ကမ္ဘာကျော် Disneyland မှလှပခမ်းနားရဲတိုက်ကြီးများ၏ မူလဖြစ်တည်ခဲ့ရာဂျာမနီရဲတိုက်ကြီး

တည်းဖြတ်သူ Myanmar Home and Decoration
ရေးသားသူ Home & Deco အဖွဲ့သားများ မှ
December 4, 2019 နေ့
ဆောင်းပါးများအခြားဆောင်းပါးများ ကဏ္ဍတွင်
ထည့်သွင်းရေးသားခဲ့သည်။

31

ကမ္ဘာတစ်ဝှမ်းက Disneyland အပန်းဖြေကစားကွင်းတွေရဲ့ အရှိန်အဝါတုနိုင်းမမီအောင် ကြီးကျယ်ခမ်းနားလှပါတယ်။ Disneyland ဆိုတာနဲ့ သူ့ရဲ့ကိုယ်ပိုင်သင်္ကေတအမှတ်တစ်ခုအနေနဲ့ စင်ဒရဲလားရဲတိုက်ကြီးကိုလည်းတပါတည်းတွဲပြီးမြင်ယောင်မိကြမှာအသေအချာပါပဲ။ Disney world နဲ့ Disneyland တည်ထောင်သူ Walt Disney က စင်ဒရဲလားနဲ့ Sleeping Beauty တို့ရဲ့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းတွေကိုဖန်တီးခဲ့ရာမှာဇာတ်ကောင်တွေနဲ့ လှပတဲ့ ဇာတ်ကြောင်းကိုထင်ဟပ်စေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ရဲတိုက်ကြီးတွေကိုဖန်တီးမှီငြမ်းခဲ့တဲ့ မူလဂျာမနီရဲတိုက်ကြီးရဲ့ နောက်ကွယ်ကစိတ်ဝင်စားဖွယ်သမိုင်းကြောင်းတစ်ချို့ကိုဒီကဏ္ဍလေးမှာဖော်ပြပေးလိုက်ရပါတယ်။

          Walt Disney နဲ့ ဇနီးဖြစ်သူ Lillian တို့  Disneyland ဆိုတာကိုအကောင်အထည် မဖော်ရသေးခင်  ဥရောပခရီးအလည်အပတ်ထွက်ခဲ့ရာမှာဂျာမနီနိုင်ငံအရှေ့တောင်ပိုင်း Bavaria ပြည်နယ်ကNeuschwansteinရဲတိုက်ကြီးကိုရောက်ရှိလာခဲ့ပါတယ်။ ရဲတိုက်ကြီးရဲ့တမူထူးခြားတဲ့အသွင်အပြင်တွေနဲ့ ရဲတိုက်ကြီးရဲ့ သမိုင်းကြောင်းရာတွေက Wait Disney တို့ကိုဖမ်းစားသွားခဲ့ပြီး Disneyland ရဲ့ခမ်းနားထည်ဝါတဲ့ ပုံရိပ်တစ်ခုအဖြစ် အသက်သွင်းဖို့ ဆုံးဖြတ်ဖြစ်သွားခဲ့တာဖြစ်ပါတယ်။ ယနေခေတ် Disneyland တွေမှာမပါမဖြစ်တဲ့ စင်ဒရဲလားရဲတိုက်ကြီးကဒီဂျာမနီရဲတိုက်ကြီးကိုအခြေခံချဲ့ကားဖန်တီးထားခဲ့တာဖြစ်ပြီးဒီမူလဂျာမနီရဲတိုက်ကြီးအဖြစ် ဖန်တီးအကောင်အထည်ဖော်ခဲ့သူကတော့ ၁၉ရာစုနှစ်ပိုင်းက ဂျာမနီနိုင်ငံ၊ Bavaria တောင်တန်းတွေတဝိုက်မှာအုပ်ချုပ်မင်းမူခဲ့တဲ့ King Ludwig II ပဲဖြစ်ပါတယ်။ ဂျာမနီရဲတိုက်ကြီးNeushansteinကို Bavaria ပြည်နယ်အနောက်တောင်ပိုင်း ၊ Hohenschwangကကျေးရွာအနီးတောင်ထွတ်တစ်ခုအပေါ်မှာ ၁၈၆၉ခုနှစ်က King Ludwig II က ရဲတိုက်ဟောင်းတစ်ခုရဲ့နေရာမှာပဲအသစ် ပြန်လည်တည်ဆောင်ထားခဲ့တာဖြစ်ပါတယ်။ အများနှင့်မတူထူးခြားတဲ့ စရိုက်နဲ့ King Luwig II ကရဲတိုက်တွေရဲ့အစဉ်အလာကိုဖောက်ထွက်ပြီးဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဒီရဲတိုက်ကြီးကိုဖန်တီးတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။ အစဉ်အလာတွေကနေလမ်းသစ်ဖောက်ထွက်နိုင်ခဲ့သူတွေအဖြစ် King Luwig II နဲ့ Walt Disney တို့မှာထူးခြားတဲ့ ထပ်တူညီမှုတွေရှိတယ်လို့လည်းမှတ်တမ်းတင်ထားခဲ့ကြပါတယ်။

