စိတ်ချမ်းမြေ့ဖွယ် ဒေါင်လိုက်ပန်းဥယျာဉ်

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
October 19, 2020 နေ့
ဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

ခေတ်မီတိုက်တာအဆောက်အဦတွေမှာ အစိမ်းရောင်မြက်ခင်းပြင်ကျယ်တွေစိုက်ပြီး ပြင်ဆင်ဖို့ဆိုတာမလွယ်ကူပါဘူး၊ ဒီတော့ စိမ်းလန်းစိုပြေတဲ့ အပင်ငယ်လေးတွေကို အိမ်တွင်းအိမ်ပြင်မှာ ပန်းအိုးငယ်လေးတွေနဲ့စိုက်ပျိုးလာကြတာကို သင်သတိထားမိမှာပါ။ ဒီထက်ပိုပြီးခေတ်မီတဲ့ အစိမ်းရောင်အပြင်အဆင်မျိုးအတွက်ဆိုရင်တော့ ဒေါင်လိုက်ပန်းဥယာဉ်လေးတွေလို့ဆိုရမယ့် Vertical Garden လေးတွေက အိမ်တွင်းအိမ်ပြင်နေရာစုံမှာ လှလှပပပြင်ဆင်နိုင်မယ့် အပြင်အဆင်လေးတွေပဲဖြစ်ပါတယ်။ ဒီလိုလှပတဲ့ Vertical Garden လေးတွေကို ဘယ်လိုအနေအထားနဲ့ပြင်ဆင်ထားရှိနိုင်ပြီး ဘယ်လိုလှပအောင်ပြင်ဆင်နိုင်သလဲဆိုတာ Myanmar Home & Décor Magazine က သယ်ဆောင်လာပါပြီ

အိမ်တွင်းအိမ်ပြင်ကူးလူးဆက်သွယ်မူကို ဖန်တီးခြင်း
အိမ်ပြင်ဘက်ခြံဝင်းနံရံမှာ နံရံပြည့်ပုံစံဒေါင်လိုက်ပန်းဥယာဉ်လေး ဖန်တီးထားတဲ့အခါ အိမ်တွင်းကနေအိမ်ပြင်ကို လှမ်းမျှော်ကြည့်ရူလိုက်ရုံနဲ့ စိမ်းလန်းသာယာတဲ့ အခင်းအကျင်းလေးကိုမြင်ပြီး အိမ်ပြင်ဘက်ကို ထွက်ကြည့်ချင်စိတ်တွေပေါက်သွားမှာ အသေအချာပါပဲ။ ဒီခြံဝင်းနံရံပေါ်က ဒေါင်လိုက်ပန်းဥယျာဉ်လေးက သစ်ရွက်သစ်ခက်လေးတွေ လေမှာလွှင့်တဲ့အခါတိုင်း အိမ်ခန်းထဲကလူကို လက်ယက်ခေါ်နေသလို ဖြစ်နေတာကြောင့် အိမ်တွင်းအိမ်ပြင် ကူးလူးဆက်သွယ်မူကိုအလေးထားဖန်တီးပေးတဲ့ အပြင်အဆင်လေးလို့ဆိုလည်းမမှားပါဘူး။ ချစ်စရာကောင်းပြီး စိမ်းစိုလှပတဲ့ခြံနံရံံဆီက ဒေါင်လိုက်ပန်းဥယာဉ်လေးတွေနားမှာ သက်တောင့်သက်သာနားနေပြီး မိသားစုမနက်စာ၊ ညစာစုဝေးစားသောက်နိုင်တဲ့သာယာလှပတဲ့နေရာလေးအဖြစ် ဖန်တီးနိုင်ပါသေးတယ်။

