းဖြစ်ရပ်များဖြင့် ရန်ကုန်မြို့တော်တွင် အဆောက်အအုံအများအပြား ပျက်စီးယို ယွင်းမှုများဖြင့် ရင်ဆိုင်ခဲ့ကြရသော်လည်း ကိုလိုနီခေတ်လက်ရာအဆောက်အအုံများတွင် ယနေ့တိုင် ပကတိ အကောင်း တိုင်းနီးပါး ထိန်းသိမ်းကျန်ရစ်ခဲ့သော အဆောက်အအုံကြီးလည်း ဖြစ်သည်။

အတိတ်ကာလ

၁၈၈၆ခုနှစ်တွင် အထက် ဗမာပြည်ကို ဗြိတိသျှတို့ တိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပြီ ဟူသည့်သတင်းက ဗြိတိသျှတို့ ခြေကုပ်ရယူထားခဲ့ပြီးသားဖြစ်သည့် အောက်ဗမာပြည်မှ ရန်ကုန်မြို့တော်ကြီးတွင် ပွက်လောညံ သွားခဲ့သည်။ နိုင်ငံတကာမှကုန်သည်များကလည်း အထက်ဗမာပြည်ကိုပါ ဗြိတိသျှတို့သိမ်းပိုက်လိုက်နိုင်ပြီ ဆိုုသဖြင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများအတွက် ဗမာပြည်ကြီးကိုအာရုံစိုက်လာကြပြီး ဆိပ်ကမ်း မြို့ဖြစ်သည့် ရန်ကုန်မြို့ကြီးတွင် အပြိုင်အဆိုင် ဝင်ထွက်သွားလာနေကြတော့သည်။ သို့ရာတွင် တရှိန်တိုးစုပြုံးရောက်လာကြသော နိုင်ငံတကာမှကုန်သည်များအတွက် တည်းခိုနားနေစရာနေရာ ရန်ကုန်မြို့ ကြီးတွင် အလုံအလောက်မရှိသေးပေ။ ထိုစဉ်က စင်ကာပူနိုင်ငံတွင် Raffles ဟိုတယ်ကြီးကိုဖွင့်ကာ အောင်မြင်မှုရနေခဲ့သည့် အာမေးနီးယားမှ မိသားစုစီးပွားရေးလုပ်ငန်း ဖြစ်သည့် Sarkies Brothers က ရန်ကုန်မြို့တွင်လည်း အလားတူ ဟိုတယ်တစ်လုံးဖွင်ကာရင်းနှီးမြှုပ်နှံဖို့ရာ ရန်ကုန်မြို့တွင် နေရာကောင်း ရှာဖွေရန်ဆုံးဖြတ်ခဲ့တော့သည်။ နောက်ဆုံးတွင် လက်ရှိနေရာကို စိတ်တိုင်းကျရွေးချယ်ဖြစ်သွားခဲ့ပြီး ဆိပ်ခံတံတားမှရောက်လာမည့် နိုင်ငံခြားသားကုန်သည်ကြီးများ ဟိုတယ်ကြီးကိုချက်ချင်းမြင်တွေ့ကာ အလွယ် တကူရောက်ရှိ ခိုးနားနိုင်စေရန် မြစ်ကမ်းကိုမျက်နှာပြုနေသည့်ပုံစံမျိုးကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ မှုလက ယင်းအဆောင်အအုံမှာ သစ်သားပျဉ်းချပ်များဖြင့်သာတည်ဆောက်ထားသည် ခပ်ဟောင်းဟောင်းအဆောက် အအုံငယ်သာဖြစ်သည်။ ဟိုတယ်အတွက်ဒီဇိုင်းကို ဗိသုကာပညာရှင်  John Darwood  က Serkies Brothers အတွက် ရေးဆွဲပေးခဲ့ပြီး ရန်ကုန်၌ပင် မွေးဖွားကြီးပြင်းလာခဲ့သည် တူရကီ-အာမေးနီးယားနွယ်ဖွား ဆောက်လုပ်ရေးလုပ်ငန်းရှင် Tigran Nirces Joseph Catchatoor က တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ (၎င်းသည် မြန်မာနိုင်ငံတွင်သာ ကွယ်လွန်သည်အထိနေထိုင်သွားခဲ့ပြီး ၎င်း၏ရုပ်အလောင်းကို ဗိုလ်အောင် ကျော်လမ်းရှိ အာမေးနီးယားသုဿန်တွင် မြှုပ်နှံသင်္ဂြုံဟ်ထားကြောုင်းသိရသည်။) ဟိုတယ်ဆောက်ရန် စီစဉ်နေကြသည့်ကာလ၌ catchatoor သည် ရန်ကုန်တစ်မြို့လုံးရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအနက် အတွေအကြုံအရင့်ဆုံးဆောက်လုပ်ရေးလုပ်ငန်းရှင်ဖြစ်သည်။ catchatoor ဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က ရန်ကုန်မြို့တွင် အဆောက်အအုံ အတော်များများမှာ သစ်သားအဆောက်အအုံများသာ ဖြစ်နေဆဲပင် ဖြစ်သည်။