          ရှေးခေတ်အဆက်ဆက် တည်ဆောက်ထားခဲ့သမျှရဲတိုက်ကြီးတွေကရန်သူကျူးကျော်မှုကိုခုခံကာကွယ်ဖို့ရည်ရွယ်ချက်တွေနဲ့ သာတည်ဆောက်ခဲ့ကြတာဖြစ်ပြီးစိတ်ကူးယဉ်အချစ်ဇာတ်လမ်းတွေနဲ့ လားလားမျှမသက်ဆိုင်တဲ့ ကြောက်ခမန်းလိလိစစ်သုံးအဆောက်အဦးကြီးတွေသက်သက်သာဖြစ်ခဲ့ပါတယ်။ ဘုရင်ရဲ့နန်းတော်နဲ့ ပြည်သူတွေရှိရာမြို့များကိုအခြားရန်သူတွေတိုက်ခိုက်လာကြတဲ့အခါ ကာကွယ်ဖို့ အတွက်အသုံးပြုခဲ့ကြတာမို့ ရဲတိုက်ကြီးတွေရဲ့အပြင်အဆင်ကဘုရင့်နန်းတော်လိုမျိုးကျယ်သရေရှိရှိတင့်တင့်  တယ်တယ် လှပခမ်းနားတာမျိုးမဟုတ်ဘဲထုထည်ကြီးမားပြီးထောင့်ကျကျ မြင့်မားတဲ့ အုတ်နံရံကြီးတွေ၊ ပြအိုးမျှော်စင်တွေနဲ့ ရန်သူတွေကိုအလွယ်တကူချဉ်းကပ်မလာရဲအောင် ခြောက်လှန့်ထားတဲ့ အသွင်အပြင်မျိုးနဲ့ပဲဆောက်လုပ်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ခုခံကာကွယ်မှုအတွက် အသုံးပြုတဲ့ အ ဆောက်အဦးဖြစ်တာမို့ ပြတင်းပေါက်တွေလည်းများများစားစားမပါတတ်တာရဲတိုက်တွေရဲ့ သဘောတရားပဲဖြစ်ပါတယ်။ ဒါပေမယ့် King Ludwig II ကတော့ ရဲတိုက်ရဲ့အစဉ်အလာအတိုင်းမဟုတ်ဘဲသစ်လွင်ခမ်းနားတဲ့ စိတ်ကူးယဉ်ဆန်ဆန် ပုံစံအသွင်အပြင်မျိုးဖြစ်အောင်ထူးခြားတဲ့ ဗိသုကာပုံစံတွေနဲ့ ထည်ဝါခမ်းနားတဲ့အသွင်သစ်ပုံစံအကောင်အထည်ဖော်တည်တောက်သွားခဲ့တာဖြစ်ပါတယ်။ King Ludwig II ရဲ့ ရဲတိုက်ကြီးမှာတော့ သာမန်ရဲတိုက် အသွင်မျိုးတွေကနေခွဲထွက်ပြီးထောင့်ကျကျ ပြအိုးမျှော်စင်တစ်ခုကလွဲရင်ကျန်တဲ့မျှော်စင်တွေအားလုံးကိုအလုံးအဝန်းသဏ္ဍာန်ဖန်တီးထားခဲ့တာဖြစ်ပါတယ်။ ရဲတိုက်ရဲ့အဆင် အပြင်ထူးခြားလှပသွားစေဖို့အတွက် အရောင်းအဆင်းကိုလည်းဖြူလွလွဆေးခြယ်ထားပြီးစိတ်ကူးယဉ် ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ခံစားချက်မျိုးရရှိစေဖို့အတွက် ပြတင်းပေါက်တွေကိုလည်းအများအပြားထည့် သွင်းဖန်တီးထားခဲ့တာဖြစ်ပါတယ်။