Photo credit – Vistafolia

အနုပညာလက်ရာတစ်ခုအဖြစ် ဖန်တီးခြင်း
ဒေါင်လိုက်ပန်းဥယျာဉ်လေးတွေကို အနုပညာလက်ရာကောင်းအဖြစ် ဖန်တီးအလှဆင်ထားလို့ ရပါသေးတယ်။ နံရံကပ်ပင်ပုံစံမျိုးသက်သက်မဟုတ်ဘဲ သီးသန့်အနုပညာလက်ရာပုံစံမျိုးဖြစ်အောင် ပြင်ဆင်နိုင်ပါတယ်။ အိမ်ရဲ ့အပြင်မှာပဲဖြစ်ဖြစ်၊ အတွင်းမှာပဲဖြစ်ဖြစ် ဒေါင်လိုက်ထားနိုင်တဲ့ နေရာလေးတစ်ခု ဖန်တီးပြီး အဲဒီမှာ ရှားစောင်းပင်ငယ်လေးတွေ ရုပ်တုလေးတွေသဖွယ် အစုစုလေးတွေဖန်တီးလို့ ကပ်စိုက်ထားရုံပါပဲ။ ပိုပြီးပျော့ပြောင်းသိမ်မွေ့တဲ့ပုံစံမျိုးဖြစ်အောင် နှာမောင်းပင်တွေ၊ နွယ်ပင်တွေပေါင်းပြီး ကပိုကရိုတွဲလောင်းကျတဲ့ပုံစံလေးနဲ့လည်း ပြင်ဆင်နိုင်ပါတယ်။

ကိုယ်ပိုင်ရှုမြင်ကွင်းလေး ဖန်တီးခြင်း
ကိုယ်နေထိုင်ရာနေအိမ်လေးက နေချင့်စဖွယ်အိမ်လေးဖြစ်အောင်နေရင်တောင် အိမ်ရဲ့ဘေးပတ်ဝန်းကျင်ရှုခင်းက မလှမပနဲ့မို့ စိတ်တိုင်းမကျတာမျိုးလေးတွေလည်း ရှိကောင်းရှိကြမှာပါ။ ဒီလိုအနေအထားမျိုးတွေမှာ ဒေါင်လိုက်ပန်းဥယျာဉ်တွေက အဆင်ပြေစေမှာဖြစ်ပါတယ်။ ကိုယ့်အတွက်အမြင်မလှဘူးဆိုတဲ့ ရှုမြင်ကွင်းတွေကို သာယာလှပတဲ့ဒေါင်လိုက်ပန်းဥယျာဉ်တွေနဲ့ ပိတ်ကာပစ်လိုက်ရမှာဖြစ်ပါတယ်။ ပြတင်းပေါက်တေ၊ွ တံခါးပေါက်တွေကနေ လျှပ်တပြက်ကြည့်လိုက်တဲ့ အခါ ကာရံထားတဲ့ဒေါင်လိုက်ပန်းဥယျာဉ်တွေက သဘာဝတောင်နံရံကြီးလိုမျိုး သာယာလှပတဲ့ရှုမြင်ကွင်းမျိုးကို ဖန်တီးပေးမှာဖြစ်ပါတယ်။

အဖိုးတန်ခြံဝင်းလေးအဖြစ် ဖန်တီးခြင်း
သင်နေထိုင်ရာအိမ်လေးက ခြံနဲ့ဝင်းဖြစ်လင့်ကစား ဘေးဘက်ကပ်လျက်ခြံဝင်းထဲက အိ်မ်နီးနားချင်းရဲ့နေအိမ်ကလည်း သင့်ခြံဝင်းထဲကို မြင်တွေ့နေရလောက်အောင် အရမ်းကိုနီးကပ်နေတဲ့အနေအထားဖြစ်နေရင်တော့ ဒီလိုလေး ဖန်တီးကြည့်ပါ။ ကွက်လပ်ဖြစ်နေတဲ့ ခြံဝင်းထဲက နေရာလွတ်လေးမှာ ကြမ်းခင်းကို ကွန်ကရစ်ပြား ဒါမှမဟုတ် အကြမ်းခံကျောက်ပြားတွေခင်းကျင်းလို့ သပ်ရပ်ပါစေ။ ခြံဝိုင်းပတ်ပတ်လည်က အုတ်တံတိုင်းနံရံပတ်ပတ်လည်ကို အထပ်အဆင့်ပုံစံမျိုးနဲ့ ဒေါင်လိုက်ဥယျာဉ်လေးဖန်တီးလိုက်ပါ။ သေသပ်ပြီးစိမ်းစိုလှပတဲ့ခြံဝင်းလေးဖြစ်သွားပြီဆိုရင် ပန်းအိုးအကြီးအသေးတွေနဲ့ ပုံစံစုံအပင်လေးတွေစိုက်ပျိုးလိုက်ပါ။ ပြီးရင်မီးတိုင်လေးတွေနဲ့ ခြံဝိုင်းထဲမှာအလှဆင်လိုက်ပြီး လက်ဘက်ရည်လေးသောက်ရင်းစာဖတ်နိုင်စေမယ့် စားပွဲဝိုင်းလေးနဲ့ခုံလေးတွေချထားလိုက်ပါ။ ဘေးအိမ်က အိမ်နီးချင်းတွေ မြင်တိုင်အားကျငေးမောရမယ့် အဖိုးတန်ခြံဝင်းလေးဖြစ်သွားမှာပါ။

