မိုးရာသီကို ကြိုဆိုနေမယ့် အိမ်ကလေး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ လင်းလက် မှ
မေ 12, 2018 နေ့
ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

မိုးရာသီကို ကြိုဆိုနေမယ့် အိမ်ကလေး

——————————————–

 

           တစ်ပေါက်ပြီးတစ်ပေါက်ကျနေတဲ့ မိုးစက်လေးတွေရဲ့ ကိုယ်ပိုင်အသံ တစ်ဖျောက်ဖျောက်ကို အိမ်လေး ထဲကနေ ကြားနေရရင်း မွှေးပျံတဲ့သင်းရနံ့လေးက နှာခေါင်းဖျားမှာ ကြိုင်လှိုင်နိုးဆွနေတာကို သတိပြုမိလာခဲ့ တယ်။ မီးဖိုချောင်ထဲက ထွက်လာတဲ့ ကော်ဖီသင်းနံ့လေးကြောင့် အိမ်ပြင်မှာမိုးလေတွေနဲ့ အေးစက်စက်ဖြစ်နေ တာကနေ ချက်ချင်း ရင်ထဲထိနွေးထွေးသွားပြန်တယ်။ နှပ်ထားတဲ့ ကော်ဖီစက်ထဲက တထောင်းထောင်းထနေ တဲ့ အငွေ့တွေနဲ့အတူ ကော်ဖီနံ့လေးက တစ်အိမ်လုံးကို သင်းပျံ့ထုံလွှမ်းသွားတယ်။ ကော်ဖီတခွက်ကို စိတ်ကြိုက်သွားဖျော်လာခဲ့ပြီး ဧည့်ခန်းထဲပြန်ထွက်လာတော့ ဧည့်ခန်းပြတင်းပေါက်မှန်မှာ တသွင်သွင်စီးကျ နေတဲ့ မိုးစက်မိုးပေါက်တွေကို ကြည့်မိရင်း မိုးရာသီတောင် ရောက်ပြန်လာချေပြီပေါ့လို့ တစ်ကိုယ်တည်း မှတ် ချက်ချလိုက်မိတယ်။

မိုးရာသီမြင်ကွင်းနဲ့ပတ်သက်ပြီး သတိမထားဖြစ်ခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် ဒီ မိုးဦးအစလေးမှာ ရုံးပိတ်ရက်နဲ့တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာ တကိုယ်တည်းရှိနေတာမို့ အိမ်ပြင်က မိုးစက်မိုးပေါက်လေးတွေကို ဒီတစ်ခါမှာတော့ ရင်ထဲလှိုက်ခနဲဖြစ်သွားအောင်ကို အမြင်အာရုံနဲ့ အတွေးအာရုံတို့ တပြိုင်နက်တည်း ချိတ်ဆက် ခံစားမိလိုက်ပါတော့တယ်။ မိုးစက်မိုးပေါက်တွေ ဘယ်လိုပဲ တစ်သောသော ရွာသွန်းဖြိုးနေပေမယ့်လည်း ဟန် မပျက် ကော်ဖီလေးတစ်ခွက်နဲ့ ဧည့်ခန်းထဲ ဇိမ်ကျကျနှပ်နေနိုင်အောင် အဓိကအကာအကွယ်ပေးထားတဲ့ ကျေး ဇူးရှင်လေးက ကိုယ့်ရဲ့အိမ်လေးပါလားလို့ ဆက်စပ်တွေးမိသွားတယ်။ တကယ်တမ်း မုတ်သုံမိုးတွေ စတင် သွန်းဖြိုးရွာပြီဆိုတာနဲ့ မြေပြင်ပေါ်ကနေ ဆွတ်ပျံ့ကြိုင်လှိုင်ထွက်လာတဲ့ မြေသင်းနံ့လေးတွေက ခုနက ကော်ဖီ ခွက်ထဲက ကော်ဖီနံ့တွေကြား တချက်ချက် တိုးဝင်ရောနှောလာလို့ အေးမြတဲ့ရာသီနဲ့ နွေးထွေးတဲ့ခံစားချက်က ရောနှောယှက်တင်သွားပြန်တယ်။ သဘာဝနဲ့ ဆက်စပ်နေတဲ့ ခံစားချက်တွေကို ဒီအိမ်လေးထဲကနေပဲ အားပါး တရကြိုဆိုလိုက်မိပါတော့တယ်။ “ ကြိုဆိုပါတယ် မိုး…။ ”