ဟိုတယ်တည်ဆောက်ပြီးစီးသွားသည့်အခါ Serkies Brothers က ဟိုတယ်ခန်းငယ်ပေါင်း၆၀၊ ထမင်းစားခန်းမတစ်ခု၊ ပန်းချီခန်းမတစ်ခု၊ ဘိလိယက်ခန်းခြောက်ခန်းတို့ဖြင့် ရန်ကုန်မြို့တွင် အကောင်းဆုံးဝန် ဆောင်မှုပေးခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်မြို့တွင်းနေရာအနှံ့အပြားတွင် ဖယောင်းတိုင်မီးများ၊ ရေနှံဆီမီးအိမ် များဖြင့်သာ ညအချိန်မှိန်ပျပျဖြစ်ခဲ့သော်လည်း Serkies Brothers တို့၏ ဟိုတယ်ကြီးမှာမှု အဆောက် အအုံတွင်းမီးစက်ဖြင့် ဟိုတယ်တစ်ခုလုံးလျှပ်စစ်မီးထိန်ထိန်ညီးစေကာ ထင်ရှားခဲ့လေသည်။ ဟိုတယ်အတွက် အလွန်ကျွမ်းကျင်သည့်ပြင်သစ်စားဖိုးမှူးတစ်ဦးကိုပါ ငှားရမ်းကာ ဥရောပအထူးဟင်းလျာစာရင်းတစ်ခု ဖန်တီး စေခဲ့သည်။ ဟိုတယ်တွင် တည်ခင်းကျွေးမွေးသည့် ဟင်းလျာများအတွက် အကောင်းဆုံး ပါဝင်ပစ္စည်းများကို လည်း ပါရှန်းအဆက်အသွယ်များမှတဆင့် ရေကြောင်း ကုန်သွယ်မှုဖြင့် ကမ္ဘာတဝှမ်းမှ မှာယူခဲ့သည်။ အလွန်တရာတန်ဖိုးကြီးသည်ကက်စပီယန် ပင်လယ်မှ ရှားပါးကာဗီယာငါးဥများကှိုပင် Serkies Brothers တို့ဟိုတယ်၌ ထိုအချိန်ကတည်းက တည်ခင်းဧည့်ခံနေခဲ့နှင့်ပြီးဖြစ်သည်။

ယင်းဟိုတယ်မှာ အောင်မြင်မှုများ အဆက်မပြတ်ရလာခဲ့ပြီး ဗမာပြည်၏အကျော်ကြားဆုံးဟိုတယ် ဖြစ်လာခဲ့လေသည်။ ရန်ကုန်မြို့တွင် ဟိုတယ်ဝန်ဆောင်မှုများ မကျယ်ပြန့်လာသေးမီအစောပိုင်းကာလများ ကတည်းကပင် Serkies Brothers က အာရှနှင့် ဥရောပပုံစံ ပေါင်းစပ်ဝန်ဆောင်မှုများဖြင့် အောင်မြင်မှု အထွက်အထိပ်ရောက်ခဲ့နှင့်ပြီးဖြစ်သည်။ ရန်ကုန်မှ Strand ဟိုတယ်နှင့်အပြိုင်အာရှ၏အကောင်းဆုံး ဟိုတယ် များအဖြစ် စင်ကာပူနိုင်ငံမှ Raffles ဟိုတယ်၊ မလေးရှားနိုင်ငံ၊ ပီနန်မြို့မှ Eastern & Oriental ဟိုတယ်တို့ကိုလည်း Serkies Brothers တို့ တပြိုင်နက်တည်း စီမံဆောင်ရွက်နိုင်ခဲ့ကြလေသည်။