          ခေတ်သစ်ဂေါ့သစ်ဗိသုကာလက်ရာအချို့ ပေါင်းစပ်ပါဝင်နေသော်ငြားလည်းစိတ်ကူးယဉ်ဆန်အပြင် အဆင်တွေနဲ့ ထုံမွှမ်းခမ်းနားတဲ့ ရဲတိုက်ကြီးအဖြစ်ဖန်တီးထားခဲ့တာမို့     Neuschansteinရဲတိုက်ကြီးကို Romanesque လို့လည်းခေါ်ဝေါ်ကြပါတယ်။ ပရပ်ရှားစစ်တပ်နဲ့တိုက်ပြီးစစ်ရှုံးလာခဲ့တဲ့နောက် King Ludwig က ကျန်ရှိနေသေးတဲ့ သူပိုင်နယ်ပယ်တွေထဲမှာနောက်နောင် အလားတူစစ်ရှုံးမှုတွေနဲ့ အကြုံရစေအောင် ရဲတိုက်ကြီးတွေအများအပြားလိုက်လံဆောက်လုပ်ခဲ့တာမှာဒီNeuschansteinရဲတိုက်ကိုတော့ စစ်ရေးအတွက် ရည်မှန်းချက်နဲ့ တည်ဆောက်ခဲ့တာမဟုတ်ဘဲရဲတိုက်တည်ရှိရာဘေးပတ်ဝန်းကျင် ရှုခင်းအလှအပတွေကနတ်ဘုံနတ်နန်းသဖွယ်ရင်သပ်ရှုမောဖွယ်ကောင်းလွန်နေတာမို့ လွတ်လပ်ပေါ့ပါးစွာစိတ်ကူးယဉ်နိုင်မယ့်ခမ်းနားလှပတဲ့ အဆောက်အအုံကြီးအဖြစ် ဖန်တီးဆောက်လုပ် ထားခဲ့တာဖြစ်ပါတယ်။ ရဲတိုက်ကြီးကိုစိတ်ကြိုက်ပြန်လည်တည်ဆောက်ဖို့ရာစိတ်လှုပ်ရှားနေခဲ့ရတဲ့ အကြောင်းကို ၎င်းရဲ့အနှစ် သက်ဆုံးဂီတဆရာ Richard Wagner ကိုပင် ကဗျာဆန်ဆန် စာရေးသားပေးပို့ခဲ့ပါသေးတယ်။

          ခေတ်ဟောင်းဂျာမနီသူရဲကောင်းကြီးတွေရဲ့ ရဲတိုက်ကြီးထဲမှာရောက်နေပေမယ့် ဘယ်နေရာကပ်ကြည့်ကြည့် ရှုမျှော်ခင်းတွေကလှပလွန်းနေလို့ နတ်ဘုံဗိမာန်ထဲရောက်နေသလိုစိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် ခံစားနေရပါတယ်။ ဒီရဲတိုက်အိုကြီးကိုပြန်ပြီးစိတ်တိုင်းကျပြင်ဆင်မွမ်းမံဖို့စိတ်ကူးနေပါတယ်လ့ို Richard Wagner ထံလိပ်မှုရေးသားတဲ့စာထဲမှာKing Ludwig II က ရေးသားသွားခဲ့ပါသေးတယ်။ Black Forest လို့ခေါ်တဲ့အနက်ရောင်သစ်တောနဲ့ ဂျာမန်တောင်တန်းဆုံရာထူးခြားလှပတဲ့တောင်ထွတ်ပေါ်မှာဒီရဲတိုက်ကြီးတည်ရှိနေခဲ့တာဖြစ်ပြီးပြင်ဆင်တည်ဆောက်တဲ့ အချိန်ရဲတိုက်ရဲ့ နောက်ဘက်တစ်နေရာမှာမိခင်ဖြစ်သူ Queen Mary ကိုရည်စူးပြီးသာယာလှပတဲ့ Queen Mary တံတားလေးတစ်စင်းကိုပါ King Ludwig II က တည်ဆောက်ပေးထားခဲ့ပါတယ်။