မိုးရာသီနဲ့ ပတ်သက်လို့အိမ်လေးမှာ ကြိုတင်ပြင်ဆင်ထားနိုင်တာတွေ၊ မိုးရာသီလွန်ပြီးသွားရင်လည်း တစ်ရာသီလုံး ရွာသွန်းဖြိုးထားတဲ့ မိုးဒဏ်လေဒဏ်တွေကြောင့် ကိုယ့်အိမ်လေး အကြီးအကျယ်မပျက်စီးသွား စေဘဲ သက်တမ်းကြာရှည်ခံနိုင်စေမယ့်နည်းတွေလည်း အတွေးထဲ ဆက်စပ်မျောပါလာပြန်တော့တယ်။ တစ်နှစ်လုံးမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးလရာသီလို့ သတ်မှတ်ရမယ့် မိုးအခါမှာ သက် ရောက်မှုအများဆုံးခံရတဲ့နေရာတွေက ခေါင်မိုးနဲ့ ဘေးနံရံတွေပဲဖြစ်ပါတယ်။         မိုးစက်တွေကြောင့် စိုထိုင်းဆတွေများလာတဲ့လေကြောင့် အိမ်ခန်းထဲက ပရိဘောဂတွေလည်း ထိခိုက်ပျက်စီးမှု အနည်းနဲ့အများရှိ တတ်ပါတယ်။ ပျက်စီးမှုတွေအကြီးအကျယ်ဖြစ်မသွားရေလေအောင် ကြိုတင်ကာကွယ်ထားတဲ့အခါ နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်ရမယ့် စရိတ်စကတွေခြိုးခြံချွေတာပြီးသားလည်း ဖြစ်သလို လူပင်ပန်းလည်း သက်သာစေပါတယ်။ မိုးရာသီနဲ့ပတ်သက်ပြီး ကြိုတင်သတိပြုပြင်ဆင်ထားနိုင်မယ့် အချက်လေးတွေလည်း တစ်ဆက် တည်း စီတန်းပြီး သုံးသပ်မိပြန်တာကြောင့် စာဖတ်သူတွေလည်း ကိုယ့်လိုပဲ လုံခြုံလှပတဲ့အိမ်လေးထဲကနေ မိုးရာသီကို အားပါးတရ ကြိုဆိုနိုင်စေဖို့ ဒီနေရာမှာ ပြန်လည်ဝေမျှလိုပါတယ်။

ကြိုတင်စစ်ဆေးခြင်း

မိုးကျတော့မယ်ဆိုတာနဲ့ ကိုယ့်အိမ်လေးမှာ ဘာတွေယိုယွင်းစပြုနေသလဲဆိုတာ အသေအချာစေ့ငှ အောင် လိုက်လံစစ်ဆေးထားသင့်ပါတယ်။ နံရံတွေနဲ့ ကြမ်းခင်းတွေမှာ အက်ကွဲကြောင်းတွေရှိနေလား၊ ကြမ်း ခင်းကြွေပြားတွေပျက်စီးနေသလားကြည့်ထားပြီး မိုးအရွာ ရေစိမ့်ဝင်မလာစေဖို့ ကာကွယ်ပြင်ဆင်ထားရမှာပါ။

ယိုပေါက်များ

ခေါင်မိုးနဲ့ တံစက်မြိတ်တွေမှာ အက်ကြောင်းတွေနဲ့ မိုးရေယိုလာနိုင်စေမယ့် ယိုပေါက်တွေရှိမရှိကို ကြည့်ထားပါ။ အက်ကြောင်းတွေရှိနေခဲ့ရင် ရေခံသုတ်ဆေး (Waterproof Coating)သုံးပြီး ပြင်ဆင်ထား နိုင်ပါတယ်။ ခေါင်မိုးရေတံလျှောက်မှာ အမှိုက်တွေ၊ သစ်ရွက်ဆွေးတွေ ပိတ်ဆို့နေတာတွေကို ကြိုပြီး ဖယ်မ ထားမိဘူးဆိုရင်လည်း မိုးတွေဖြိုင်ဖြိုင်ရွာချတဲ့အခါ ရေတံလျှောက်မှာ ရေလျှံပြီး ခေါင်မိုးစပ်တွေကနေ ရေတွေ ယိုဝင်လာတတ်တာကိုလည်း သတိရပါ။

ဆေးသုတ်ခြင်း

အိမ်အပြင်ဘက်နံရံက မိုးဒဏ်လေဒဏ်အခံရဆုံးနေရာတွေဖြစ်ပြီး အိမ်ရဲ့ကြံ့ခိုင်မှုကို ထိခိုက်မသွားစေ ဖို့အတွက် မိုးမကျမီကတည်းက နံရံတွေပေါ် ဆေးတွေသုတ်ပြီး ကာကွယ်ထားပါ။ နံရံထဲမိုးရေစိမ့်ဝင်မှုမရှိစေ ဖို့လည်း အကောင်းဆုံးအကာအကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ နံရံတွေပေါ် ရေတားဆေးတွေ၊ ရေခံသုတ်ဆေး တွေကို ရွေးချယ်သုတ်ထားပေးတာက မိုးရာသီအတွက် အသင့်လျော်ဆုံးသုတ်ဆေးရွေးချယ်မှုပဲဖြစ်ပါတယ်။