အကောင်းဆုံး ဝန်ဆောင်မှုများကြောင့် Strand ဟိုတယ်ကြီး အရှိန်အဟုန်ဖြင့် အောင်မြင်ကျော်ကြား လာခဲ့ပြီးသည်နောက် ၁၉၁၃ ခုနှစ်တွင် ဧည့်သည်အများအပြား စုရုံးရောက်ရှိလာခဲ့ကြရာ ပိုမိုများပြားလာခဲ့သော ဧည့်သည်ပမာဏအတွက် ဘေးကပ်လျက်တွင် အဆောက်အအုံသစ် တိုးချဲခဲ့ရလေသည်။ အဆိုပါအဆောက်အအုံသစ်သည် နောက်ပိုင်းတွင်ဗြိတိသျှလေကြောင်းများဖြစ်သည့် Imperial Airways နှင့် Britsh Overseas Airways တို့မှ လေကြောင်းအရာရှိများနှင့် လေယာဉ်ဝန်ထမ်းများအတွက် ရုံးခန်းဖြစ်ခဲ့ လေသည်။ ယနေ့တွင်မှု ယင်းအဆောက်အအုံကို ဩစတြေးလျသံရုံးအဖြစ် ဆက်လက်အသုံး ပြုနေခဲ့သည်။

၁၉၂၅ခုနှစ်တွင် Sarkies Brothers က Strand ဟိုတယ်ကို ဒီဇိုုင်းဆန်းပြားလှပသည့် အာမေးနီးယားစားသောက်ဆိုင် Silver Grill ၏ ပိုင်ရှင် Peter Bugalar  Aratoon ထံ ပြန်လည်ရောင်းချခဲ့ လေသည်။ ၁၉၂ရခုနှစ်တွင်  ဟိုတယ်တစ်ခုလုံးကို အကြီးစားပြန်လည်မွမ်းမံ ပြင်ဆင်ခဲ့ပြီး ဟိုတယ်၏နောက် ဘက်တွင် ရေကူးကန်ကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြသည်။ ကွန်ကရစ်အဝင်လမ်းနှင့် ဆင်ဝင်အမိုးများကိုပါ ယနေ့ခေတ်မြင်တွေ့ရသည် ဒီဇိုင်းအသွင်မျိုးဖြင့် ပြောင်းလဲမွမ်းမံခဲ့ခြင်းဖြစ်သည်။

၁၉၃ရခုနှစ်တွင် နောက်တစ်ကြိမ် အကြီးစားပြင်ဆင်မွမ်းမံခဲ့ပြီး ဟိုတယ်ခန်းအရေအတွက်ကို ၁၀ဝအထိ တိုးချဲခဲ့သည်။ ရေကူးကန်ကို ပြန်လည်ဖုံးအုပ်ပေးလိုက်ပြီး ဟိုတယ်ကိုနောက်ဘက်တွင်ပါတိုးချဲ ခဲ့ခြင်းဖြစ်သည်။ နောက်ဘက်တိုးချဲ့ခဲ့ပြီးနောက် လူးစ်လမ်း (ယခုဆိပ်ကမ်းသာလမ်း) အတွင်းဘက်မျက်နှာ စာတွင် နောက်ထပ်ဟိုတယ်ဝင်ပေါက်တစ်ခုကိုပါ ထပ်မံဖွင့်ထားခဲ့လိုက်ကြသည်။