ကိုယ်ပိုင်လွတ်လပ်မှုကို ဖန်တီးခြင်း
တစ်ခါတစ်ရံ နေထိုင်နေရတဲ့ပတ်ဝန်းကျင်က တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်မှုမျိုး သီးသန့်ထားနိုင်ဖို့အတွက် ခက်ခဲလေ့ရှိတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ပိုင်လွတ်လပ်မှုကို ဖန်တီးပေးနိုင်မယ့်အပြင်အဆင်မျိုးလေးတွေ ထပ်ပြီးထည့်ဖို့လိုအပ်လာပါတယ်။ တိုက်ဘေးကြားလမ်းမျိုး၊ ခြံဝင်းအဝင်ဂိတ်ပေါက်နေရာမျိုးတွေမှာ အကာအရံတွေနဲ့ ဒီလိုဒေါင်လိုက်ဥယျာဉ်လေးတွေသုံးပြီး ဖန်တီးနိုင်ပါသေးတယ်။

နေရာမကုန်ဘဲ စိုက်ပျိုးနိုင်ခြင်း
ဒေါင်လိုက်ဥယျာဉ်ရဲ့ အခြေံအကျဆုံးနဲ့ အကောင်းအဆုံးအားသာချက်လို့ ဆိုရမှာပါ။ နံရံလွတ်တွေမှာ ကပ်လျက်စိုက်ပျိုးထားရှိနိုင်ခြင်းကြောင့် နေထိုင်ရာအိမ်ထဲမှာပဲဖြစ်ဖြစ်၊ အိမ်အပြင်ဘက် ပတ်ဝန်းကျင်မှာပဲ ဖြစ်စေ နေရာအကျယ်အဝန်းကို ထိခိုက်စေတော့မှာမဟုတ်ပါဘူး။ နံရံမှာ အုတ်ချပ်သားတွေပေါ်အောင် ဖန်တီးပြီး အလယ်မှာမှ လေးထောင့်ပုံသစ်သားဘောင်ဖော်လို့ အတွင်းမှာမူ ဒေါင်လိုက်ဥယာဉ်ကို ဖန်တီးလိုက်ပါ။ လှပတဲ့သဘာဝပန်းချီကားတစ်ချပ်ကိုဖန်တီးထားရသလို စိတ်ကြည်းနူးကျေနပ်ဖွယ်ကောင်းမှာ အသေအချာပါပဲ။ စိတ်ကူးထဲကအတိုင်း နံရံကပ်သဘာဝပန်းချီကားချပ်မျိုး ဖြစ်စေချင်တယ်ဆိုရင်တော့ မီးဆလိုက်လေးတွေထိုးပြီး တခမ်းတနားအလှဆင်နိုင်ပါသေးတယ်။


အပင်လေးတွေကို ချစ်မြတ်နိုးခြင်းက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ စိတ်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်တာမို့လို့ နေရာလည်းမယူတဲ့ ဒေါင်လိုက်ပန်းဥယျာဉ်လေးကို အားတဲ့အချိန်လေးမှာ ဖန်တီးနိုင်ပါပြီနော်၊

.


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ဖြူစင်ခြင်းနှင့်အတူ နေထိုင်ခြင်း

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ

ရှေ့မျက်နှာစာ ဂမ္ဘီရပဒေသာ