တံခါးများ

သတ္တုဘောင်ကွပ်တွေ၊ သံပန်းတွေပါတဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေမှာလည်း မိုးရေကြောင့်သံချေး တက်ပြီးမပျက်ဆီးရလေအောင် ဆေးပြန်သုတ်ပေးထားသင့်ပါတယ်။ သစ်သားတံခါးရွက်တွေနဲ့ သစ်သား ပြတင်းတံခါးရွက်တွေကိုလည်း သေချာမတပ်ထားဘူးဆိုရင် မိုးအခါပိုပြီး ပျက်စီးစေတတ်ပါတယ်။ မိုးရေတွေ သစ်သားထဲစိမ့်ဝင်တဲ့အခါ သစ်ထည်က ပွယောင်းလာတတ်တာမို့ သစ်ထည်ကို ပေါ်လစ်ဆီတိုက်တာတွေ၊ ဖ ယောင်းဆီတိုက်တာတွေ ဒါမှဟုတ် သင်္ဘောဆေးသုတ်တာတွေ ပြုလုပ်ထားသင့်ပါတယ်။

လျှပ်စစ်ဓာတ်ကြိုးများ

မိုးမတိုင်မီ အရေးအကြီးဆုံးပြင်ဆင်ထားသင့်တဲ့ထဲမှာ လျှပ်စစ်ဓာတ်ကြိုးတွေလည်း ပါပါတယ်။ မိုးရေနဲ့ တိုက်ရိုက်ထိတွေ့နိုင်တဲ့ အိမ်ပြင်ဘက်ခြမ်းက လျှပ်စစ်မီးခလုတ်ခုံတွေနဲ့ လျှပ်စစ်ဓာတ်ကြိုးသွယ်တန်းမှုတွေကို လျှပ်စစ်ကျွမ်းကျင်ပညာရှင်အကူအညီနဲ့ ကြိုတင်စစ်ဆေးပြင်ဆင်ထားပါ။ ရှော့ခ်မဖြစ်စေဖို့ မိုးရေလုံအောင်ဖုံး ထားသင့်တာတွေကို သေချာဖုံးပါ။ ပေါက်ပြဲနေတဲ့လျှပ်စစ်ဓာတ်ကြိုးတွေရှိရင် ချက်ချင်းပြင်ဆင်လဲလှယ်ထားပါ။

အင်းဆက်ကာကွယ်ခြင်း

မုတ်သုံမိုးနဲ့အတူ လိုက်ပါလာတတ်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာ အဆိုးရွားဆုံး အင်းဆက်ပိုး မွှားအန္တရာယ်ကိုလည်း သတိပြုပါ။ ခြင်၊ယင်တွေသာမက ခြတွေ၊ ပုရွက်တွေကလည်း မိုးရှောင်တဲ့အနေနဲ့ အိမ် ထဲထိ ကျူးကျော်လာနိုင်ပြီး သူတို့လေးတွေကြောင့် အိမ်ကိုပျက်စီးစေတတ်ပါသေးတယ်။ အင်းဆက်တွေ အိမ် ထဲမရောက်လာစေဖို့ စောင့်ကြည့်နှိမ်နင်းပြီး လိုအပ်ရင်အင်းဆက်နှိမ်နင်းရေးကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ကိုယ့် အိမ်လေးမပျက်စီးစေဖို့ ပြင်ဆင်ဆောင်ရွက်ပါ။

ပရိဘောဂများ

အိ်မ်ခန်းထဲက ပရိဘောဂတွေက မိုးအခါဆို မှိုတက်တာမျိုးကြောင့်ပျက်စီးတတ်ပြီး တခါတရံ ခြတွေ ကြောင့်လည်း ပျက်စီးတတ်ပါတယ်။ စိုထိုင်းမှုကြောင့် အိမ်ရဲ့တန်ဖိုးကြီးပရိဘောဂတွေ၊ အဝတ်အထည်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုမဖြစ်ရလေအောင် ပရုပ်လုံးတွေ၊ တမာရွက်တွေနဲ့ လေးညင်းပွင့်တွေ ဖြန့်ထားပေးပါ။ မှိုမစွဲအောင်နဲ့ ခြောက်သွေ့အောင် အမြဲသန့်ရှင်းပေးနေရမှာဖြစ်ပါတယ်။