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့က ဟိုတယ်ကိုသိမ်းလိုက်ကာ တိုကျိုအင်ပါယာဟိုတယ်မှ ဝန်းထမ်းများ ကိုခေါ်လာခဲ့ပြီး Strand ဟိုတယ်တွင်ထားကာ Yamato ဟိုတယ်အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ကြသည်။ သို့ရာတွင် ဂျပန်ခေတ်တွင်း ဟိုတယ်မှာ လျစ်လျူမှုများဖြင့် လုံးဝပျက်စီးယိုယွင်းသွားခဲ့ရသည်။ ဟိုတယ်ရှေ့ဧည့်ခန်းဆောင်မကြီးတွင်ပါ ဂျပန်အရာရှိများက ၎င်းတို့၏မြင်းများကို မြင်းစောင်သဖွယ်အသုံးပြု ခဲ့ကြသဖြင့် ပျက်စီးပြီးရင်း ပျက်စီးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားပြီးနောက် Aratoon သည် ၎င်းပိုင်ဆိုင်ခဲ့သည် Strand ဟိုတယ်သို့ တဖန်ပြန်လည်ရောက်ရှိလာခဲ့သည်။ ဟိုတယ်တစ်ခုလုံး အမှိုက်သရိုက်များဖြင့်ပြန့်ကျဲနေသည်ကို တွေ့  မြင်လိုက်ရသည်။ ထိုပြင် Arotoon ၏ ဟိုတယ်ရုံးခန်းလယ်တည့်တည့်၌ ပေါက်ကွဲခြင်းမရှိသေးသည့် ဗုံးတစ်လုံးကျနေသည်ကိုပါမြင်တွေ့လိုက်ရသည်။ နောက်တစ်ကြိမ်ဟိုတယ်ကြီးတစ်ခုလုံးကို ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ရပြီး ၁၉၄၉ခုနှစ်တွင် Steel Brothers ကုမ္ပဏီကို ပြန်လည်ရောင်းချလိုက်သည်။ ထို Steel Brothers ကုမ္ပဏီမှာ ဗမာပြည်တွင် ၁၉၅ဝပြည့်လွန်နှစ်များအထိ ဆယ်စုနှစ်နှင့်ချီ  အောင်မြင်မှုရခဲ့သည်။

၁၉၆၃ ခုနှစ်တွင်ဟိုတယ်ကို ဆိုရှယ်လစ်အစိုးရ နိုင်ငံပိုင်အဖြစ်သိမ်းယူလိုက်ပြီး နိုင်ငံခြားသားခရီးသည် များကို နိုင်ငံအတွင်း တစ်ရက်၊ နှစ်ရက် ခန့်သာနေခွင့်ပေးရမည်ဟု ကျပ်မတ်လိုက်သည့် အတွက် ယင်း ဟိုတယ်ကြီးကို ယာယီရပ်နားပိတ်သိမ်းလိုက်ရသည်။ ထိုစဉ်အခါက ၁၉၇ဝပြည့်လွန်နှစ်ပိုင်းတွင် ကမ္ဘာကျော် Lonely Planet ခရီးသွားလမ်းညွှန် စာအုပ်တည်ထောင်ခဲ့သူ  Tony Wheeler က Strand  ဟိုတယ်သို့ ရောက်လာခဲ့ပြီး ဟိုတယ်၏အခြေအနေကို သုံးသပ်ရေးသားသွားခဲ့ဖူးသေးသည်။ ပျက်စီးယိုယွင်းနေသော ဟိုတယ်ကြီးထဲ တည်းခိုနားနေသူဧည့်သည်များထက်ကြွက်များကပင် အရေအတွက်ပိုများနေသေးကြောင်း Tony က မှတ်ချက်ပြုသွားခဲ့သည်။ ဟိုတယ်၏ ဘားကောင်တာနှင့် စားသောက်ဆိုင်များမှာ ည ၉နာရီတွင် ပိတ်ကြသော်လည်း အနည်းငယ် သောက်စားလိုသေးသူများအတွက် ဧည့်ကြိုကောင်တာတွင်လျှို့ ဝှက်ရောင်းချ သော မန္တလေးတံဆိပ် ပြည်တွင်းထုတ် ဘီယာအနည်းငယ်ကို ဝယ်ယူသုံးဆောင်နိုင်သေးကြောင်း ၎င်း၏ လမ်းညွှန်စာအုပ်တွင်ထည့်သွင်းရေးသား အကြံပြုခဲ့သည်။ ည ၁၁နာရီဝန်းကျင်၌မူ ဟိုတည်ဧည့်ခန်းတွင် တစ်ဦးတည်း အထီးကျန်သလိုခံစားနေရမည် ဖြစ်သော်လည်း ကြမ်းပြင်ထက်တွင် ပြေးလွှားနေသည့် Strand ကြွက်များက အသုံးတော်ခံမည်ဖြစ်၍ အထီကျန်ခံစားမှုကို အနည်းငယ်ပြေလျော့သက်သာစေမည် ဖြစ်ကြောင်း Tony က ၎င်း၏အတွေ့အကြုံကိုပါ ထည့်သွင်း ရေးသားခဲ့လေသည်။