King Luwig II က ဂျာမနီနိုင်ငံမြူးနစ်ချ်မြို့ကိုပြန်လည်တည်ထောင်ပေးခဲ့သူဖြစ်တဲ့ King Ludwig I ရဲ့ မြေးတော်လည်းဖြစ်တာမို့ ဗိသုကာဖန်တီးမှုတွေမှာမျိုးရိုးအမွေကိုဆက်ခံနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ အသက်၁၈နှစ် အရွယ်မှာပင် ထီးနန်းလွှဲပြောင်းရယူနိုင်ခဲ့ပြီးငယ်ငယ်ရွယ်ရွယ်မှာပဲဘုရင်တစ်ပါးဖြစ်လာခဲ့တာနဲ့ အညီထီးသုံးနန်းသုံးအစဉ်အလာတွေကနေသွေဖယ်ပြီးဘုရင်တစ်ဦးရဲ့ အာဏာလွှမ်းမိုးမှုခိုင်မြဲစေရေးဆိုတာထက် ချစ်ခြင်းမေတ္တာအရင်းခံတဲ့ စိတ်ကူးယဉ်ဆန်ဆန်၊ ကဗျာဆန်ဆန် အနုအရွ အလှအပတွေပါရှိတဲ့ ကဗျာစာပေးနဲ့ ပြဇာတ်စာပေတွေကိုလေ့လာဆည်းပူးဖို့ ပိုမိုအားသန်ခဲ့သူလည်းဖြစ်ပါတယ်။ ၁၈၈၆ ခုနှစ် ဇွန်လ ၁ဝရက်မှာတော့ ဂျာမနီတစ်နိုင်ငံလုံးရဲ့ အစိုးရကော် မရှင်အဖွဲ့ကနေ King Luwig II ကိုထီးနန်းစွန့်လွှတ်ဖို့ ဖိအားပေးလာခဲ့ပါတယ်။ ရဲတိုက်တွေအများအပြားဆောက်လုပ်ခဲ့တဲ့အတွက် ၎င်းအုပ်ချုပ်ရာနယ်ပယ်အတွင်းမှာဘဏ္ဍာငွေသုံးစွဲမှုမြင့်မားလာခဲ့ပြီးနိုင်ငံတော်ဘဏ္ဍာငွေကုန်ခမ်းလာစေမှုအတွက် အစိုးရကော်မရှင်က King Ludwig II နေရာမှာအခြားအုပ်ချုပ်သူတစ်ဦးကိုအစာထိုးဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဘဏ္ဍာငွေကုန်ကျမှုစာရင်းအစီရင်ခံစာတွေကိုအတိုင်ပင်ခံအမတ်တွေဆီကကြားသိခွင့် ပင်မရလိုက်ပဲKingLudwig II ဖမ်းချုပ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါ့ပြင် စစ်ဆေးမေးမြန်းမှုတစုံတရာမှမလုပ်ဘဲဘုရင်ကအရူးအနှမ်းဖြစ်နေတဲ့အကြောင်းတိုင်သိပြည်သိအောင် ကြေညာခံလိုက်ရပါတယ်။ ထူးခြားတဲ့ အတွေးအခေါ်တွေနဲ့ သူမတူတဲ့ ဗိသုကာလက်ရာတွေကိုငွေကုန်ကြေးကျခံတည်ဆောက်နေတဲ့ အချက်နဲ့ပဲ King Ludwig II ကိုအရူးအနှမ်းအဖြစ်ကြေညာလို့ နန်းချလိုက်ကြတာဖြစ်ပါတယ်။

          ဖမ်းဆီးခံရပြီးသုံးရက်အကြာမှာပဲနန်းကျဘုရင် Ludwig II နဲ့ ၎င်းကိုရှုးနှမ်းသူအဖြစ် တာဝန်ယူကြေညာပေးခဲ့တဲ့ ဒေါက်တာ Bernhard von Guddenတို့ ညနေခင်းလမ်းလျှောက်ထွက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကိုနောက်ဆုံးမြင်တွေ့ခဲ့တဲ့အချိန်က ညနေ၆ နာရီခွဲဝန်းကျင်ဖြစ်ပြီး  ည၈နာရီအချိန်ထိ သူတို့နှစ်ဦးပြန်မရောက်လာခဲ့ကြတော့ပါဘူး။ သုံးနာရီကြာရှာဖွေခဲ့ပြီးတော့မှသူတို့လမ်းလျှောက်ထွက်ခဲ့ရာနေရာအနီးရေကန်တစ်ခုထဲမှာနှစ်ဦးသားသေဆုံးနေခဲ့ကြတာကိုတွေ့ရှိလိုကိကြတာဖြစ်ပါတယ်။