ရေနုတ်မြောင်း

အိမ်ပတ်လည်မှာရှိတဲ့ ရေနုတ်မြောင်းတွေမှာ အမှိုက်တွေ့ပိတ်ဆို့နေတာမျိုးမရှိအောင် ကြိုတင်စစ် ဆေးရှင်းလင်းထားပါ။ မိုးရွာတဲ့အခါ ရေနဲ့အတူ အမှိုက်တွေ ရေနုတ်မြောင်းထဲ ပြန်ဆို့နေတတ်တာကြောင့် ရေ နုတ်မြောင်းတွေထဲ မကြာမကြာစစ်ဆေးရှင်းလင်းပေးပါ။ အမှိုက်တွေကြောင့် မြောင်းတွေထဲ ရေပိတ်တဲ့အခါ ရေလျှံပြီး အိမ်ထဲဝင်လာတတ်သလို၊ ခြင်တွေလည်း ပေါက်ဖွားလာတတ်ပါတယ်။

အတွင်းပြင်ဆင်မှု

မိုးအခါ နေရောင်ရရှိမှုအလွန်ရှားပါးတာကြောင့် အိမ်ထဲက အပြင်အဆင်လေးတွေလည်း ပြောင်းလဲပေး ဖို့လိုပါတယ်။ ထူထဲပိတ်ပိန်းတဲ့ ခန်းဆီးစတွေက မိုးအခါ စိုထိုင်းဆကြောင့် အနံ့အသက်မကောင်းစေတတ်သလို အိမ်ထဲမှာလည်း မှောင်ရိပ်သန်းစေတာကြောင့် ရာသီဥတုအုံ့မှိုင်းသလို လူတွေလည်း ကြည်လင်လန်းဆန်းမှုမရှိ ဘဲ ထိုင်းမှိုင်းလာတတ်ပါတယ်။ ပေါ့ပါးရှင်းလင်းပြီး ပါးလွတဲ့အပြင်အဆင်လေးတွေလိုအပ်ပြီး မှုန်မှိုင်းတဲ့ဝန်းကျင် ရာသီဥတုမှာ လန်းဆန်းသွားစေဖို့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေကို အစိမ်းရောင်၊ လိမ္မော်ရောင်၊ အဝါ ရောက်တွေလိုမျိုး လန်းဆန်းပေါ့ပါးစေတဲ့ အရောင်တောက်တောက်တွေနဲ့ အလှဆင်ပေးပါ။

အောက်သိုးသိုးအနံ့ဆိုးတွေ ကင်းရှင်းစေဖို့ အမွှေးရနံဆီပါတဲ့ ဖယောင်းတိုင်၊ ဖယောင်းခွက်လေးတွေ ထွန်းညှိပြီး ဧည့်ခန်းမှာ အလှဆင်နိုင်ပါတယ်။ မိုးနဲ့အတူ လေအဝှေ့မှာ မိုးသံနဲ့စည်းချက်လိုက်ပေးမယ့် ဆည်း လည်းတန်ဆာလေးတွေ ပြတင်းပေါက်မှာ ချိတ်ဆွဲအလှဆင်ပါ။ သာယာငြိမ့်ညောင်းတဲ့ဆည်းလည်းသံလေးနဲ့ မှေးစက်အနားယူတာပဲဖြစ်ဖြစ်၊ စာဖတ်ရင်းအပန်းဖြေတာပဲဖြစ်ဖြစ် ထူးခြားတဲ့ မုတ်သုံခံစားချက်တွေကို ထပ် ပေါင်းဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒီကဏ္ဍလေးမှာဖော်ပြပေးခဲ့တဲ့အချက်အလက်လေးတွေနဲ့ အိမ်လေးကို ဂရုစိုက်ရင်း မကြာမီရောက်လာတော့မယ့် မုတ်သုံမိုးတွေကို စိတ်ကြိုက်အားပါးတရ ကြိုဆိုကြနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

“ မိုး၊ မိုး… ရွာသာရွာပါ မိုး…။ ”

———— ။ ————-

 



ဆက်စပ်ဆောင်းပါးများ

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

မိသားစုအတွက် နွေးထွေးစေမယ့် အိမ်ကလေး

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

၂၀၂၁ မှာ ဖုန်းရွှေကောင်းပြီး လာဘ်ပွင့်စေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

၂၀၂၁ မှာ စီးပွားကောင်းစေဖို့

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…

ရွှေနဂါးကြီးကိုနိုင်ဖို့ဆို…