Tony ၏ ၁၉၇၉ခုနှစ် ခရီးသွားလမ်းညွှန်စာအုပ်တွင် Strand ဟိုတယ်၌ဧည့်သည်များအနေဖြင့် ပထမထပ် ဟိုတယ်ခန်းများထက် ဒေါ်လာ ၁၁.၅ဝတန် (ထိုစဉ်ကဝန်ဆောင်ခ) ဒုတိယထပ်အခန်းကိုသာ ဦးစားပေး ငှားရမ်းသင့်ကြောင်း အကြံပြုရေးသားထားခဲ့သည်။ နှစ်ထပ်စလုံးမှာ ဟောင်းနွမ်းနေကြသည် ချည်းသားဖြစ်သော်လည်း ပထမထပ်နှင့်ယှဉ်လျှင် ဒုတိယထပ်မှ ရေချိုးခန်းများက အနည်းငယ် ပိုသာသေးသည်ဟု ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ထိုနောက် ၁၉၉ဝပြည့်နှစ်တွင် မြန်မာအစိုးရနှင့် အင်ဒိုနီးရှားဟိုတယ်လုပ်ငန်းရှင် အန်ဒရီယန်ဇက်ချာ (Arman Resorts တည်ထောင်သူ) တို ပူးတွဲကာ Strand ဟိုတယ်ကို အကျိုးတူဆောင်ရွက်ခဲ့ကြသည်။ ပြန်လည်မွမ်းမံပြုပြင်ရေးအတွက် ဟိုတယ်ကို သုံးနှစ်ကြာ ပိတ်ထားခဲ့ပြန်သည်။ ပြုပြင်မွမ်းမံမှုများကြား၌ပင်ပင်မဆောင်၏ နောက်ဘက်ကိုမူ ဟိုတယ်၏ တစ်စိတ်တစ် ပိုင်းအဖြစ် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေခဲ့သည်။ တိုးချဲ့ မျက်နှာစာပြင်ချင်မှု ပြီးသွားခဲ့ပြီးနောက် အပြည့်အဝပြီးစီး ကောင်းမွန်သော ဟိုတယ်ခန်း ၃၂နှစ်ခန်းဖြင့် ၁၉၉၃ခုနှစ်ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ခဲ့လေသည်။ ထိုနောက် Strand ဟိုတယ်ကြီးမှာ ကမာ္ဘ္ဘလှည့် ခရီးသွားများအကြိုက် ကိုလိုနီအငွေအသက်ထုံမွမ်းရာ ရန်ကုန်မြို့ တွင်းမှ နာမည်ကျော်နေရာတစ်နေရာအဖြစ် ယနေ့မြင်ရသည့်အဆောက်အဦးပုံစံအတိုင်း ဆက်လက်ထိန်းသိမ်းထား နိုင်ခဲ့လေသည်။

ပစ္စုပ္ပ္ပန်ကာလ

လက်ရှိအချိန်တွင်မူ Strand ဟိုတယ်ကြီးကို မိုင်ယာမီ၊ ဘာလီ၊ ဗီယမ်နမ်၊တို့တွင် ဟိုတယ်ပေါင်း များစွာဖွင့်လှစ်ထားသော Globel GHM Luxury Hotels လုပ်ငန်းကစီမံဆောင်ရွက်လျက်ရှိသည်။      ရန်ကုန်မြို့လယ်ရှိ Strand ဟိုတယ်နှင့် တော်ဝင်လမ်းပေါ်ရှိ Governor’s Residence ဟိုတယ်တို့မှာ ခေတ်ဟောင်း အဆောက်အအုံနေရာများ၊ လက်ရာများ၊ ပြန်လည်မွမ်းမံမှုအနက်  အကောင်းဆုံးလက်ရာများဖြင့် ကျန်ရစ်ပြီး ရန်ကုန်ဟိုတယ်လုပ်ငန်းများအနက် ယနေ့တိုင်အကောင်းဆုံးဝန်ဆောင်မှုများ ပေးနေကြဆဲပင်ဖြစ် လေတော့သည်။
Volume 4, issue 5



ဆက်စပ်ဆောင်းပါးများ

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၁)

အချိန်တိုအတွင်း အိမ်ခန်းလေးသေသပ်လှပသွားစေမည့်နည်းလမ်းငါးသွယ် အပိုင်း(၁)