          ဒေါက်တာရဲ့လည်ပင်းမှလက်နဲ့ဖိညှစ်ထားခဲ့တဲ့အရာတွေကိုစစ်ဆေးတွေ့ရှိခဲ့တာကြောင့် Ludwig II ကဒေါက်တာ Bernhard ကိုသတ်ပစ်ခဲ့ပြီးကိုယ့်ကိုယ်ကိုရေထဲခုန်ချအဆုံးစီရင်ခဲ့တာလို့ ယူဆစရာဖြစ်ခဲ့ပါတယ်။ စစ်ဆေးရေးအဖွဲ့ရဲ့ အတိအလင်းကြေညာမှုမှာတော့ Ludwig II ဟာရေနစ်သေဆုံးခဲ့တာလို့ ဖော်ပြခဲ့ပေမယ့် Ludwig II က ရေကူးကျွမ်းကျင်သူတစ်ဦးမို့မယုံကြည်နိုင်စရာဖြစ်ခဲ့ပါတယ်။ စစ်ဆေးရေးအဖွဲ့ထဲကပဲသတင်းပေါက်ကြားမှုတွေမှာတော့ သူရဲ့အဆုတ်ထဲမှာရေစရေနတောင် ရှာမတွေ့ခဲ့ဘူးလို့ ဆိုတာကြောင့် King Ludwig II ရဲ့သေဆုံးမမှုက  လျှို့ဝှက်မှုတွေနဲ့သာပြည့်နှက်နေခဲ့ပါတယ်။

King Ludwig II နတ်ရွာစံကွယ်လွန်တဲ့အချိန်မှာNeuschansteinရဲတိုက်ကြီးတည်ဆောက်မှုကလုံးဝမပြီးမစီးသေးပါဘူး။ တည်ဆောက်ဆဲကာလမှာပဲ King Ludwig က ဒီရဲတိုက်ကြီးမှာလာရောက်နေထိုင်သွားခဲ့ပြီးရဲတိုက်မှာနေထိုင်နိုင်ခဲ့တဲ့ ရက်ပေါင်း ၁၇၂ ရက်သာရှိခဲ့ပါတယ်။ နောက်ထပ်ထူးခြားတာကတော့ Neuschansteinရဲတိုက်ကြီးကို King Ludwig နတ်ရွာစံပြီးတစ်လခွဲအကြာ ၁၈၈၆ခုနှစ် သြဂုတ်လ ၁ရက်မှာပဲ အများပြည်သူဝင်ရောက်လေ့လာနိုင်တဲ့နေရာအဖြစ် စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီးယနေ့အချိန်ထိဒီရဲတိုက်ကြီးကိုလာရောက်လည်ပတ်သူစုစုပေါင်းသန်း ၅၀ကျော်သွားခဲ့ပြီလို့ သမိုင်းမှတ်တမ်းတွေအရသိရပါတယ်။ ထာဝရပျော်ရွှင်စွာအတူနေထိင်သွားကြလေသတည်းလို့ဆိုတဲ့ Disney ဇာတ်ကားတွေလိုမျိုးလှပတဲ့ အဆုံးသတ်ကိုတော့ King Ludwig ပိုင်ဆိုင်ခွင့်မရနိုင်ခဲ့ပေမယ့် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီးအိမ်မက်ဆန်ဆန်အလှအပတွေကိုထွေးပိုက်ဖို့ကြိုးပမ်းခဲ့သူ King Ludwig ရဲ့ စိတ်ကူးယဉ်မှုတွေကို Disneyland အမှတ်သင်္ကေတရဲတိုက်ကြီးအဖြစ် Walt Disney က ပြန်လည်အသက်သွင်းဖန်တီးပေးကာယနေ့ချိန်ထိဆက်လက်ရှင်သန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။ Neuschwansteinရဲတိုက်ကြီး က Walt Disney ရဲ့ စိတ်အစဉ်ကိုဖမ်းစားသွားနိုင်ခဲ့သလိုဒီရဲတိုက်ကြီးကနေပြန်လည်အသက်သွင်းဖန်တီးထားတဲ့ Disneyland ရဲတိုက်ကြီးကလည်းကမ္ဘာတဝန်းလုံးကလူတိုင်းလူတိုင်းရဲ့ အသည်းနှလုံးကိုယနေ့ချိန်ထိဖမ်းစားထားနိုင်နေဆဲပဲဖြစ်ပါတော့တယ်။


Download eBook version as a FREE!


ဆက်စပ်ဆောင်းပါးများ

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

တိုက်ခန်းများအတွက် ဖုန်းရွှေ (အပိုင်း ၁)

သမိုင်းထဲက အတွင်းဝန်ရုံး

သမိုင်းထဲက အတွင်းဝန်ရုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဒေါင်းနင်းလမ်းက နာမည်ကျော်အိမ်တစ်လုံး

ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

ဆရာဇင်ယော်နီပြောပြတဲ့ “လာဘ်ပိတ်နိမိတ် ကြုံလာရင် လာဘ်ပွင့်အောင် ဘယ်လိုလုပ်ရမလဲ”

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်

ကိုယ့်အိမ်မှာပဲ ကိုယ်ပိုင်အားကစားခန်းမလေး ဖန်တီးကြမယ်